၂၀၁၇ နှစ်သစ်အတွက် အနားမညီတြိဂံ ပြဿနာများ

0
12182
ဓါတ်ပုံ - အင်တာနက်

မာန်ဏီ

၂၀၁၆ ခုနှစ်မှ သယ်လာသောပြဿနာများစွာအနက် တြိဂံသဖွယ် ဆက်စပ်လျက်ရှိသောပြဿနာ ၃ ရပ်ကို ဦးစွာ ဆန်းစစ်ကြည့်ချင် သည်။ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်အရေးနှင့် စီးပွားရေးပြဿနာတို့သည် တြိဂံသဖွယ် ဆက်စပ်လျက် ရှိသည့်တိုင် ရှေ့တန်းရောက် ပုံချင်း ထပ်တူမဖြစ်သဖြင့် အနားမညီဟု

သုံးနှုန်းလိုက်ပါသည်။

နှစ်သစ်အကူး၌ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) ကို (ဒေါ်စုလက်ထက်) ဒီမိုကရေစီအစိုးရ မျက်မှောက်တွင် လက်မှတ်ထိုးမည်ဟု ဖင်တကြွကြွ လက်တပြင်ပြင် ဖြစ်ခဲ့ကြသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ မျှော်လင့်ချက်သည် လုံးဝပျက်ပြားသွားပြီဟု မဆိုနိုင်သည့်တိုင် လှုပ်ရှားတက်ကြွရင်ခုန်မှု မရှိနိုင်တော့ ပြီဟု ဆိုချင်သည်။

ထို့အတူ အာဏာရအစိုးရဖက်မှလည်း ယခင်အစိုးရလက်ထက်က ရွှေလက်နှင့်ခေါ်၍ မလာလျှင် ဘူလက် (ကျည်ဆံ) နှင့် ခေါ်ရမည်ဟု မိုက်တိမိုက်ကန်း ပြောခဲ့သူ ဦးလှဆွေလိုမျိုး လူမရှိသေးသည့်တိုင် တိုက်ပွဲများက သက်သေပြနေသည်။ “မြေတစ်လက်မမျှ အဆုံးရှုံးမခံနိုင်” ဟု တပ်မှူးများက ပြောနေကြသည်။ တိုက်ပွဲများက ကျယ်ပြန့်ကြီးမားလာသည့်အလျှောက် မျှော်လင့်ချက်တိမ်များ လေနှင်ရာ လွင့်ပါလာရသောအခါ လေစိမ်းများ တိုက်လာတော့သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ တလျှောက်လုံး ရပ်တည်တောင်းဆိုချက် ဖြစ်သော “အားလုံးပါဝင်ရေးမူနှင့် ပတ်သက်၍ “အားလုံးပါဝင်နိုင်ခြင်း ဆိုသည်မှာ အားလုံးကို ကိုယ်စား ပြုသည့်ပုဂ္ဂိုလ်များ ပါဝင်နိုင်ရေးကို ဆိုလိုခြင်း ဖြစ်ပါကြောင်း” ဟု (UPDJC) အစည်းအဝေးတွင် ပြောကြားသွားသည်။ ၎င်းအစည်းအဝေးတွင်ပင် “ငြိမ်းချမ်းရေးပဋိပက္ခ ချုပ်ငြိမ်းရန် ပဋိပက္ခရပ်စဲရေးနည်းလမ်း တစ်မျိုးတည်းသာ ရှိကြောင်း” “ငြိမ်းချမ်းရေးညီလာခံ ပြင်ပမှနေ၍ အချိန်မဆွဲကြရန်” စသဖြင့် ပြောကြားသွားသည်။

ဤသည်မှာ တစ်ဖက်မှ စိတ်မရှည်တော့၍ စည်းဖြတ်လိုက်ခြင်းပင် ဖြစ်သည်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ အခရာအင်အားစု ဖြစ်သော (KIA) သည် (UNFC) ၏ ဥက္ကဋ္ဌဖြစ်ရာ အကျေအလည် ညှိနှိုင်းနိုင်ခြင်း မရှိသရွေ့ အကောင်အထည်ပေါ်နိုင်မည် မဟုတ်ပါ။ UNFC ဘက်မှလည်း တိုက်ပွဲများနှင့် ပတ်သက်၍ ဆက်လက်ညှိနှိုင်းမည်။ ဝ တပ်ဖွဲ့ (UWSA) ကို ဒိုင်အဖြစ် တက်ခွင့်ပေးရန် ညှိနှိုင်းလာသည်ကိုလည်း အစိုးရဖက်မှ လက်မခံခဲ့ပါ။

