မရဲဘဲ ကျွဲမဲစီးနေပြီး ဘူးလေးရာ ဖရုံဆင့်နေသူ

0
18785

TU Arkar Min

ဝန်ကြီးဌာနနှစ်ခုကို လွှဲပြောင်းပေးရန် စိတ်ကူးခဲ့သည့်အတွက် သံလွင်တိုင်းမ်က မေးမြန်းသည့်အခါ “ပညာရှင်တွေကို ရှာနေတုန်းပါပဲ” ဟု ပြောကြားချက်အရ ဝန်ကြီးချုပ် သည် မွန် ပြည်နယ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် စည်ပင်သာယာရေးတို့မှ တတ် ကျွမ်းသည့် ပညာရှင် များကို ယခုအချိန်အထိတိုင် ရှာမတွေ့နိုင်သေးကြောင်း ထောက်ပြ နေသည်ဟုပင် ဆိုရမည်။

၂၀၁၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပပြီးနောက် အပြောင်းအလဲ ကို လိုချင်ကြသည့် ပြည်သူများက ရွေးချယ်တင်မြှောက်သည့် ပြည်သူ့အစိုးရ တက်လာခဲ့ပြီး နောင် လာမည့် အနှစ်(၂၀) မှာ စင်္ကာပူနိုင်ငံကို ကျော်တက်ရန် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်က ကြုံးဝါးထားသည်။

သို့သော်လည်း တိုင်းရင်းသားလက်နက်ကိုင်များနှင့် နိုင်ငံရေးပဋိပက္ခများကြောင့် စားပွဲဝိုင်း တွင် အဖြေရှာရမည့် ငြိမ်းချမ်းရေးပုစ္ဆာသည်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ၏ အစိုးရ သက်တမ်း တစ်နှစ်ကြာသည့်တိုင် တိတိကျကျ အဖြေမရှာနိုင်သေးပေ။
ပြည်တွင်းငြိမ်းချမ်းရေးကိုသာ အဓိက အာရုံစိုက်နေရသည့် အန်အယ်လ်ဒီအစိုးရသည်ပြည်သူ ကို ကိုယ်စားပြုကာ ပြည်သူ့အတွက် ပေးဆပ်ပြီး အလုပ်လုပ်ကြမည့် လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်မှု၊ ပြည်နယ်နှင့် တိုင်းဒေသကြီးတို့၏ အကြီးအကဲဖြစ်သည့် ဝန်ကြီးချုပ်ရွေးချယ်မှု၊ သက်ဆိုင် ရာ ဌာနအလိုက် ဝန်ကြီးရာထူးခန့်အပ်မှုတို့မှာ အလျင်စလို ဆောင်ရွက်ခဲ့ရသည်များလည်း ရှိခဲ့သည်။

“ပညာရှိ သတိဖြစ်ခဲ” ဆိုသည့်အတိုင်း ပညာရှင်အများစုက ငြိမ်းချမ်းရေးတည်းဟူသော ကြီးမားကျယ်ပြန့်သည့် ပြသနာတစ်ခုကို အဖြေရှာနေချိန်မှာ ပြည်သူ့ကိုယ်စားလှယ်ရွေးချယ်မှုမှာ အားနည်းခဲ့ခြင်းသည် အောက်ခြေပြည်သူလူထုအတွက် အားကိုးအားထားပြုစရာ ဖခင် တစ်ဦး ဆုံးရှုံး တော့မည့် ကလေးငယ်နှင့်ပင် တူလှသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တနင်္သာရီတိုင်းဒေကြီး လွှတ်တော်ဥက္ကဌ၊ ဒု-ဥက္ကဌ တို့ကို လေ့လာ စစ်ဆေးနေသော လေ့လာသုံးသပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဉာဏ်ဝင်းကမူ “ကိုယ်စားလှယ်လောင်း တွေ ရွေးချယ်တဲ့နေရာမှာ အချိန်နည်းခဲ့တဲ့အတွက် အခုလို မဖြစ်သင့်တဲ့ အမှားမျိုးဖြစ်လာတယ်” ဟု သတင်းမီဒီယာများကို ဝန်ခံပြောဆိုခဲ့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးမင်းမင်းဦးသည် ဘီးလင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှလွှတ်တော် ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့သည်။ ထို့အပြင် မွန်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဌ အဖြစ်ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရပြီး မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထမြောက်နေ့ဖြစ်သည့် ၂၀၁၆ ခုနှစ် မတ်လ (၃၁) ရက်နေ့တွင် မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး မွန်ပြည်နယ် လူထု၏ အားကိုးအားထားပြုစရာ ဖခင် တစ်ဦးပေါ်ထွက်လာခဲ့ သည်ဟု မှတ်ယူခဲ့ကြသည်။

