ရုံးပြန်တက်တဲ့ CDM ဝန်ထမ်းတွေကို ဌာနဆိုင်ရာအကြီးအကဲတွေက အရေးယူ

0
11161

မော်လမြိုင် ၊ မတ် (၂၃)

CDM မှာ ပါဝင်ခဲ့တဲ့ ဝန်ထမ်းတချို့ စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုကြောင့် ရုံးပြန်တက်ပေမယ့် ဌာနဆိုင်ရာ အကြီးအကဲတွေက စွဲချက်တင်ပြီး အရေးယူမှုတွေ ပြုလုပ်နေတယ်လို့ ရုံးပြန်တက်နေတဲ့ ဝန်ထမ်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မွန်ပြည်နယ်က ဌာနဆိုင်ရာဝန်ထမ်းအများစုဟာ အကြမ်းမဖက် အာဏာဖီဆန်တဲ့ လှုပ်ရှားမှု CDM မှာ ပါဝင်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်နေကြတာပါ။

အဲ့ဒီလို CDM မှာ ပါဝင်နေတဲ့ဝန်ထမ်းတွေကို မတ်လ (၂၃)ရက်နေ့ မတိုင်ခင် ရုံးပြန်တက်ဖို့ စစ်ကောင်စီက ဖိအားပေး ခြိမ်းခြောက်ခဲ့တာပါ။

ဒါကြောင့် ဝန်ထမ်းအချို့ကတော့ မတ်လ (၂၃)ရက်နေ့ မတိုင်ခင်မှာ သက်ဆိုင်ရာဌာနမှာ ရုံးပြန်တက်ပြီး လုပ်ငန်းတာဝန်တွေ ထမ်းဆောင်ခဲ့ကြပါတယ်။

CDM ဝန်ထမ်းတွေ ရုံးပြန်တက်ရင် အရေးမယူဘူးလို့ စစ်ကောင်စီက ထုတ်ပြန်ကြေညာထားပေမယ့် ဌာနဆိုင်ရာ အကြီးအကဲတွေကတော့ စွဲချက်တင်ပြီး အရေးယူဖို့ စီစဉ်နေတယ်လို့ ရုံးပြန်တက်နေတဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဝန်ထမ်းတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

” CDM လုပ်လို့ဆိုပြီး အကြောင်းကြားစာတွေ ၂ ခါပို့တယ်၊ ရုံးပြန်တက်ဖို့၊ ရုံးမတက်ရင် ဖမ်းဆီးမယ်၊ အရေးယူမယ်၊ နောက်ဆုံးမိသားစုဝင်တွေကိုပါ ခြိမ်းခြောက်မှုတွေလည်း ရှိလာတော့ ကျွန်မရုံးပြန်တက်ဖို့ ဆုံးဖြတ်ခဲ့တယ်၊ ဒါပေမယ့် ရုံးတက်ပေမယ့် ရုံးကလူကြီးတွေက နားလည်မှု‌မပေးဘူး၊ နည်းဥပဒေ ၁၉၅(ဂ)အရ စွဲချက်တင်ပြီး ဌာနဆိုင်ရာစုံးစမ်းစစ်ဆေးရေးအဖွဲ့တွေဖွဲ့ပြီး စစ်ဆေးအရေးယူပြီး အပြစ်ပေးဖို့ လုပ်နေကြတယ်၊ ဘာမှမထူးဘူး”လို့ အဆိုပါဝန်ထမ်းက ပြောပါတယ်။

အခုလို ရုံးပြန်တက်ပေမယ့် ဌာနတွင်းအရေးယူမှုတွေ ရှိနေတာကြောင့် အချို့ဝန်ထမ်းတွေကတော့ နှုတ်ထွက်စာ တင်ထားတယ်လို့ ဆိုပါတယ်။

” ရုံးပြန်မတက်နဲ့ တက်တာနဲ့ သူတို့အပြစ်ရှာပြီး အရေးယူမှာ သေချာတယ်၊ ကျွန်မတောင်မှ မိသားစုဝင်တွေကို ထိခိုက်မှုရှိမှာဆိုးတဲ့ စိုးရိမ်စိတ်ကြောင့် ရုံးတက်ခဲ့ပေမယ့် သူတို့ဒီလိုလုပ်တော့ ရုံးကနေ နုတ်ထွက်စာတင်ထားတယ်။တခါတလေကျရင် ဝန်ထမ်းဘဝက CDM လုပ်လဲခံရ၊ မလုပ်လဲ ခံရ၊ ဘာပဲဖြစ်ဖြစ် စစ်အစိုးရအောက်တော့ တာဝန်မထမ်းဆောင်ချင်ပါဘူး”လို့ ဝန်ထမ်းအချို့က ပြောပါတယ်။

အခုလို အခြေအနေတွေကြောင့် CDM မှာ ပါဝင်နေတဲ့ ဝန်ထမ်းတွေ ရုံးပြန်တက်ရင်လည်း အပြစ်ပေး အရေးယူခံရမှာမို့ ရုံးမတက်ဘဲ CDM မှာ ဆက်လက်ပါဝင်ဖို့  ရုံးပြန်တက်နေတဲ့ ဝန်ထမ်းတွေက တိုက်တွန်းလိုက်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်အများစုနှင့် ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကတော့ ဝန်ထမ်းတွေ CDM မှာ ဆက်လက်ပါဝင်ပေးဖို့နှင့် အလုပ်အကိုင် ဆုံးရှုံးနစ်နာမှုတွေရှိရင် ပြည်သူ့အစိုးရ အာဏာရချိန်မှာ ပြန်လည်ကုစားပေးမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.