ငြိမ်းချမ်းရေး ဒုတိယအကြိမ်ညီလာခံ၏ အမျိုးသားအဆင့် ဆွေးနွေးပွဲများကို ဇန်နဝါရီလအတွင်း ကျင်းပပြီး ဒုတိယအကြိမ် ညီလာခံကို ဖေဖော်ဝါရီလတွင် ကျင်းပရန် လျာထားသည်။ ဤတွင် UNFC ဖက်မှ အစုအဖွဲ့ပုံစံကို ၃ ပွင့်ဆိုင်ထားစေချင်သော တင်ပြချက်ကို မူဘောင်တွင် မပြင်ဆင်နိုင်ဘဲ ရှိနေရာ ဤခြားနားမှုများကြားတွင် သဘောတူညီချက်က တိုးပွားမလာဘဲ စစ်ပွဲ၏ ဒဏ်ရာဒဏ်ချက် ဒုက္ခသည်အရေအတွက်ကသာ များသထက်များလာနေသည်။ NCA တွင် ထပ်မံလက်မှတ်ထိုးသောအဖွဲ့များ ရှိလာရေးမှာ အလှမ်းဝေးလျက် ရှိနေသည်။ ၂၀၁၇ ခုနှစ် ငြိမ်းချမ်းရေးညီလာခံကို တိုက်ပွဲများအကြားရှိရင်း အခြေအနေဖြင့် ဆက်လက်ကျင်းပမည်ဆိုပါကလည်း အနှစ်သာရ ကင်းမဲ့ကာ ဒုတိယညောင်နှစ်ပင် အမျိုးသားညီလာခံသာ ဖြစ်ဖို့ ရှိသည်။

ငြိမ်းချမ်းရေးညီလာခံသည် ဖက်ဒရယ်ဒီမိုကရေစီဆိုင်ရာ ညီလာခံလည်း ဖြစ်သည်။ ပထမအကြိမ် ငြိမ်းချမ်းရေးညီလာခံကတည်းကပင် တိုင်းရင်းသားအများစု လိုလားသောပုံစံနှင့် တပ်မတော်က လိုလားသောပုံစံတို့ လုံးဝခြားနားနေသည်ကို အထင်အရှား တွေ့နိုင်သည်။ ထိုညီလာခံတွင် ထူးခြားသည်မှာ တစ်တိုင်းပြည်လုံးသို့ တိုက်ရိုက်လွှင့်ပေးခြင်း ဖြစ်သည်။ ဤသည်မှာ အပေါ်ယံအမြင်အရ ပွင့်လင်းမြင်သာမှု ရှိသယောင် ဆောင်သော်လည်း အများစုဗမာလူထုကြီးနှင့် တိုင်းရင်းသားများကို ရန်တိုက်ပေးလိုက်သလား နောက်ပိုင်းတွင် ပြန်စဉ်းစားမိသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ကြွေးကြော်သံဖြင့် လွှတ်တော်ထဲ ဝင်လာကာ ပြောင်းလဲရေး (Change) ကြွေးကြော်သံဖြင့် ရွေးကောက်ပွဲကို တောင်ပြိုကမ်းပြိုင် အနိုင်ယူအစိုးရဖွဲ့ခဲ့သောပါတီသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကို နှာစေးနေခဲ့သည်။ ၂၀၁၆ ခုနှစ်ကုန်ကာလအထိ အခြေအနေမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် လက်ရှိအခြေအနေတွင် အစိုးရပါတီအတွက် အသုံးတည့်နေသလို ဖြစ်ပြီး ငြိမ်းချမ်းရေးသာ ရရှိသွားလျှင် အခြေခံဥပဒေ ပြင်ဆင်ရေးသည် အလိုလိုပြေလည်သွားမည်ဟူသော အင်တာဗျူးများကိုလည်း ဖတ်ခဲ့ရသည်။