ဦးမင်းမင်းဦးသည် ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ရချိန်တွင် ၎င်းတာဝန်ယူခဲ့သည့် လွှတ်တော် ဒုတိယဥက္ကဌ နေရာအား ၎င်း၏ ဇာတိဖြစ်သည့် ဘီးလင်းမြို့နယ် မှ လွှတ်တော်အမတ် ဒေါက်တာခင် နိုင်ဦးကို အစားထိုး ခန့်အပ်ရန် ကြိုးစားခဲ့ဖူးသည်။ အဆိုပါ လုပ်ရပ်ကို လွှတ်တော်ကိုယ်စားလှယ် အများစုက စိတ်ပျက်ခဲ့ကြပြီး လွှတ်တော်ဒုက္ကဌ နေရာကို မဲခွဲဆုံးဖြတ်သည့်အခါ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ရှုံးနိမ့်ပြီး ချောင်းဆုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP)ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးက အနိုင်ရရှိခဲ့သည်။

ဦးမင်းမင်း၏ မိမိဆန္ဒကို ရှေ့တန်းတင်တတ်သည့် သဘောထားကြောင့် အန်အယ်လ်ဒီ အစိုးရ အတွက် ပြည်သူလူထု၏ ယုံကြည်မှုကို လျော့ပါးလာစေခဲ့သည်။ဝန်ကြီးချုပ် ဖြစ်လာပြီးနောက်ပိုင်း ဦးမင်းမင်းဦး၏ လုပ်ဆောင်ချက်များကို ပြည်သူလူထုသာမက လွှတ်တော်ကိုယ်စားလှယ်များကပါ ဝေဖန်ထောက်ပြလာကြသည်။

၎င်းသည် နိုင်ငံ့အရေး၊ ပြည်နယ်အရေး၊ ပြည်သူ့အရေးကိစ္စများကို ဆွေးနွေးတင်ပြ ဆုံးဖြတ် ကြသည့် လွှတ်တော်အစည်းအဝေးများကို အကြောင်းအမျိုးမျိုးပြကာ မကြာခဏ ပျက်ကွက်လေ့ရှိပြီး အခမ်းအနားဖွင့်ပွဲများနှင့် လွှတ်တော်အစည်းအဝေးထက်စာရင် များစွာ အရေးမကြီးလှတဲ့ အခမ်း အနားတစ်ချို့ကို အချိန်ပေးတက်ရောက်ခဲ့သည်များလည်း တွေ့ရသည်။
mon-wongyi
ယင်းကိစ္စများနှင့် ပတ်သတ်ပြီး သံလွင်တိုင်းမ်မှ မေးခွန်းထုတ်ခဲ့သောအခါ ဦးမင်းမင်းဦးက “လွှတ်တော် အစည်းအဝေးတွေ ပျက်တယ်ဆိုပေမယ့် လွှတ်တော်တာဝန်တွေ မပျက်ကွက်ခဲ့ပါဘူး။ ကျွန်တော်လုပ်ရမယ့် ကိစ္စတွေ၊ ကျွန်တော်ဖြေပေးရမယ့် ကိစ္စတွေအတွက် သက်ဆိုင်ရာ ဌာနက တာဝန်ရှိသူတွေကို ဖြေကြားပေးဖို့ မှာခဲ့ပါတယ်။” ဟု ဖြေရှင်းချက်ထုတ်ခဲ့သည်။

