အာဏာသိမ်းပြီး တစ်လအကြာ ပြည်ပတင်ပို့တဲ့ငါးလုပ်ငန်း ရာနှုန်းပြည့်နီးပါး ရပ်နား

0
9625

မော်လမြိုင် ၊ မတ် (၅)

တပ်က အာဏာသိမ်းပြီး တစ်လအကြာမှာတော့ မွန်ပြည်နယ်ရဲ့ ပြည်ပတင်ပို့တဲ့ ငါးလုပ်ငန်းတွေ ရာနှုန်းပြည့်နီးပါး ရပ်နားလိုက်ရပြီးလို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

မွန်ပြည်နယ်က ထွက်တဲ့ ငါးတွေကို တရုတ် ၊ မလေးရှား အပါအဝင် အိမ်နီးချင်းနိုင်ငံတွေကို အဓိက တင်ပို့ရောင်းချနေတာပါ။

အခုအခါမှာတော့ ကမ်းဝေးထွက်တဲ့ ငါးလုပ်ငန်းတွေ ရပ်နားထားလို့ ဖေဖော်ဝါရီလကုန်ပိုင်းကတည်းက ရေငန် ငါးအရောင်အဝယ် ရပ်နားခဲ့ရပါတယ်။

လက်ရှိမှာတော့ ငါးတွေကို တရုတ်စျေးကွက်ထံ မပို့နိုင်တဲ့အပြင် ဘဏ်တွေပိတ်ထားပြီး ငွေကြေးစီးဆင်းမှု ရပ်တန့်နေလို့ လုပ်ငန်းတွေ ရပ်နားထားရတယ်လို့ ငါးလုပ်ငန်းရှင်တွေက ပြောပါတယ်။

“ကျွန်တော်သိသလောက်တော့ ကျိုက္ခမီတို့ ရေးတို့ကထွက်တဲ့ဘရေငန်ငါးတွေက လှေတွေတော်တော်များများ သိမ်းလိုက်တယ်။ ဝယ်ဖို့က ငွေက ဘဏ်နဲ့ဆိုတော့ ငွေကြေးလည်ပတ်မှုမရှိတာရယ်။ နောက်တစ်ချက်က တရုတ်ပြည်ကို မရောင်းရတော့ ထိန်းပြီးဝယ်ကြတာပေါ့။ ဝယ်ပြီး သိုလှောင်၊ ထားဖို့ကလည်း အခက်အခဲရှိတော့ ရေငန်ငါးကတော့ ရပ်သလောက်ဖြစ်သွားတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လကုန်လောက်ထဲက ရပ်သလောက်ဖြစ်သွားပြီ”လို့ မော်လမြိုင်ဟိုလ်းဒင်းလီမိတက် ငါးပုဇွန်အအေးခဲစက်ရုံ ဒါရိုက်တာ ဦးအောင်သက်ဌေးက ပြောပါတယ်။

မွန်ပြည်နယ်ငါးလုပ်ငန်းအပေါ် ကိုဗစ်-၁၉ ရိုက်ခတ်မှုက ကြီးမားခဲ့သလို့ လက်ရှိနိုင်ငံရေးအခြေအနေတွေရဲ့ သက်ရောက်မှုကလည်း အတော်လေး ပြင်းထန်ခဲ့တာပါ။

လက်ရှိ အခြေအနေတိုင်း ဆက်သွားနေရမယ်ဆိုရင် မတ်လကုန်ပိုင်းမှာ လုပ်ငန်းတွေ ရပ်နားရပြီး ထောင်နဲ့ချီတဲ့ အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်လာနိုင်တယ်လို့ လုပ်ငန်းရှင်တွေက သုံးသပ်ထားပါတယ်။

မွန်ပြည်နယ်မှာတော့ ငါးပုတ်သင် နဲ့ ငါးသလောက် တို့အများဆုံးထွက်ပြီး တရုတ်နိုင်ငံက တန်ချိန် ထောင်နဲ့ချီ နှစ်စဉ် ဝယ်ယူနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.