ပြီးခဲ့သောခေတ်အဆက်ဆက်တွင် သဘောတူညီချက် ရရန် စစ်ရေးနည်းဖြင့် ခြိမ်းခြောက်စစ်ဆင်ကာ ဖိအားပေးခဲ့သည့် အစဉ်အလာကို ယခုကာလ တပ်မတော်က ဆက်လက်ကိုင်စွဲနေသည်ဟု ယူဆရမလို ဖြစ်နေသည်။ လက်ရှိအစိုးရအနေဖြင့်လည်း ဖြေရှင်း၍ မရမည့်အတူတူ “ကျွန်တော်လည်း ထိုနည်း၎င်း” ဟူသော ရွှေမန်းတင်မောင်သီချင်းအတိုင်း လိုက်ကနေခြင်းဟု ယူဆသည်။ မြောက်ပိုင်းစစ်ပွဲများကို အစိုးရ၏ သဘောတူချက် မပါဘဲ ဆင်နွှဲနေခြင်းဟု မယူဆပါ။ စစ်ပွဲများ ကြာရှည်ကြီးမြင့်လာသည့်အလျှောက် လက်နက်ကိုင် တိုင်းရင်းသားများဖက်တွင် လက်မှတ်ထိုးပြီး (RCSS) ရှမ်းအဖွဲ့နှင့် တအာင်းပလောင်တို့ တိုက်ပွဲဖြစ်လာခြင်း၊ လက်မှတ်ထိုးပြီး KNU အဖွဲ့နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့ ထိတွေ့မှု ၃ ကြိမ် ဖြစ်ပွားလာသည်မှာလည်း မတော်တဆ ထိတွေ့မှု ဖြစ်ပုံမရပါ။ ညီလာခံကို အချိန်ဆွဲလိုက်သော KNU သည် လက်ရှိအခြေအနေတွင် ခေါင်းဆောင်အစားထိုးဖွယ် အနေအထား ရောက်လာကာ တင်းမာမှုဆီ ရှေးရှုလျက် ရှိသည်။

မည်သို့ပင်ဆိုစေကာမူ ခေါင်ဆောင်ကြီးများသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ငြိမ်းချမ်းရေးညီလာခံကို နိုင်ငံတကာအလယ် ပွဲထုတ်ဗန်းတင်ရန် မမေ့မလျော့ခဲ့ပါချေ။ အသွင်ကူးပြောင်းရေးဆိုင်ရာ လေ့လာချက်များ၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် နိုင်ငံတကာ အလှူရှင်အဖွဲ့အစည်းများ၏ ထောက်ပံ့ပေးကမ်းမှု ရရှိရန် သည်းခြေကြိုက်လုပ်ငန်းစဉ် ဖြစ်နေသည် မဟုတ်ပါလော။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အတိမ်အနက်ကို အပထား၊ အနာဂတ်ကိုလည်း ဆက်တွေးနေစရာ မလို ထောက်ပံ့မှုများ လုပ်ကြရာ မြန်မာနိုင်ငံတွင် ပူးတွဲကော်မတီ (JCB) (Joint Coordinating Body) ဟူ၍ ပေါ်လာတော့သည်။ နိုင်ငံတကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေများ စီမံခန့်ခွဲရန် ဖြစ်သည်။ မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) ကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးစင်တာ (NRPC) အဖြစ် အမည်ပြောင်းလဲ ဖွင့်လှစ်ခဲ့ပြီးလည်း ဖြစ်သည်။

၂၀၁၇ ခုနှစ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ ဆွေးနွေးမှုများတွင် NLD ၏ ဖက်ဒရယ်ဆိုင်ရာ အသေးစိတ်မူကို ချပြဆွေးနွေးရန်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဖက်ဒရယ်ဖွဲ့စည်းပုံပင် ဖြစ်သည် ဟူသော ဆွေးနွေးချက်အပေါ် သဘောထားပေးရန် လိုအပ်လှသည်။ တိုင်းရင်းသားများဖက်မှလည်း ဗမာပြည်နယ်၊ အများသားများပြည်နယ်နှင့် ပြည်နယ်သစ်များကိစ္စ ပေးထားချက်များအပေါ် ပြန်လည်စဉ်းစားရန် လိုမည်ထင်သည်။ ဖက်ဒရယ်အရေးနှင့် ငြိမ်းချမ်းရေးသည် တိုက်ရိုက်ဆက်စပ်လျက် ရှိသည်ဖြစ်ရာ မည်မျှလုပ်ဆောင်နိုင်ကြမည်ကို ဆက်လက်စောင့်ကြည့်ရန်သာ ရှိပါမည်။

၂၀၁၇ ခုနှစ်၏ အနားမညီတြိဂံထဲမှာ အနားတဖက်ဖြစ်သော စီးပွားရေးကိစ္စဖက် ပြန်ကြည့်လျှင် တိုးတက်လာသည်ဟု မည်သူမျှ မပြောကြချေ။ ၉ လတာအတွင်း ပိုဆိုးမလာအောင် ထိန်းထားရေးနှင့် နောက်နှစ်များအတွက် အခင်းအကျင်းများ ပြင်ဆင်ရေးကိုသာ တွေ့မြင်ကြရသည်။

