ကျောက်ကြီး – ဩဂုတ်(၈)
ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေကိုလာရောက်ပစ်ခတ်ခဲ့တဲ့ လေယာဉ်ကို KNLA တပ်ရင်း(၉) က ပြန်လည်ပစ်ခတ်ခဲ့တဲ့အတွက် စက်ချို့ယွင်းပြီး ကညင်ကျိုးကျေးရွာ စာသင်ကျောင်း ဝန်းအတွင်းကို အမြန်ဆင်းသက်ခဲ့ရတယ်လို့ KNU က သတင်းထုတ်ပြန်ထားပါတယ်။
ဒီနေ့ ဩဂုတ်လ(၈) ရက်နေ့ မနက်(၁၀) နာရီကျော်က အာဏာသိမ်းစစ်ကောင်စီက KNU စီမံအုပ်ချုပ် နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ကို လာရောက်ပစ်ခတ်ခဲ့တာပါ။ စစ်ကောင်စီက ကျောက်ကြီးမြို့နယ် ပဲသောင်ကျေးရွာ စာသင်ကျောင်းအနီးတဝိုက်မှာ (၅) ကြိမ်ပစ်ခတ်ခဲ့ပြီး အဲ့ဒီပစ်ခတ်မှုမှာ သစ်ပင်တွေကိုသာ ထိခိုက်ပျက်စီးစေခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လေကြောင်းတိုက်ခိုက်မှု မလုပ်ဆောင်ခင် ဩဂုတ်လ(၇) ရက်နေ့ ညနေ(၄) နာရီလောက်ကလည်း အာဏာသိမ်းစစ်ကောင်စီက ဒိုးဒါးတာစုံက လွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း(၉) နဲ့ ထိပ်တိုက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တာဟာ လိန်ပင်ကျေးရွာနဲ့ ပဲသောင်ကျေးရွာမှာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေကို မသိရသေးပါဘူး။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာနဲ့ နီးစပ်တဲ့ ကျေးရွာတွေဖြစ်တဲ့ ပဲသောင်၊လိန်ပင်၊ကျောက်စရစ်၊ သောင်ပု၊ အင်တိုင်းကုန်နဲ့ တောကြောင်ပေါက် စတဲ့ ကျေးရွာတွေက ပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
စစ်ကောင်စီနဲ့ ဖြစ်ပွားခဲ့တဲ့ မြေပြင်တိုက်ပွဲနဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ KNLA တပ်ရင်းဘက်က ထိခိုက်ကျဆုံးမရှိခဲ့ဘူးလို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

