မွန်ပြည်နယ်အစိုးရအနေဖြင့် ကိုယ့်အုပ်ချုပ်ရေးမဏ္ဍိုင်ကို နိုင်နိုင်နင်းနင်းလုပ်ဖို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ပြော

0
8010

 

မော်လမြိုင်၊ စက်တင်ဘာ (၁၉)

မွန်ပြည်နယ်ဝန်ကြီးချုပ်အနေဖြင့် ပြည်နယ်လွှတ်တော်ကို လာရောက်လွှမ်းမိုးတာမျိုးမလုပ်ဘဲ ကိုယ့်အုပ်ချုပ်ရေးပိုင်းကိုသာ နိုင်နိုင်နင်းနင်းအုပ်ချုပ်ဖို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြောသည်။

“ အုပ်ချုပ်ရေးပိုင်းက ဝန်ကြီးချုပ်က အုပ်ချုပ်ရေးမဏ္ဍိုင်ကို ကြီးကြပ်ရမယ့်အစား လွှတ်တော်ကို လာဟန့်တားနေတယ် “ လို့ လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောဆိုခဲ့သည်။

(၁၄)ကြိမ်မြောက်လွှတ်တော်အစည်းအဝေး
++++++++++++++++++++++++++++

မွန်ပြည်နယ်လွှတ်တော်၏ (၁၄)ကြိမ်မြောက် လွှတ်တော် ပုံမှန်အစည်းအဝေးကို စက်တင်ဘာလ (၁၉)ရက်နေ့က စတင်ကျင်းပနေတာ ဖြစ်သည်။

အခုကျင်းပသည့် အစည်းအဝေးဟာ ပြည်နယ်အစိုးရအဖွဲ့ရဲ့ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်ဥပဒေကြမ်းကို အတည်ပြုဖို့ အဓိကရည်ရွယ်ကျင်းပတာဖြစ်ပြီး သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေလည်း အဆိုတွေ မေးခွန်းတွေ တင်သွင်း မေးမြန်းသွားမှာဖြစ်သည်။

ဒီအတွက် ပြည်နယ်အစိုးရထံကို မွန်ပြည်နယ်လွှတ်တော်က မေးခွန်း (၄၉) ခု နှင့် အဆို (၁)ခုတို့ကို စက်တင်ဘာလ ခြောက်ရက်နေ့ကတစ်ကြိမ် ၊ ကိုးရက်နေ့ကတစ်ကြိမ် ၊ ၁၁ ရက်နေ့နှင့် ၁၂ရက်နေ့တို့ မှာတစ်ကြိမ်စီ ခွဲ၍ ပေးပို့ခဲ့ကြောင်း သိရသည်။

ဒီလိုပေးပို့ခဲ့တာကြောင့် မွန်ပြည်နယ်အစိုးရအဖွဲ့ကတော့ စက်တင်ဘာလ (၁၂)ရက် မှ ရောက်ရှိလာသည့် မေးခွန်း (၂၄)ခုအတွက် ဖြေကြားဖို့ ပြင်ဆင်ချိန်မလုံလောက်တာကြောင့် နောင်ကျင်းပမည့် အစည်းအဝေးတွေမှာသာ မေးမြန်းဖို့ ဝန်ကြီးချုပ်၏လက် မှတ်နှင့် ပြည်နယ်လွှတ်တော်ထံကို စက်တင်ဘာလ (၁၇)ရက်နေ့က အကြောင်းကြားစာ ပေးပို့ခဲ့သည်။

ဒီအကြောင်းကြားစာနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်ဥက္ကဋ္ဌဖြစ်သူ ဒေါ်တင်အိက “ အစိုးရက အချိန်မှီမရဘူးဆိုတဲ့ဌာနကို အစိုးရကကြီးကြပ်တွန်းအားပေးရမယ့်အစား အစိုးရက ကျွန်မတို့လွှတ်တော်ကို လာလွှမ်းမိုးဖို့ ကြိုးစားနေတယ်လို့ ကျွန်မခံစားရတယ်။ အချိန်မမှီဘူးဆိုရင် သူ့ဌာနတွေကို တွန်းအားပေးလေ ဘာကြောင့် ကျွန်မကို နောက်မှမေးပါဆိုပြီး လာလွှမ်းမိုးနေတာလဲ။ ကျွန်မတို့ကို လွှမ်းမိုးတာ ဥပဒေပဲ ရှိတာနော်” ဟု ပြောသည်။

အစိုးရရဲ့လွှမ်းမိုးမှုအပေါ်လွှတ်တော်ရဲ့တုန့်ပြန်မှု
+++++++++++++++++++++++++++++++

မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် မေးခွန်းမေးမြန်းလိုလျှင် လွှတ်တော်ရဲ့အကြီးအမှူးထံ မေးခွန်းကို အစည်းအဝေးမကျင်းပမှီ အနည်းဆုံး ဆယ်ရက်ကြိုတင်ပေးပို့ရမည်ဟု မွန်ပြည်နယ်လွှတ်တော်နည်းဥပဒေ အပိုဒ်(၁၀၀)မှာ ဖော်ပြထားသည်။

သို့ပေမယ့် အစိုးရအဖွဲ့ထံ အဆိုတွေ မေးခွန်းတွေကို ဘယ်နှစ်ရက်အလိုမှာ နောက်ဆုံးထားပေးပို့ရမယ်ဆိုတာ မွန်ပြည်နယ်လွှတ်တော်ရဲ့နည်းဥပဒေတွေမှာတော့ ပြဌာန်းထားတာမရှိဘူးဟု လွှတ်တော်ဥက္ကဋ္ဌက ဆိုသည်။