စီးပွားရေးကဏ္ဍ ဦးမော့လာစေရန်မှာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ငွေရေးကြေးရေး ဝန်ဆောင်မှုနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍ ၄ ခုပေါ် မူတည်ရာ ၎င်းကဏ္ဍများ၌ အထင်အရှား ပြောင်းလဲတိုးတက်မှု မတွေ့ရသေးပေ။

စီးပွားရေးပေါ်လစီ ၁၂ ချက် ချမှတ်သည်တွင် အသေးစိတ်မကျ ယျေဘုယျဆန်လွန်းသည်ဟု အဝေဖန်ခံရသည်။ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု မူဝါဒကို ထုတ်ပြန်ရန် နှောင့်နှေးခြင်းကြောင့်လည်းကောင်း၊ နည်းဥပဒေ မထွက်ပေါ်လာသေးခြင်းကြောင့်လည်းကောင်း ရင်းနှီးမြှုပ်နှံမှု ဝင်လာရေး နှောင့်နှေးနေပြီး ယခင်နှစ်ကထက် နည်းပါးခဲ့သည်။ ၁၉၁၄ ခုနှစ်ကုမ္ပဏီများ အက်ဥပဒေကို ပြင်ဆင်ပြဌာန်းခြင်း မလုပ်နိုင်သေးခြင်းကြောင့်ဟုလည်း ဆိုကြပါသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) မှာ (၃.၆၅) ဘီလီယံဒေါ်လာသာ ရှိခဲ့ပြီး ယမန်နှစ်ကထက် တစ်ဘီလီယံဒေါ်လာ လျှော့နည်းသွားသည်ဟု ဆိုသည်။ ကုန်သွယ်ရေးလိုငွေပြမှုမှာ ၂ ဘီလီယံဒေါ်လာကျော် ရှိနေသည်။ မြန်မာနိုင်ငံ၏ ပြည်ပကြွေးမြီသည် ၂၀၁၆ ခုနှစ် မတ်လထိ (၉.၅၃၄) ဘီလီယံဒေါ်လာ ရှိနေရာမှ နောက်ထပ်ချေးငှားမှုများကြောင့် ၂၀၁၇ ခုနှစ်သို့ သယ်လာသောအကြွေးမှာ ၁၂ ဘီလီယံဒေါ်လာ ဖြစ်သွားသည်။ ဒေါ်လာငွေ လဲနှုန်းမှာလည်း တစ်ဒေါ်လာ (၁၄၅၀) ကျပ်ထိ စံချိန်တင်ခဲ့သည်။ ၆ နှစ်တာအတွင်း စံချိန်တင် ငွေဖောင်းပွမှုနှုန်း (၁၁.၄၆) ရာနှုန်း ဖြစ်သွားသည်။

မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှု အားကောင်းရန် အခြေခံအဆောက်အဦ ကောင်းမွန်ပြည့်စုံနေဖို့ လိုသည်။ မြန်မာနိုင်ငံ၏ လျှပ်စစ်မီး ရရှိသည့် အခြေအနေမှာ အားရစရာ မကောင်းလှပါ။ ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ မြို့ပေါင်း (၁၇၂) မြို့နှင့် ကျေးရွာပေါင်း (၄၂၆၇၁) ရွာတို့တွင် လျှပ်စစ်မီး မရရှိသေးပေ။ လက်ရှိလျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု ပမာဏမှာ (၄၂၀၂.၇၉) မဂ္ဂါဝပ် ရှိပြီး ယင်းမှ ၃ ရာနှုန်းခန့်သည် ကျောက်မီးသွေးလောင်စာမှ ရရှိခြင်း ဖြစ်သည်။ လျှပ်စစ်မီး မရရှိသေးသောနေရာဒေသများနှင့် နေရောင်ခြည်စွမ်းအင် ဆိုလာစနစ်ဖြင့်လည်းကောင်း၊ (F.O) လောင်စာသုံး လျှပ်စစ်ဓါတ်အားပေးစနစ်ဖြင့်လည်းကောင်း ဖြည့်ဆည်းလျက် ရှိသည်။

