မွန်ပြည်နယ် မဲစာရင်းမှာ အမည်မပါလို့ ပြန်လျှောက်ထားသူ (၂၁၀၀၀) ကျော်ရှိ

0
4311

မော်လမြိုင် ၊ ဩဂုတ် ၁၆

မွန်ပြည်နယ်အတွင်း ပထမအကြိမ် ကပ်ထားကြေညာတဲ့မဲစာရင်းမှာ အမည်မပါလို့ ပြန်လျှောက်ထားသူ (၂၁၀၀၀) ကျော်ရှိတယ်လို့ မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောပါတယ်။

မဲစာရင်းစတင်ကြေညာတဲ့ ဇူလိုင်လ ၂၅ ရက်နေ့ကနေ သြဂုတ်လ ၁၄ ရက်နေ့အထိ မဲစာရင်းလာကြည့်သူ နှစ်သိန်းခွဲကျော် ရှိပြီး မဲစာရင်းထဲအမည်မပါလို့ ပုံစံ(၃) နဲ့ ပြန်လျှောက်ထားသူက (၂)သောင်းကျော် ရှိနေပါတယ်။

“ကောက်ယူစဉ်မှာလည်း မှားနိုင်တယ် ။ ကွန်ပြူတာစာရင်းသွင်းစဉ်မှာလည်း မှားနိုင်တယ်။ typing error နဲ့ ခေါ်ပေးတဲ့ လူတွေနဲ့က မှားနိုင်တယ် ဒါပေမယ့် မှားပေမယ့်လည်း မဲပေးပိုင်ခွင့် မဆုံးရှုံးဘူး။ မှားနေတဲ့ဟာကိုတော့ ပြင်ရတယ်”လို့ မွန်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောပါတယ်။

ဒါ့အပြင် မွန်ပြည်နယ်မဲစာရင်းမှာ မဲပေးပိုင်ခွင့်မရှိတဲ့သူတွေနဲ့သေဆုံးပြီးသားလူ (၆)သောင်းနီးပါ ပါဝင်နေတာကြောင့် ဖယ်ရှားပေးဖို့ လိုတယ်လို့ လဝကမှ ပြောဆိုထားပါတယ်။

မဲဆန္ဒရှင်စာရင်းမှာ ကိုယ့်ရဲ့ နာမည်ဟာ ပါသင့်ရက်နဲ့ မပါဘူးဆိုရင် သက်ဆိုင်ရာ ကော်မရှင်ရုံးမှာ ပုံစံ-၃ တောင်းယူပြီး ဖြည့်စွက် တောင်းဆိုနိုင်မှာ ဖြစ်သလို နာမည်ပါပေမယ့် အချက်အလက်တွေမှားနေတာဆိုရင်တော့ ပုံစံ-၄(ဂ) တောင်းယူဖြည့်စွက်ရမှာ ဖြစ်ပါတယ်။

မဲစာရင်းထဲမှာ မပါသင့်သူ တစ်ယောက်ပါနေတာ ဒါမှမဟုတ် ကန့်ကွက်ချင်တာဆိုရင်တော့ ပုံစံ-၄ ကို တောင်းယူဖြည့်စွက်ရမှာဖြစ်ပြီး ဒါတွေကို ၁၄ ရက်အတွင်းမှာ ဆောင်ရွက်ရမှာဖြစ်ပါတယ်။

ပြင်ဆင်ပြီးတဲ့ မဲစာရင်းတွေကိုတော့ အောက်တိုဘာလအတွင်းမှာ ဒုတိယအကြိမ် ကပ်ထား ကြေညာသွားမှာ ဖြစ်ပါတယ်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်မှာတော့ မဲပေးပိုင်ခွင့်ရှိသူ (၁၇) သိန်းကျော် ရှိပြီး ယခုမှ စတင်မဲပေးမယ့် လူငယ် (၁) သိန်းကျော် ပါဝင်ပါတယ်။

သတင်းနှင့်ဓာတ်ပုံ – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.