ကုန်စည်စီးဆင်းမှု ရပ်တန့်လို့ စားသုံးဆီစျေး မြင့်တက်

0
8360

မော်လမြိုင် ၊ မတ် (၆)

တပ်က အာဏာသိမ်းပြီးနောက် ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်ခဲ့လို့ ပြည်တွင်းစျေးကွက်မှာ စားသုံဆီစျေးဟာ ဆက်တိုက် မြင့်တက်လာပါတယ်။

အာဏာသိမ်း စစ်ကောင်စီအပေါ် ဆန္ဒဖော်ထုတ်မှုတွေနဲ့ တန်းပြန် အကြမ်းဖက် ဖြိုခွင်းခံရမှုတွေဟာ မြန်မာနိုင်ငံအတွင်းက ဒေသအနှံ့အပြားမှာ  ဖြစ်ပွားနေပါတယ်။

အခုလို အခြေအနေတွေကြောင့် ပြည်ပကုန်စည်တွေ ဝင်ရောက်မှုကလည်း ရပ်တန့်ခဲ့ပြီး ပြည်တွင်းက ကုန်သည်ကြီးတွေကလည်း ပစ္စည်းတွေ ထုတ်မရောင်းဘဲ သိုလှောင်ထားတာကြောင့် စားသုံးဆီစျေးဟာ ဆက်တိုက်​မြင့်တက်လာနေပါတယ်။

“ဆီက အခု ရန်ကုန်မှာ ဆီကန်တွေ ပိတ်လိုက်ပြီ ကုန်သည်ကြီးတွေက ဆီတွေလှောင်ထားပြီးတော့ ဆီစျေးတွေ မဖွင့်တော့ဘူး ရောင်းလည်းမရောင်းတော့ဘူ ဆီစျေးလည်းမဖွင့်တော့ဘူး အရင်က ဟိုဘက်ခြမ်းက (ထိုင်းက) လာတာရှိတယ် အဲဒီဟာတွေလည်း ရပ်ထားတယ် ထိုင်းကနေလည်း မဝင်တော့ဘူး ဒီမှာ ဟိုဟာဖြစ်နေတော့ ထိုင်းကနေ မလာတော့ဘူး ကုန်စည်စီးဆင်းမှု ရပ်သွားတာပေါ့” လို့ ဆီကုန်သည်အမျိုးသားတစ်ဦးက ပြောပါတယ်။

ယခင်စျေးကွက်မှာ စားသုံးဆီ တစ်ပိဿာ ကျပ် ၂၄၀၀ ရှိခဲ့ရာမှ အခုဆိုရင် တစ်ပိဿာကို ကျပ် ၂၈၀၀ ၊ ၂၉၀၀ အထိ မြင့်တက်ခဲ့တယ်လို့ ဆီကုန်သည်တွေက ပြောပါတယ်။

“စားသုံးဆီစျေးကတော့ မိုးပေါ်ရောက်သွားပြီး အစက တစ်ပိဿာမှာ ၂၄၀၀ ပဲ အခုက ၂၈၀၀ ကျော်သွားပြီး ၂၉၀၀ လောက်ရှိတယ် မော်လမြိုင်အရောက် စရိတ်မပါဘူး”  လို့ ဆီကုန်သည်တစ်ဦးက ပြောပါတယ်။

အခုလို စျေးနှုန်းမြင့်တက်ခဲ့တာကြောင့် စျေးကွက်မှာ စားသုံးဆီ အရောင်းအဝယ် အေးနေတယ်လို့ ဆိုပါတယ်။

စားသုံးဆီနည်းသူ ထိုင်းနိုင်ငံက ဝင်ရောက်နေတဲ့ ကုန်ပစ္စည်းတွေကလည်း စျေးကွက်မှာပြတ်လပ်နေလို့ လက်ကျန်ပစ္စည်းတွေဟာ အရင်ကထက် စျေးနှုန်းပိုမို မြင့်တက်ခဲ့တယ်လို့ ရောင်းချသူတွေက ပြောပါတယ်။

လက်ရှိပြည်တွင်းစျေးကွက်မှာတော့ အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်နဲ့ဆီတွေက စျေးနှုန်းမြင့်တက်နေပြီး ကြက်သွန်နဲ့ ပဲစျေးတွေကတော့ ကျဆင်းနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.