ဝန်ကြီးချုပ်သည် သိန်း(၅၀) တန် အိမ်ရာများကို အခြေခံလူတန်းစားများအတွက် ဆောက် လုပ်ပေးမည်ဟု ယမန်နှစ်ကတည်းက ပြည်သူလူထုကို အိပ်မက်များ ပေးခဲ့သော်လည်း လက်ရှိအချိန် ထိ အကောင်အထည်မဖော်နိုင်သေးပဲ ဝန်ကြီးချုပ်ရာထူးပင် မျက်ခုံးလှုပ်နေရသည့် အခြေအနေမှာ ရှိနေသည်။

မွန်ပြည်နယ်တွင် တန်ဖိုးသင့် အိမ်ရာ (၄၆၀၀) ကျော်ကို သိန်း(၅၀) ဝန်းကျင်ဖြင့် ပြည်သူလူထု နေထိုင်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှု ဦးစီးဌာန မှ သတင်းထုတ်ပြန်ခဲ့သော်လည်း တန်ဖိုးမြင့် အိမ်ရာ ဖြစ်လာမည်ကို ပြည်သူအများစုက ကြိုတင်သိနှင့် နေပြီးသား ဖြစ်သည့်အတွက် အခြေခံ လူတန်းစားများ အတွက် ဝယ်ယူနေထိုင်ရန်မှာ အဆင်မပြေ လှပေ။ ယင်းဖြစ်စဉ်များကို ကြည့်လျှင် ဝန်ကြီးချုပ်သည် မြန်မာစကားပုံများဖြစ်သည့် “ဖင်မနိုင်ဘဲ ပဲဟင်းစားချင်၊ ဘူးလေးရာ ဖရုံဆင့် ၊ မရဲဘဲနဲ့ ကျွဲမဲစီး” ဆိုသည့်အတိုင်း ကိုယ့်ဝမ်းအခြေအနေကို ကြည့်ကာ ပဲဟင်းစားသင့်၊ မသင့်ဆုံးဖြတ်သင့်သည်။

မစီးရဲဘဲ ကျွဲမဲကို စီးနေသည့်အပြင် ဘူးသီးများနှင့် လေးနေသည့် ဘူးစင်မှာ ဖရုံသီးထပ်မဆင့် စေချင်ပါ။ အလားတူပင် ဦးမင်းမင်းဦးသည် ဝန်ကြီးချုပ်တာဝန်ကိုပင် ကျေပွန်အောင် မထမ်းဆောင်နိုင် သေးဘဲ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် စည်ပင်သာယာရေးမှာလည်း ပူးတွဲတာဝန်ယူထားပြန်သည်။

အဆိုပါ ဝန်ကြီးဌာနနှစ်ခုကို လွှဲပြောင်းပေးရန် စိတ်ကူးခဲ့သည့်အတွက် သံလွင်တိုင်းမ်က မေးမြန်းသည့်အခါ “ပညာရှင်တွေကို ရှာနေတုန်းပါပဲ” ဟု ပြောကြားချက်အရ ဝန်ကြီးချုပ်သည် မွန် ပြည်နယ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် စည်ပင်သာယာရေးတို့မှ တတ်ကျွမ်းသည့် ပညာရှင် များကို ယခုအချိန်အထိတိုင် ရှာမတွေ့နိုင်သေးကြောင်း ထောက်ပြနေသည်ဟုပင် ဆိုရမည်။

သို့တည်းမဟုတ် ခရိုနီများနှင့် ရင်းနှီးနေသည့်အတွက် ပြည်သူလူထု၏ အထင်အမြင်လွဲမှား မှုများကို ရင်ဆိုင်ခဲ့ရသည့် ဦးမင်းမင်းဦးသည် လက်ရှိ လူထုဝေဖန်မှု၊ ပညာရှင်များ၏ သရော်လှောင် ပြောင်မှု ခံနေရသည့် ရေကျော်ကမ်းနားလမ်းအဆင့်(၆) စီမံကိန်းကြီးကို တာဝန်ယူထားသည့် ငွေမိုး ဟိုတယ်ပိုင်ရှင် ဒါရိုက်တာဦးမိုးကျော်နှင့်လည်း ရင်းနှီးကျွမ်းဝင်သူတစ်ဦးဖြစ်သည်။

