CDM ဝန်ထမ်းတွေကို ဖိအားပေး ခြိမ်းခြောက်တဲ့အပေါ် မော်လမြိုင်တက္ကသိုလ် ကျောင်းသားသမဂ္ဂကန့်ကွက်

0
10305

မော်လမြိုင် ၊ မတ် (၂၂)

CDM မှာ ပါဝင်နေတဲ့ ဆရာ ဆရာမတွေ ကို ဖိအားပေး ခြိမ်းခြောက်ပြီး ရုံးပြန်တက်ဖို့ ညွှန်ကြားနေတဲ့အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့ မော်လမြိုင်တက္ကသိုလ်ကျောင်းသားသမဂ္ဂက မနေ့ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။

မော်လမြိုင်တက္ကသိုလ် မေဂျာအသီးသီးက ဆရာ ဆရာမ အများစုဟာ အကြမ်းမဖက် အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်နေကြတာ ဖြစ်ပါတယ်။

အဲ့ဒီလို ပါဝင်သူတွေကို ဖိအားပေး ခြိမ်းခြောက်ပြီး မတ်လ (၂၂) ရက်နေ့မှာ ရုံးပြန်တက်ဖို့ ညွှန်ကြားမှုတွေ ရှိနေတဲ့အတွက် အခုလို ကန့်ကွက်ရတာလို့ မော်လမြိုင်တက္ကသိုလ်ကျောင်းသား သမဂ္ဂက ဆိုပါတယ်။

“ထုတ်ပြန်ချက် ထုတ်ရတဲ့အကြောင်းကတော့ အရင်ကတော့ စစချင်းမှာတော့ CDM မလုပ်တဲ့ ဆရာ၊ ဆရာမတွေ များတယ်ပေါ့နော်။ သို့ပေမယ့်လည်း အခု CDM လုပ်တဲ့ ဆရာမတွေက များလာတယ်။ ဖိအားပေးတာမျိုးတွေ လုပ်တယ်။ ဆရာမတွေကို အတင်းလက်မှတ်ထိုးခိုင်းတာ တွေလုပ်တယ်။ အဲဒါတွေကြောင့်ပါ”လို့ ကျောင်းသားသမဂ္ဂ ဥက္ကဌ မင်းသံစဉ်ဦးက ဆိုပါတယ်။

ဒါ့အပြင် ဖိအားပေ ခြိမ်းခြောက်တဲ့ တက္ကသိုလ်က ပါမောက္ခ ၊ ဌာနမှူးတွေကိုလည်း ဆက်လုပ်နေမယ်ဆိုရင် ကျောင်းသားထုက ထိုက်သင့်တဲ့ အပြစ်ပေးမှုတွေကို လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

အကြမ်းမဖက် အာဏာဖီဆန်တဲ့ လှုပ်ရှားမှု CDM မှာ ပါဝင်သူတွေကို ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ် ချီးမြင့်မှာဖြစ်ပြီး ဆုံးရှုံးနစ်နာမှုတွေအတွက် ပြန်လည်ကုစားပေးမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ထုတ်ပြန်ထားပါတယ်။

CDM မှာ မပါဝင်သေးတဲ့ ဝန်ထမ်းတွေကတော့ မတ်လ (၃၁)ရက်နေ့ နောက်ဆုံးထား ပါဝင်ရမှာဖြစ်ပြီး ဆက်လက် ရုံးတက်နေမယ်ဆိုရင် အပြစ်ပေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော်က မနေ့ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.