သဘာဝဓါတ်ငွေ့ ထုတ်လုပ်ရေးစီမံကိန်းများ ရှိသော်လည်း စာချုပ်အရ တရုတ်နှင့် ထိုင်းနိုင်ငံတို့သို့ အများစုကို ရောင်းပေးနေရသည်။ မိမိ၏ ရောင်းပိုင်ခွင့်မှာ ရဲတံခွန်၊ ရတနာ၊ ဇောတိကနှင့် ရွှေ စသော သဘာဝဓါတ်ငွေ့စီမံကိန်းများမှ ပျမ်းမျှအားဖြင့် (၁၅) ရာနှုန်းမှ (၂၀) ရာနှုန်းအထိသာ ရှိသည်။ နိုင်ငံ့စီးပွားရေးအင်ဂျင်အဖြစ် တင်စားလေ့ရှိသော အထူးစီးပွားရေးဇုံများအနက် သီလဝါတစ်ခုသာ ရင်းနှီးမြှုပ်နှံမှုနှင့် လုပ်ငန်းစတင်မှု ရှိနေသည်။

မြန်မာနိုင်ငံ၏ စီးပွားရေး ရာသီဥတုကို ခြုံပြောရလျှင် မဆိုးရွားသော်လည်း ကောင်းမွန်သည်ဟု မဆိုနိုင်ခဲ့ပါ။ ၂၀၁၇ ခုနှစ်အတွက် ရည်ရွယ်ထုတ်ဝေသော (Doing Business) (2017) စာရင်းတွင် ကမ္ဘာ့နိုင်ငံပေါင်း (၁၉၀) အနက် မြန်မာနိုင်ငံက အဆင့် (၁၇၀) ချိတ်ပါသည်။ မြန်မာတို့ အထင်သေးနေသော လာအိုနိုင်ငံက အဆင့် (၁၃၉) ရှိပြီး၊ မလေးရှားသည် အဆင့် (၄၆)၊ ထိုင်းသည် အဆင့် (၂၃) ရှိသည်။ ကြိုးနီစနစ် ရှုတ်ထွေးသည်ဟု နာမည်ကြီးသော အိန္ဒိယနိုင်ငံသည် အဆင့် (၁၃၀) ရှိပြီး၊ မွန်မြူနစ်တရုတ်နိုင်ငံသည် အဆင့် (၇၈) ရှိသည်။ မြန်မာတို့ အနှစ် ၂၀ အတွင်း ကျော်တက်မည့် စင်္ကာပူမှာ အဆင့် (၂) ထိပ်ဆုံးပိုင်းတွင် ရောက်နေသည်။

အုပ်ချုပ်ရေးပိုင်းတွင် “ဒီချုပ်တာဝန်ရှိသူများအနေနှင့် စီမံအုပ်ချုပ်ရေးပိုင်း အားနည်းချက် ရှိကြောင်း” နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဝန်ခံထားသည်။ ဌာနဆိုင်ရာများမှ စနစ်ဟောင်းတွင် အမြစ်တွယ်နေသူများသည် နိုင်ငံရေးအရ ခန့်အပ်ထားသော ဌာနဆိုင်ရာ အကြီးအကဲများ၏ ခေါင်းဆောင်မှုကို လက်ခံအသိအမှတ် ပြု မပြုနှင့် ချမှတ်ထားသော ပြုပြင်ပြောင်းလဲရေးနည်းလမ်းများကို ယုံကြည်စွာ လိုက်ပါလုပ်ဆောင်ခြင်း ပြု မပြုဆိုသည်မှာ ရေရာသေချာသော ကိစ္စမဟုတ်ပါ။ သို့သော်လည်း ထိပ်တိုက်တိုးခြင်း၊ သူစိမ်းပြင်ပြင် ဆက်ဆံရေးအနေအထား မရှိခြင်းကြောင့် ပြည်သူများအနေနှင့် ဖိနှိပ်အနိုင်ကျင့်မှုဒဏ်မှ သက်သာရာ ရစေပြီး အကောင်းဖက်လမ်းစပျိုးခြင်းဟု ယူဆနိုင်သည်။