ဝန်ကြီးချုပ်တာဝန်ယူထားသည့် အဆိုပါဌာနနှစ်ခုကို “စားရမှာလည်း သဲတစ်ရှပ်ရှပ် ၊ ပစ်ရမှာ လည်း အဆီတစ်ဝင်းဝင်း” ဖြစ်နေဟန်နှင့် တူသည်။

ဝန်ကြီးချုပ်သည် အချို့ကိစ္စရပ်များကို ရှောင်ဖယ် ရှောင်ဖယ်လုပ်တတ်သကဲ့သို့ အချို့သော မပြောပလောက်သည့် ကိစ္စရပ်များကို ပုံကြီးချဲ့လေ့ရှိတတ်သည်။ ထို့အပြင် ပညာရေးကိစ္စရပ်တစ်ချို့ မှာလည်း အကောင်အထည်မဖော်နိုင်သည့် လုပ်ဆောင်ချက်များစွာရှိသည်။ ဥပမာအားဖြင့် မော်လမြိုင် နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂများနှင့် တွေ့ဆုံစဉ်က ကျောင်းအတွင်း အဆောင်များဆောက်လုပ်ပေးရန် ညှိုနှိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန်ထိ တစ်စုံ တစ်ရာအကြောင်းပြန်ကြားပေးခြင်းမျိုးမရှိသေးကြောင်း မော်လမြိုင်နည်းပညာတက္ကသိုလ်ကျောင်းသား သမဂ္ဂဥက္ကဌ ကိုဘုန်းမြတ်မိုးက ထောက်ပြသည်။

ဒီမိုကရေစီနိုင်ငံတော်ကို ဦးတည်နေသော နိုင်ငံတိုင်း သတင်းမီဒီယာလွတ်လပ်ခွင့် (လွတ်လပ် စွာ သတင်းရယူခွင့်)နှင့် ပွင့်လင်းမြင်သာမှု ရှိသင့်သည်ဟု ယူဆသည်။ ထို့ကြောင့် သတင်းမီဒီယာ များသည် တိုင်းပြည်၏အရွေ့တစ်ခုကို တွန်းအားပေးနေသော စတုတ္ထမဏ္ဍိုင်ကိုပင် မထီမဲ့မြင် ပြုကာ “သတင်းမီဒီယာတွေကို တစ်လတစ်ကြိမ်သာတွေ့မယ်” ဟု ပြောကြားခဲ့ခြင်းသည်လည်း ဦးမင်းမင်း ဦးနှင့် မီဒီယာလောကသားများအကြား အထင်အမြင်လွဲမှားစေခဲ့သည်။

ယခုအခါ သတင်းမီဒီယာများကိုပင် အတွေ့မခံနိုင်တော့ဘဲ မွန်ပြည်နယ်အခြေစိုက် သတင်း ဌာနတစ်ခု၏ ဖော်ပြချက်အရ ဝန်ကြီးချုပ်ရာထူးမှ နှုတ်ထွက်လိုကြောင်း အစည်းအဝေးတစ်ခုတွင် ဖွင့်ဟခဲ့ကြောင်း ပြောကြားလာခဲ့သည်။

ဝန်ကြီးချုပ်ဦးမင်းမင်းက နှုတ်ထွက်လိုကြောင်းပြောကြားချက်ကို လွှတ်တော်ကိုယ်စားလှယ် တစ်ဦးနှင့် လွှတ်တော်ဥက္ကဌ တို့မှ အတည်ပြုပြောကြားခဲ့ပြီးမှ အန်အယ်လ်ဒီ ပါတီဗဟိုပြောခွင့်ရ ဦး ဝင်းထိန်က ခါးခါးသီးသီး ငြင်းဆိုဖြေရှင်းခဲ့ပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာလ (၁၃) ရက်နေ့က ဦးဝင်းထိန် ကိုယ်တိုင် မွန်ပြည်နယ် အန်အယ်လ်ဒီရုံးသို့ လာရောက်ပြီး အရေးကြီး အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ ရသည်။

