တိုင်ပေ၊ မတ် ၃

ထိုင်ဝမ်နိုင်ငံမှ ယူကရိန်းနိုင်ငံသို့ ဆေးပစ္စည်း အထောက်အပံ့ ၂၇တန်ကိုပေးပို့ခဲ့ပြီး နိုင်ငံတကာ အသိုက်အဝန်းအတွင်းက ဒီမိုကရက်တစ်အစုအဝေး၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံသို့ ကူညီပေးအပ်မှုအဖြစ် ချဲ့ထွင်ဆောင်ရွက်ခြင်းဖြစ်သည် ဟု ထိုင်ဝမ်အစိုးရမှ မတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထိုင်ဝမ်နိုင်ငံသည် ယူကရိန်းသို့ ကျူးကျော်ဝင်ရောက်ခဲ့သည့် ရုရှားနိုင်ငံအပေါ် ပိတ်ဆို့ကန့်သတ်မှုများ ဆောင်ရွက် နေသည့် အနောက်နိုင်ငံမဟာမိတ်များထံသို့ ပါဝင်ခဲ့သည်။

ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ အထောက်အပံ့များသည် တနင်္လာနေ့ညပိုင်းအတွင်း ဖရန့်ဖွတ်မြို့သို့ သွားရောက်မည့် လေယာဉ်နှင့် ပို့ဆောင်ခဲ့ပြီး သင့်တော်ရာ လမ်းကြောင်းများမှတဆင့် ယူကရိန်းသို့ ပေးပို့ သွားမည်ဖြစ်သည်။

နိုင်ငံတကာ ဒီမိုကရက်တစ် အသိုင်းအဝိုင်း၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် ထိုင်ဝမ်သည် “ထိုင်ဝမ် ကူညီနိုင်သည်” ဟူသော စိတ်ဓါတ်ဖြင့် ယူကရိန်းအတွင်း အရေးပေါ်လိုအပ်နေသော ဆေးဝါးအကူအညီကို အချိန်မီ ထောက်ပံ့ပေး ခြင်းဖြစ်သည် ဟု ၎င်းထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် ထိုင်ဝမ်အား ၎င်း၏ အချုပ်အခြာအာဏာပိုင် နယ်နိမိတ်အဖြစ် ကြေ ငြာထားသော်လည်း ယူကရိန်းအတွက် တစုံတရာသော လူသားချင်းစာနာထောက်ထားမှု အကူအညီများအတွက် ကြေ ငြာထုတ်ပြန်ခြင်း မရှိသေးပါ။

ကုလအေဂျင်စီ အကြီးအကဲ၏ တနင်္လာနေ့ ပြောကြားချက်အရ ယမန်သီတင်းပတ် ရုရှားကျူးကျော်စစ်စတင်ချိန် ကတည်းက လူဦးရေ ငါးသိန်း ကျော်သည် အိမ်နီးချင်းနိုင်ငံများအတွင်းသို့ ယူကရိန်းမှ စွန့်ခွာထွက်ပြေးခဲ့ကြပြီးဟု သိရသည်။

ဥရောပသမဂ္ဂ၏ ပြောကြားချက်အရ စစ်ပွဲသည် လူဦးရေ ၇သန်းခန့်ကို နေရာပြောင်းရွှေ့စေခဲ့ပြီးဟု ပါရှိသည်။

ဘာသာပြန် -အောင်မျိုးမြတ်

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.