စစ်ကောင်စီကခန့်သည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို အများပြည်သူ လက်မခံ

0
9393

မော်လမြိုင် ၊ မတ် (၉)

မော်လမြိုင်မြို့နယ်အတွင်းက အချို့ရပ်ကွက်တွေမှာ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ကန့်ကွက်ကြောင်း ရပ်ကွက်နေပြည်သူတွေက ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

မြိုင်သာယာရပ်ကွက် ၊ သီရိမြိုင်ရပ်ကွက်နဲ့ မြေနီကုန်းရပ်ကွက်နေ ပြည်သူတွေက ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။

အခုလို ကန့်ကွက်ရာမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးတွေကို ပိတ်ထားတာတွေ ၊ ရပ်ကွက်နေပြည်သူတွေက ကိုယ်ပိုင်အုပ်ချုပ်မယ်ဆိုပြီး ကြေညာတာတွေကို လုပ်ဆောင်ခဲ့တာကြတာပါ။

အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်နေချိန်မှာ ကောင်စီကပေးသော ရာထူးယူတဲ့ မည်သူမဆို အဆုံးထိ ဆန့်ကျင်ကန့်ကွက်သွားမယ်လို့ မြိုင်သာယာရပ်ကွက်အတွင်း နေထိုင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

 “ရာထူးအာဏာရဖို့အတွက်နဲ့ ဒီလောက်လူတွေ ပြည်သူတွေ အသက်ပေးပြီး ပေး‌ဆပ်နေတာကို မြင်ရဲ့သားနဲ့ ဒီရာထူးနေရာအတွက် ခုံပေါ်မှာ တက်ထိုင်ရဲတယ်ဆို ထိုင်ကြည့်ပါ ကျွန်တော်တို့ လက်မခံပါဘူး။ အဆုံးထိ ကန့်ကွက်သွားမှာပါ”လို့ ဆိုပါတယ်။

သီရိမြိုင်ရပ်ကွက်အတွင်း နေထိုင်သူတွေကလည်း အုပ်ချုပ်ရေးမှူးအဖြစ် ရပ်ကွက်က ရွေးချယ်ထားသူမဟုတ်ဘဲ စစ်ကောင်စီက ခန့်အပ်ထားသူရှိရင် လုံးဝ လက်ခံမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“ကျွန်တော်တို့ရပ်ကွက်ထဲက လူတွေ ရွေးချယ်တင်မြောက်ထားတဲ့လူ မဟုတ်ဘဲနဲ့ စစ်ကောင်စီက ခန့်အပ်တဲ့ ရာထူးအာဏာကို လက်ခံပြီးတော့ ရပ်ကွက်က ထိုင်ခုံမှာ ဝင်အုပ်ချုပ်မယ်ဆိုတဲ့သူ မည်သူမဆို တစ်ဦးတစ်ယောက်မှ လက်မခံပါဘူး”လို့ ပြောပါတယ်။

အလားတူ စစ်ကဲကုန်းရပ်ကွက်တွင်လည်း စစ်ကောင်စီက ရွေးချယ်ထားတဲ့ အုပ်ချုပ်ရေးမှူးကို လက်မခံကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ရပ်ကွက်နေပြည်သူတွေက ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

“အရင် ပြည်သူရွေးချယ်တဲ့ အုပ်ချုပ်ရေးမှူးကိုပဲ လိုလားတယ်။ လက်ခံနိုင်မယ်။ စစ်ကောင်စီအုပ်ချုပ်နေသရွေ့ ဘယ်အုပ်ချုပ်ရေးမှူးမှ လက်မခံနိုင်ပါဘူး”လို့ စစ်ကဲကုန်းရပ်ကွက်နေ ပြည်သူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်ရှိ စစ်ကောင်စီကခန့်ထားတဲ့ မြိုင်သာယာရပ်ကွက်အုပ်ချုပ်ရေးမှူးကတော့ တာဝန်ပေးလို့ လုပ်ဆောင်ရတာဖြစ်ပြီး ရပ်ကွက်အေးချမ်းသာယာရေးအတွက် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။

“ဦးတို့ကိုလည်း တာဝန်ပေးတဲ့အတွက် ရပ်ကွက်လုံခြုံအောင် အေးချမ်းအောင် လုပ်သင့်လုပ်ထိုက်တာ လုပ်ရတာပေါ့။ ရပ်ကွက်လုံခြုံအေးချမ်းအောင် နောက်ပြီး ခရီးသွားထောက်ခံစာလေးတွေရှိမယ်။ ရပ်ကွက်ထောက်ခံစာတွေ အုပ်ချုပ်ရေးမှူးမရှိရင် အဆင်မပြေဘူးလေ။ အဲတော့ လုပ်ပေးရတာပေါ့။ သူတို့သဘောဆန္ဒအရတော့ လူတိုင်းကဆန္ဒဖော်ထုတ်ခွင့်ရှိတယ်။ ဆန္ဒပြခွင့်ရှိတယ်။ သူတို့ဆန္ဒသူတို့ဖော်ထုတ်တာ ပြသာနာမရှိပါဘူး။ နောက်ပြီး သူတို့လည်း ရိုင်းရိုင်းပြပြ ပြောတာတွေ မရှိပါဘူး။ စနစ်ကို မကြိုက်လို့ ဆန္ဒပြတယ်ပေါ့။ ဒါကတော့ သူတို့ရဲ့ လုပ်ပိုင်ခွင့်လေနော်”လို့ မြိုင်သာယာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က  ပြောပါတယ်။

ဖေဖော်ဝါရီလ အစောပိုင်းမှာတော့ စစ်ကောင်စီလက်အောက် တာဝန်မထမ်းဆောင်ချင်လို့ဆိုပြီး မော်လမြိုင်မြို့နယ်အတွင်းက ရပ်ကျေး အုပ်ချုပ်ရေးမှူး (၁၃)ဦး နှုတ်ထွက်ခဲ့ပါတယ်။

လက်ရှိမှာတော့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကို မြို့နယ်အဆင့် ဖွဲ့စည်းထားပြီး နောက်ပိုင်းမှာ ရပ်ကျေးအဆင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကို ဆက်လက်ဖွဲ့စည်းသွားမယ်လို့ မွန်ပြည်နယ်လွှတ်တော် ကိုယ်စားပြုကော်မတီကလည်း ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.