“ ကျွန်မတို့လွှတ်တော်ကို လွှမ်းမိုးဖို့ ဥပဒေပဲရှိတယ်နော်။ ကျွန်မတို့အထက် မှာ ဘယ်သူမှမရှိဘူး ။ ကျွန်မကိုယ်တိုင်လည်း လွှတ်တော်ကို မလွှမ်းမိုးဘူး” ဟု ၎င်းက ဆိုသည်။

ယင်းအတွက်ကြောင့် လွှတ်တော်အစည်းအဝေးရဲ့ အာဂျင်ဒါတွေကို ပြောင်းလဲခဲ့ပြီး အစိုးရက ဖြေဆိုဖို့ရွှေ့ဆိုင်းခိုင်းတဲ့ မေးခွန်းတွေကိုတော့ အောက်တိုဘာလ သုံးရက်နေ့နဲ့ လေးရက်နေ့ အစည်းအဝေးရက်တွေမှာ မဖြစ်မနေ ထည့်သွင်းမေးမြန်းသွားမှာ ဖြစ်တယ်လို့ သိရသည်။

လွှတ်တော်ကိုယ်စားလှယ်တွေရဲ့သဘောထား
++++++++++++++++++++++++++++++

လွှတ်တော်ကိုယ်စားလှယ်တွေ မေးခွန်းမေးမြန်းတာဟာ ကိုယ်ကျိုးစီးပွားအတွက် မေးမြန်းတာမဟုတ်ပဲ ပြည်သူများ၏ အသနားခံစာများ ၊ သဘောထားများကို လွှတ်တော်ကတစ်ဆင့် မေးမြန်းပေးနေတာဖြစ်တာကြောင့် မဖြစ်မနေ ဖြေဆိုဖို့ လိုအပ်ကြောင်း သထုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

“ ကျွန်မတို့မေးတဲ့ မေးခွန်းတွေက အစိုးရဆောင်ရွက်ဖို့ခက်ခဲနေလို့လား။ ဒါတွေကိုဆောင်ရွက်ဖို့ ဥပဒေတွေ ပေါလစီတွေ မချထားလို့လား။ ဒါဆိုရင်လည်း ဒီဟာတွေကိုပဲ ဖြေပေးစေချင်တယ် ။ ကျွန်မတို့က ဘာအဖြေလာလာ လက်ခံတယ် “ ဟု ၎င်းက ဆိုသည်။

ဒါ့အပြင် ပြည်နယ်လွှတ်တော်အစည်းအဝေးကျင်းပတဲ့ကာလဟာ တစ်ကြိမ်နှင့်တစ်ကြိမ် ဝေးကွာတာကြောင့် မေးခွန်းတွေဟာ ပြည်သူတွေနဲ့ပတ်သက်နေတာဖြစ်လို့ အခုအစည်းအဝေးမှာပဲ ဖြေကြားပေးဖို့ လိုအပ်တယ်လို့ ပေါင်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးကလည်း မှတ်ချက်ပြုသည်။

တာဝန်တွေပျက်ကွက်နေတဲ့ပြည်နယ်အစိုးရအဖွဲ့
+++++++++++++++++++++++++++++++

စက်တင်ဘာလ (၁၂)ရက်နေ့မှ ရောက်ရှိလာသည့် မေးခွန်း (၂၄)ခုအတွက် ပြည်နယ်အစိုးရအဖွဲ့မှာ သက်ဆိုင်ရာဌာနကပြန်ကြားတာကို အတည်ပြုဆောင်ရွက်ဖို့ ဝန်ကြီးချုပ်နဲ့သက်ဆိုင်ရာဝန်ကြီးတွေက အချိန်မှီမပြင်ဆင်နိုင်တာကြောင့် မေးခွန်းတွေကို နောင်ကျင်းပမယ့် အစည်းအဝေးတွေမှာသာ မေးမြန်းဖို့ လွှတ်တော်ထံ အကြောင်းကြားစား ပေးပို့ခဲ့သည်။

ဒါ့အပြင် ဒီလွှတ်တော်မှာ အတည်ပြုမယ့် အစိုးရအဖွဲ့ရဲ့ ၂၀၁၉-၂၀ ဘတ်ဂျက်ဥပဒေမူကြမ်းကိုလည်း အစည်းအဝေးမကျင်းပမှီ စက်တင်ဘာလ (၁၈)ရက်နေ့ ညနေပိုင်းမှာသာ လွှတ်တော်ထံ ပေးပို့နိုင်ခဲ့သည်။

မွန်ပြည်နယ်လွှတ်တော်နည်းဥပဒေရဲ့ အပိုဒ် (၁၃၈)မှာတော့ ဥပဒေကြမ်းတွေကို ပေးပို့ရာမှာ လွှတ်တော်အစည်းအဝေးမကျင်းပမှီ အနည်းဆုံးရက်ပေါင်း (၃၀) ကြိုတင်ပေးပို့ရမည်ဟု ပြဌာန်းထားသည်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာအေးဇံကို ဆက်သွယ်မေးမြန်းရာမှာတော့ တစ်စုံတစ်ရာ မှတ်ချက် မပေးလိုဘူးဟု ငြင်းဆန်ခဲ့သည်။

ပြီးခဲ့သည့် ဇွန်လအတွင်းမှာကျင်းပခဲ့သည့် မွန်ပြည်နယ်လွှတ်တော်ရဲ့ အထူးအစည်းအဝေးမှာ မေးခွန်းတွေကို ပြည်နယ်အစိုးရက နှုတ်ဖြင့်သာ ဖြေကြားခဲ့ပြီး အဖြေမှတ်တမ်းစာရွက်တွေကို လွှတ်တော်ထံ ပေးအပ်ခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။

သတင်းနှင့် ဓါတ်ပုံ – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.