တင်ဒါလုပ်ငန်းတစ်ခုကို ကွင်းဆင်းစစ်ဆေး

ရေး ၊ ဇူလိုင် (၁၉)

အစိုးရအဖွဲ့ရဲ့စီမံကိန်းလုပ်ငန်းတွေကို ပြည်နယ်အဆင့်ကနေ တင်ဒါခေါ်ယူမယ့်အစား မြို့နယ်အဆင့်ကနေ တင်ဒါခေါ်ယူနိုင်တဲ့ စနစ်တစ်ခုကို အကောင်အထည်ဖော်ပေးဖို့ လိုအပ်နေတယ်လို့ ရေးမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်က ဝေဖန်ပြောဆိုလိုက်ပါတယ်။

မြို့နယ်တွေမှာ ဆောင်ရွက်ရမယ့်လုပ်ငန်းတွေကို ပြည်နယ်အဆင့်ကနေ တင်ဒါခေါ်ယူပြီး ဆောင်ရွက်တဲ့အခါ မြေပြင်မှာ လုပ်ငန်းမပြီးစီးတာတွေနဲ့ အရည်အသွေးမပြည့်မီတာတွေကို ပြည်နယ်တာဝန်ရှိသူတွေက ထိရောက်စွာ မစစ်ဆေးနိုင်ဘူးလို့ ဆိုပါတယ်။

ဒါကြောင့် မြို့နယ်အလိုက် တင်ဒါခေါ်ယူနိုင်မယ့် စနစ်တစ်ခု အကောင်အထည်ဖော်ပေးဖို့ လိုအပ်နေပြီး ဒါဟာ ဒေသခံလုပ်ငန်းရှင်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်းတီးပေးရာ ရောက်တယ်လို့ ရေးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက ပြောပါတယ်။

“ဟိုးအဝေးကြီးမှာရှိတဲ့လုပ်ငန်းတစ်ခုအတွက်ပြည်နယ်မြို့တော်မှာ အပြိုင်ဆွဲတယ်၊ တင်ဒါစိစစ်မယ့်သူက အဲဒီကို မရောက်ဖူးဘူး၊ ဘယ်လိုစိစစ်မှာလဲ၊ သက်ဆိုင်ရာမြို့နယ်အလိုက် တင်ဒါဆွဲလို့ရတဲ့စနစ်တစ်ခု အကောင်အထည် ဖော်နိုင်ရင် ခုလို မဆီလျော်တာတွေအတော်လျော့သွားမယ်၊ သူ့မြို့နယ်အတွက်ဆိုတော့ မြို့ခံတွေလည်း အပြိုင်ဝင်ဆွဲကြရင် အလုပ်အကိုင်အခွင့်အလမ်းတွေလည်း တက်လာမယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် အစိုးရအဖွဲ့ရဲ့ တင်ဒါလုပ်ငန်းစဉ်တွေဟာ အဆင့်တွေများပြီး ငွေထုတ်ယူတဲ့အဆင့်တွေလည်း ခက်ခဲတာကြောင့် လုပ်ကိုင်လိုသူ နည်းပါးလာတယ်လို့လည်း ဆိုပါတယ်။

အချို့လုပ်ငန်းရှင်တွေဟာ မြေပြင်အခြေအနေကို မသိပဲ ပြည်နယ်ကနေ တင်ဒါဆွဲပြီး လုပ်ငန်းဆောင်ရွက်တဲ့အခါ မြေပြင်မှာ အခက်အခဲတွေ ကြုံရပြီး လုပ်ငန်း အချိန်မှီမပြီးတာနဲ့ အရည်အသွေးမပြည့်မှီတာတွေကို တွေ့နေရတယ်လို့ ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့ အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက ပြောပါတယ်။

“ရေးမှာ တင်ဒါအောင်ပြီး လုပ်နေတဲ့ အဆောက်အဦးအချို့က စံချိန်စံညွှန်းနဲ့မညီနေဘူး၊

မြို့နယ်တင်ဒါကော်မတီဆိုပိုကောင်းတယ်၊ ဒေသခံကုမ္ပဏီတွေနဲ့ဆို အားသာချက်က အဆောက်အဦးတွေ၊ လမ်းတံတားတွေဆောက်လုပ်ရာမှာ ပေါင်းစပ်လုပ်ကိုင်ရတာပိုလွယ်ကူမယ်၊ မူဝါဒအရ မြို့နယ်မှာပေးလို့ရတယ်၊ အားနည်းချက်က ဘက်လိုက်မှုကတော့ ရှိနိုင်တာပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် အစိုးရအဖွဲ့ရဲ့ တင်ဒါအောင်မြင်ထားတဲ့ ကုမ္ပဏီစာရင်းထဲမှာ သက်တမ်းကုန်နေတဲ့ ကုမ္ပဏီနဲ့ မှတ်ပုံတင်ထားခြင်းမရှိတဲ့ ကုမ္ပဏီ (၂၀) ကျော် ပါဝင်နေတဲ့အပေါ် ဖေဖော်ဝါရီလအတွင်းမှာ ကျင်းပခဲ့တဲ့ ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

“ဒီနှစ်မှာ မှတ်ပုံတင်မထား တဲ့ ကုမ္ပဏီတွေ၊ သက်တမ်းမရှိ တော့တဲ့ ကုမ္ပဏီတွေက တင်ဒါ အောင်စာရင်းထဲမှာပါ နေပြီး တော့ နိုင်ငံသားပိုင်ကုမ္ပဏီတွေ၊ နိုင်ငံတော်ကို အခွန်ဆောင်ပြီး တော့ တရားဝင်လုပ်နေတဲ့ ကုမ္ပဏီတွေကတော့ လုပ်ငန်းတင်ဒါရ ခြင်း မရှိဘူးဆိုတဲ့ ဝေဖန်မှုတွေ မြင့်တက်လာတယ်’’လို့ (၁၆) ကြိမ်မြောက် ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးမှာ သထုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင် ကျော်သူက ပြောဆိုခဲ့ပါတယ်။

သတင်း – ရဲနိုင်

ဓာတ်ပုံ – သူရိန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.