ဝန်ကြီးချုပ်ဦးမင်းမင်းဦးနေရာတွင် ပအိုးဝ်တိုင်းရင်းသားရေးရာဝန်ကြီးဒေါ်စံဝင့်ခိုင်ကိုအစားထိုး ခန့်အပ်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး ယင်းသို့ပြောင်းလဲခန့်အပ်ခြင်းကို မည်သည့်မှတ်ချက်မှ မပေးလိုဘဲ ပြည်နယ်အတွက် ၊ လူထုအတွက် အလုပ်လုပ်မည့်သူ မည်သူမဆို လက်ခံကြိုဆိုကြောင်း လွတ်တော်ကိုယ်စားလှယ်တစ်ချို့က ဖွင့်ဟခဲ့သည်။

ယင်းသို့ ဝေဖန်မှု များစွာကြုံနေရသည့် ဝန်ကြီးချုပ်သည် “အတိုက်အခိုက်များစွာခံနေရသည့် အတွက် ပြည်သူလူထုက ချက်ချင်းဆင်းခိုင်းပါက နှုတ်ထွက်ပေးမည်”ဟု ပင်ပြောဆိုလာခဲ့သည်။

ဝေဖန်ထောက်ပြမှုများနှင့် ထိန်းကြောင်းမှုများကို တိုက်ခိုက်မှုဟု ယူဆနေသည်ဟု ထင်ရ၏။

မကြာသေးမီကပင် လူမှုကွန်ယက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည့် ဝန်ကြီးချုပ်ဦးမင်းမင်းဦး၏ မသင့်တော် သော ပုဂ္ဂိုလ်ရေးရာလုပ်ရက်များကြောင့် ဦးဝင်းထိန်က “သူ ကောင်းရင် ကောင်းသလို ၊ တောရင် တော်သလို ချီးမွမ်းမယ်။အသုံးမကျရင် အသုံးမကျသလို ဆုံးမမယ်” ဟု မှတ်ချက်ပေးခဲ့သည်။

လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့ဖူးသည့် “ဘီးလင်းမြို့နယ်ရှိ တရားမဝင်ဗလီများကို ဖျက်သိမ်းရန် ဝန်ကြီးချုပ်အမိန့်ပေးခဲ့သည်”ဆိုသည့် ကောလဟာလများကို ဖြေရှင်းတတ်လေ့ရှိသည့် ဝန်ကြီးချုပ် သည် မိမိဂုဏ်သိက္ခာနှင့် မလျော်ညီသော ပုဂ္ဂိုလ်ရေးရာသတင်းတစ်ပုဒ်ကိုမူ ဖြေရှင်းချက်တစ်စုံတစ်ရာ မျှ ထုတ်ခဲ့ခြင်းမရှိခဲ့ပေ။

လက်ရှိမှာတော့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးမင်းမင်းဦး အပါအဝင် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ နှင့် ဒု-ဥက္ကဌ တို့ကို ပါတီဗဟိုမှ လေ့လာသုံးသပ်ရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေး မှုများပြုလုပ်ခဲ့ပြီးနောက် ဂုဏ်သိက္ခာနှင့် မလျော်ညီသည့် လုပ်ဆောင်ချက်များကို တွေ့ရှိရသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လေ့လာသုံးသပ်ရေးအဖွဲ့သည် မွန်ပြည်နယ်ဝန်ကြီးချုပ်အပေါ် ချ မှတ်မည့် ပြစ်ဒဏ်သည် မွန်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ ပြည်သူလူထုတစ်ရပ်လုံးအတွက် အမှန်တကယ် အလုပ်လုပ်ပြီး ပြည်သူ့အသံနားဆင်မည့် ဝန်ကြီးချုပ်အသစ်ပြောင်းလဲသည့် အဖြေဖြစ်မလား(သို့မဟုတ်) အနာဂတ်မသေချာတော့သည့် လက်ရှိ မွန်ပြည်နယ်ဝန်ကြီးချုပ်ကပဲ ပြည်သူလူထု လိုချင်သည့် မွန်ပြည်နယ်၏ ဖခင်တစ်ဦးပီသအောင် ပြင်ဆင်လာမလားဆိုတာကိုတော့ စိတ်ရှည်ရှည်ထားပြီး စောင့်ကြည့်ရုံသာ ရှိပါတော့သည်။

TU Arkar Min

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.