ရေး ၊ ဇူလိုင် ၂၀

ကိုဗစ်-၁၉ ကြောင့် ၄ လနီးပါး ပိတ်ထားတဲ့ မွန်ပြည်နယ်အတွင်းက ကမ်းခြေတွေကို ပြန်ဖွင့်ပေးဖို့ ဒေသခံတွေက​ တောင်းဆိုလိုက်ပါတယ်။

ကိုဗစ်-၁၉ ကြောင့် လူစုလူဝေး မဖြစ်စေရေးအတွက် နာမည်ကျော် ကဗျာဝကမ်းခြေ နဲ့ စက်စဲကမ်းခြေ အပါအဝင် အခြား အပန်းဖြေစခန်းတွေကို မတ်လ (၂၈) ရက်နေ့ ကတည်းက မွန်ပြည်နယ်အစိုးရက ဒေသန္တရ အမိန့်ထုတ်ပြန်ပြီး ပိတ်ခဲ့တာပါ။

အခုဆို ကမ်းခြေပိတ်ထားတာ (၄)လနီးပါး ရှိပြီး ဖြစ်တဲ့အတွက် ကမ်းခြေခရီးသွားလုပ်ငန်းကို အမှီပြုပြီး ရပ်တည်နေတဲ့ ဒေသခံတွေမှာ စီးပွားရေးအရ ထိခိုက်ဆုံးရှုံးမှုတွေ ရှိနေပြီးလို့ ဆိုပါတယ်။

ဒါကြောင့် ခရီးသွားအလာများတဲ့ ဝါတွင်းကာလမှာ ကမ်းခြေတွေကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ စည်းကမ်းချက်တွေနဲ့အညီ ပြန်လည်ဖွင့်ပေးဖို့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။

ဝါတွင်းကာလ ဝါဆိုပန်းခူးချိန်ဆို လည်ပတ်သူတွေက အတော်များများကို လာလေ့ရှိတယ်၊ ကိုဗစ်ကာလမှာတော့ ကျွန်တော့်တို့အနေနဲ့ စီးပွားရေးဆိုင်ရာထိခိုက်မှုအတော်များပါတယ်နောက်ခံမရှိတဲ့သူဆိုရင် ဆုံးရှုံးမှုကြီးပါတယ်၊စည်းကမ်းတွေနဲ့ စနစ်တကျကြပ်မတ်ပြီးတော့ လိုအပ်သလိုညွှန်ကြားပေးပါ၊ ပြန်လည်ဖွင့်လှစ်ခွင့်ပြုပေးဖို့ အားလုံးရဲ့ကိုယ်စား တောင်းဆိုပါတယ်လို့ ကဗျာဝကမ်းခြေမှ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သူ ကိုအောင်ရင်ဦးက ပြောပါတယ်။

ရေးမြို့ နာမည်ကျော် ကဗျာဝ ကမ်းခြေ

လက်ရှိ စနေ ၊ တနင်္ဂနွေ ပိတ်ရက်တွေမှာလည်း ကမ်းခြေကို လာရောက်လည်ပတ်သူ ရာနဲ့ချီ ရှိတာကြောင့် ဒေသခံတွေက ဆိုင်တွေဖွင့်လှစ်ပြီး အစားအသောက်တွေ ရောင်းချဖို့ ဆန္ဒရှိနေကြတာပါ။

ဒါကြောင့် သက်ဆိုင်ရာဌာနတွေက လာရောက်စစ်ဆေးပြီး စည်းကမ်းချက်နဲ့ ကိုက်ညီတဲ့ စားသောက်ဆိုင်တွေကို ဖွင့်လှစ်ခွင့် ပေးဖို့ ဒေသခံတွေက တောင်းဆို လိုက်ပါတယ်။

“ခရီးသည်တွေကတော့ လာနေကြတာပဲ၊ အချို့ပိတ်တယ်ပြောလို့ ပြန်လှည့်သွားကြတယ်၊ ပိတ်လည်းပိတ်နေတာကိုး၊ ရေးမြို့နယ်ပတ်ဝန်းကျင်နဲ့ တချို့တွေတော့ လာလည်နေကြတယ်၊သက်ဆိုင်ရာတွေကချပေးတဲ့စည်းကမ်းအတိုင်းလိုက်လုပ်ဖို့အသင့်ပဲ၊ ကျွန်တော်တို့က ဒါနဲ့ပဲရပ်တည်နေရတော့ ရေရှည်မှာ ခက်ခဲလိမ့်မယ်၊ ခုက လူတွေလည်း လာလည်နေကြဆိုတော့ စည်းကမ်းလေးလုပ်ပြီး တရားဝင်ပေးဖွင့်စေချင်ပါတယ် ”လို့ ကဗျာဝကမ်းခြေ ငွေခိုင်မြဲ စားသောက်ဆိုင်ပိုင်ရှင် ကိုထွန်းမင်းလတ်က ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ ဝါတွင်းကာလ အခါကြီးရက်ကြီးတွေမှာ ရေတံခွန်တွေ ကမ်းခြေတွေကို လာရောက်လည်ပတ်သူတွေ နှစ်စဉ် ထောင်နဲ့ချီ ရှိနေပါတယ်။

လက်ရှိမှာတော့ ပြည်နယ်အတွင်းက အပန်းဖြေစခန်းတွေ ၊ ရေတံခွန်တွေနဲ့ ကမ်းခြေတွေကို ဇူလိုင်လ (၃၁)ရက်နေ့အထိ ပိတ်ထားဖို့ မွန်ပြယ်နယ်အစိုးရမှ ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။

သတင်း- ရဲနိုင်

ဓါတ်ပုံ -Janu Mon

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.