မော်လမြိုင် – ဩဂုတ်(၈)
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ မြန်မာ့နွေဦးတော်လှန်ရေးမှာ ပြည်သူတွေနဲ့အတူ စစ်အာဏာရှင်စနစ်အမြစ်ပြတ်တဲ့အထိတိုက်ထုတ်သွားမယ်လို့ ကတိပြု လိုက် ပါတယ်။
ဒီနေ့ ဩဂုတ်လ(၈) ရက်နေ့ (၈၈၈၈) အရေးတော်ပုံ (၃၄) နှစ်ပြည့်အထိမ်းအမှတ် ကတိသစ္စာ ဆိုပြီး ထုတ်ပြန်ထားတာပါ။ “ကျွန်ုပ်တို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း မြန်မာ့ နွေဦးတော်လှန်ရေးအတွက် ပြည်သူများနှင့်အတူ စစ်အာဏာရှင်စနစ်မုချအမြစ်ပြတ်သည်အထိ လက်တွဲညီညီတိုက်ထုတ်သွားမယ်ဟု ရှစ်လေးလုံးအရေးတော်ပုံနှင့် အာဏာရှင်တော်လှန်ရေး အရေးတော်ပုံ အဆက်ဆက်တွင်အသက်၊သွေး၊ချွေး၊ဘဝများကိုရင်းနှီးပေးဆပ်ခဲ့ကြသည့် အာဇာနည်သူရဲကောင်းများအားလုံးကို တိုင်တည်လျက် ကတိသစ္စာပြုအပ်ပါသည်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရှစ်လေးလုံး အရေးတော်ပုံမှာ တစ်ပါတီအာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ခဲ့ကြတဲ့ ရဟန်း ရှင်လူပြည်သူတွေရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်တွေကို လက်ဆင့်ကမ်းသယ်ဆောင်ရင်း မပြီး ပြတ် သေးတဲ့ အာဏာရှင်မျိုးဆက်ကို ရဲရဲဝံ့ဝံ့ ဆက်လက်တော်လှန်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်