၂၀၁၇ နှစ်သစ်ကို အကြမ်းဖျင်း ကောက်နုတ်လေ့လာခြင်း ဖြစ်ရာ ဤမျှဖြင့် အစိုးရသစ်၏ ပထမနှစ် ၉ လ အခြေအနေကို ခန့်မှန်း၍ ရနိုင်ပြီ ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နယ်စပ်နှင့် ဆက်စပ်နေသော ရခိုင်ပြည်နယ် မောင်တောဒေသ ပဋိပက္ခအခြေခံဖြင့် မလေးရှားနိုင်ငံနှင့် ဆက်ဆံရေး တင်းမာခြင်း ရှိနေသည့်အပြင်၊ ရပ်ဆိုင်းထားလိုက်ရသော မြစ်ဆုံရေကာတာ အခြေခံ အခြားအကျိုးစီးပွားပြဿနာများနှင့် ပတ်သက်သော တရုတ်နှင့် ဆက်ဆံရေး အေးစက်သွားခြင်းလည်း ရှိနေလျက် ဖြစ်သည်။ တရုတ်နယ်စပ်တလျှောက် ဖြစ်ပွားသော တိုက်ပွဲကြီးငယ်များသည် တရုတ်နိုင်ငံ ပယောဂမကင်းဟု ဝေဖန်သူများက ဆိုသည်။

ဓါတ်ပုံ - အင်တာနက်
ဓါတ်ပုံ – အင်တာနက်

ချုပ်၍ ပြောရလျှင် ၂၀၁၇ ခုနှစ်ကို မည်သို့ပင် အကောင်းမြင်စေချင်သည် ဆိုဦးတော့၊ ပြည်တွင်းအခြေအနေများမှာ အကဲဆတ်ပြီး မည်သည့်ပြဿနာကိုမျှ လက်ရှောင်လုပ်၍ မရသော ဘေးကျပ်နံကျပ် အနေအထား ဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းနှင့် နိုင်ငံရေးပုဒ်မဟု ဆိုကြသော ပုဒ်မ – ၅ (ည) ပယ်ဖျက်ပေးခြင်း၊ အမေရိကန်မှ စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းပေးခြင်း စသည်တို့မှာ ကောင်းသောလာခြင်းများ ဖြစ်သော်လည်း မပြီးဆုံး မထိရောက်သော အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ ကလေးလုပ်သားနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ သက်ငယ်မုဒိမ်းမှုများတို့ခ မိမိကြောင့် မဟုတ်သည့်တိုင် လူ့အဖွဲ့အစည်း၏ ကောင်းသောလက္ခဏာများ မဟုတ်ပါပေ။ ရာဇဝတ်မှု ထူပြောလာခြင်းနှင့် အသေးစား (M-150) ဗုံးများ ပေါက်ကွဲနေခြင်းကလည်း လုံခြုံရေးကဏ္ဍ ယိုယွင်းမှုကို မီးမောင်းထိုးနေပေသည်။

နိုင်ငံရေးအပိုင်းမှ ပြောလျှင် မီဒီယာများနှင့် ဆက်ဆံရေး အခြေအနေ မကောင်းခြင်း၊ ဆက်သွယ်ရေးပုဒ်မ – ၆၆ (ဃ) ရှေ့တန်းရောက်လာခြင်းက ဒီမိုကရေစီ လူ့အဖွဲ့အစည်းတွင်းမှ မပြည့်ဝသော စံချိန်ကို ညွှန်းဆိုသည်။ ရွေးကောက်ပွဲ အာဏာရှင်စနစ်အဆင့် မရောက်သည့်တိုင် ပါတီတွင်းအုပ်စုတိုက်ပွဲများ၊ လွှတ်တော်နှင့် အစိုးရ အားပြိုင်ခြင်းများ ရှိနေရာ အစိုးရ၏ စွမ်းဆောင်နိုင်စွမ်းအပေါ် သံသယဝင်စေပါသည်။ သို့ဆိုစေကာမူ အချစ်လွန်ခြင်းနှင့် အမုန်းအားကြီးခြင်းလက္ခဏာ ရောပြွမ်းနေသော ပြည်သူလူထုသည် ယနေ့အချိန်ထိ နားလည်သည်းခံ ခွင့်လွှတ်စွာဖြင့် အပြောင်းအလဲကို မျှော်လင့်ချက် ထားနေဆဲ ဖြစ်သည်။ (Bangkok Post) သတင်းစာပါ ဆောင်းပါးတစ်ပုဒ်တွင် “မြန်မာနိုင်ငံတွင် စိတ်ရှည်သည်းခံ အကောင်းမြင်သဘောထား ရှိနေမည်ဆိုလျှင် ဘာမဆို ဖြစ်လာနိုင်ကြောင်း” ရေးသားထားရာ ရှိထားသည့် သည်ခံစောင့်ဆိုင်းမှုကို ဆက်လက်ရေထပ်ထိုးရုံသာ ရှိပါကြောင်း။ ။

မာန်ဏီ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.