ဘဏ်ဝန်ဆောင်မှုတွေ ရပ်နားထားလို့ ပြည်တွင်း ပဲစျေးကွက် အထိနာ

0
10062

မော်လမြိုင် ၊ မတ် (၆)

စစ်တပ် အာဏာသိမ်းပြီးနောက် ပုဂ္ဂလိကဘဏ်တွေရဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေ ရပ်နားထားလို့ ပြည်တွင်း ပဲစျေးကွက်အပေါ် ထိခိုက်မှု အတော်လေး ပြင်းထန်ခဲ့ပါတယ်။

လုပ်ငန်းရှင်တွေဟာ ပုဂ္ဂလိကဘဏ်တွေမှာ အပ်နှံထားတဲ့ ငွေတွေကို ထုတ်ယူလို့ မရတာကြောင့် လုပ်ငန်းအပေါ် ရင်းနှီးငွေတွေ မထည့်နိုင် ဖြစ်နေတာပါ။

ဒါ့အပြင် အရောင်းအဝယ် ပြုလုပ်ရာမှာ ငွေလွှဲငွေချေပေးဖို့ ဘဏ်ဝန်ဆောင်မှုတွေ မရှိသလို ရင်နှီးမြုပ်နှံဖို့အတွက် ငွေကြေး အကြပ်အတည်းရှိတာကြောင့် ပဲစျေးကွက်ဟာ ကျဆင်းခဲ့တယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။

“ငွေကြေးမလည်ပတ်နိုင်တဲ့အတွက် ကျွန်တော်တို့ ပဲလောကက အရင်းများတယ်၊ အရင်းများတော့ ပဲတွေက များသောအားဖြင့် မန္တလေးတို့ ရောင်းတာများတယ်၊ ရန်ကုန်ဘက်ရောင်းတာများတယ်၊ တဆင့်ခံပေါ့၊ ပဲခူးကနေ မန္တလေးကိုပို့တယ်၊ ရန်ကုန်ကို ပို့တယ်၊ အဲလိုပို့တဲ့အခါကျတော့ ရန်ကုန်ကနေ ပဲခူးကို ငွေပြန်လွဲပေးရတယ်၊ လွှဲတဲ့အခါကျတော့ ဘဏ်တွေ ရှိနေရင် လွှဲတာနဲ့ ရတယ်၊ အခုက အဲလိုမဟုတ်ပဲနဲ့ ငွေတွေကို မန္တလေးမှာ သွားတက်ယူရတယ်၊ ပဲခူးကို ရောက်လာတယ်၊ ပဲခူးရောက်မှ ကျွန်တော်တို့ကို တစ်ခါရှင်းပေးတယ်၊ အဲလိုမျိုးသွားတယ်၊ ကိုယ်တိုင်ငွေသယ်တဲ့ စနစ်ဖြစ်သွားတယ်၊ ဘဏ်တွေထဲမှာ ရှိတဲ့ ပိုက်ဆံကလည်း ဘဏ်တွေပိတ်တော့ မထွက်လာတဲ့အခါကျတော့ ပြင်ပမှာ ရင်းနှီးတဲ့ ငွေကြေးက နည်းသွားတယ်၊ ငွေကြေးနည်းတော့ ပိုက်ဆံကြပ်တယ်၊ အဲ့အခါကျတော့ ဈေးကျတယ်၊ အဲဒီသဘောပါပဲ”လို့ (စွမ်း)ပဲရောင်းဝယ်ရေးဒိုင်မှ ဦးစိန်မြင့်က ပြောပါတယ်။

နိုင်ငံခြားကို တင်ပို့တဲ့ ပဲတီစိမ်းတွေဟာ ယခုနှစ်အစောပိုင်းမှာ စျေးကောင်းရခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်မှာတော့ စျေးနှုန်းက တစ်သောင်းကျော် လျော့ကျခဲ့တယ်လို့ ဆိုပါတယ်။

“ပဲလောကရဲ့ ဈေးကွက်က ရောင်းတဲ့ကုပ္မဏီပေါ့နော်၊ နိုင်ငံခြားကို တင်ပို့မယ့် ကုမ္ပဏီကလည်း ဈေးကွက်ကို ရှာထားပြီးသားပဲ၊ နိုင်ငံတော်တော်များများကလည်း ဝယ်တယ်၊ ဈေးကွက်လည်း တော်တော်ရှိပါတယ်။ ပဲဈေးကွက်ရဲ့ ကြိုပွိုင့်ဈေးတွေကလည်း အလားအလာကောင်းခဲ့တယ်၊ လေးသောင်းအပေါ်မှာပဲ ရှိမှာပေါ့နော်၊ တစ်ကယ်တမ်းပုံမှန်ကျတော့ အမြင့်ဆုံးက ကျွန်တော်တော်တို့ ပဲစစဝယ်ချင်းက လေးသောင်းခွဲလောက်ရှိတယ်၊ လေးသောင်းခွဲနဲ့ဝယ်ပြီး ဘဏ်တွေမပိတ်ခင်မှာပေါ့၊ ဘဏ်တွေလည်း ပိတ်တော့ အဲဒီမှာ (၄၃၀၀၀၊ ၄၂၀၀၀) လေးသောင်းပတ်ချာလည်မှာပဲ တစ်လလောက်တော်တော်ကြာသွားတယ်၊ အနိမ့်ဆုံး ၃၈၀၀၀ အထိ ကျသွားတယ်”လို့ ဦးစိန်မြင့်က ပြောပါတယ်။

အခုလို အခြေအနေတွေကြောင့် ပဲစိုက်တောင်သူတွေအတွက် စျေးကွက်မရှိတော့သလို စိုက်ခင်းတွေမှာလည်း ပိုးကျတဲ့အတွက် ထပ်ဆင့် အရှုံးပေါ်နေတယ်လို့ တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ ပုံမှန်ထွက်နေကျနှုန်းအတိုင်းဆိုရင်တော့ တစ်ဧကကို (၁၅)တင်းလောက်ထွက်တယ်၊ ဒီနှစ်ကတော့ ၁၀တင်း၊ ၁၁ တင်းလောက်ပဲရတယ်၊ တအားကောင်းတဲ့လယ်ကျတော့၊ ဘာဖြစ်လဲဆိုတော့ ဒီနှစ်က ရာသီဥတုလည်း သိပ်မကောင်းဘူး၊ စိုက်ခင်းက ဒီနှစ်ပိုးကျတယ်၊ ငမြှောင်းတောင်ကျတယ်၊ ပိုးထိတယ်၊ အပင်စုတ်သွားတယ်ပေါ့၊ အပင်စုတ်တော့ ကိုယ်က ဆေးလိုက်ရတယ်၊ ကုန်ကျစရိတ်နည်းနည်းများတယ်၊ ကုန်ကျစရိတ်နည်းနည်းများတော့ စရိတ်ပိုသွားတယ်ပေါ့”လို့ ပဲစိုက်တောင်သူဖြစ်တဲ့ ကိုဖိုးကေက ပြောပါတယ်။

လက်ရှိမှာတော့ ပြည်တွင်းမှာ ပဲတီစိမ်းတစ်တင်းကို ဖောက်သည်သွင်းဈေး (၂၉၀၀၀)ကျပ်ရှိပြီး မွန်ပြည်နယ်ထွက်ပဲတီစိမ်း များကို ပဲခူးတိုင်းဒေသကြီးကနေတဆင့် ရန်ကုန်၊ မန္တလေးတို့ကို အဓိက တင်ပို့ရောင်းချနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.