“ကလေးတွေကိုဗုံးခိုကျင်းနဲ့ ပတ်သက်တာတွေက ဘာသာရပ်တခုလိုကို သင်ရတယ်၊လေယာဉ်လာရင် ထွက်မကြည့်ဖို့၊ ဗုံးခိုကျင်းထဲ ဘယ်လိုဝပ်နေဖို့၊ အဲဒီလိုလမ်းညွှန်မှုတွေကို အမြဲမပြတ် ပြောပေးနေရတယ်”

0
2490

ဗုံးခိုကျင်းနံဘေးက စာသင်ကျောင်းလေးများ 

သံလွင်တိုင်းမ် 

နိုင်ငံတကာရဲ့ စာသင်ကျောင်းတွေမှာ ကလေးကစားကွင်း၊ အားကစားကွင်းနဲ့ အပန်းဖြေဖို့သစ်ပင်လေးတွေ၊ ပန်းပင်လေးတွေနဲ့ ကလေးတွေကို ကျောင်းနေပျော်အောင် ဖန်တီးပေးထားကြတာကို တွေ့မြင်ရလေ့ရှိပါတယ်။

စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားအောက်က ပညာရေးကို အလိုမရှိတဲ့ ကျောင်းသားကျောင်းသူတွေတက်နေတဲ့ တာလဘတ်ပဲမိုး၊ ထရံကာ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေမှာတော့ ကလေးကစားကွင်း၊ အားကစားကွင်းနဲ့ အပန်းဖြေဖို့သစ်ပင်လေးတွေအစား ဗုံးခိုကျင်းတွေကိုသာ တွေ့မြင်ရပါတယ်။

လေယာဉ်သံနဲ့ လက်နက်ကြီးသံတွေကြား အထိတ်ထိတ်အလန့်လန့်နဲ့ ပညာသင်နေကြရတဲ့ ကလေးငယ်တို့ရဲ့ မျက်နှာငယ်လေးတွေရဲ့ တခြားတစ်ဘက်မှာတော့ ဒါဟာ စစ်အာဏာရှင်စနစ်ဆိုးကြောင့် ဆိုတာကို ပေါ်လွင်နေပါတယ်။

စစ်ကောင်စီဟာ အခုစာသင်နှစ်မှာ ကျောင်းလာအပ်တဲ့ ကျောင်းသားတွေအတွက် ကျောင်းအပ်ခ အခမဲ့အပြင် ကျောင်းသုံးပစ္စည်းတွေကို ထောက်ပံ့ပေးမယ်လို့ ကြေညာပါတယ်။ 

ဒါပေမယ့် တော်လှန်ရေးနယ်မြေက ကျောင်းတွေကိုတော့ လေကြောင်းတိုက်ခိုက်တာအပြင် လက်နက်ကြီးနဲ့ပစ်ခတ်ပြီး ရန်သူသဖွယ် ခြေမှုန်းနေပါတယ်။
အိမ်နီးချင်းနိုင်ငံတွေမှာ ကျောင်းပညာရေးမြင့်မားပြီး ကျောင်းသားတွေအတွက် အစိုးရက တက်ဘလက် (Tablet) တွေအထိ ထောက်ပံ့နေချိန် မြန်မာနိုင်ငံမှာတော့ အာဏာသိမ်းစစ်ကောင်စီက တော်လှန်ရေးနယ်မြေရှိ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေကို လေကြောင်းကနေ တိုက်ခိုက်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေတာ ဖြစ်ပါတယ်။ 

တော်လှန်နေရးနယ်မြေတစ်ချို့က စာသင်ကျောင်းတွေမှာ စာသင်ကျောင်းနဲ့ မအပ်စပ်တဲ့ ဗုံးခိုကျင်း၊ ကတုတ်ကျင်းတွေတူးပြီး ပညာသင်ယူနေရတာပါ။

ကတုတ်ကျင်းများနှင့် စာသင်ကျောင်း

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်တော်လှန်ရေး အပြင်းအထန်ဖြစ်နေတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကယား (ကရင်နီ) ပြည်နယ်၊ ကရင်ပြည်နယ်တို့မှာ စစ်ကောင်စီက နယ်မြေအများစုကို လက်လွှတ်ထားရပါတယ်။ 

အဲဒီနယ်မြေတွေမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရက ကိုယ်ထူကိုယ်ကျောင်းတွေ ဖွင့်လှစ်ထားပါတယ်။ 
ကရင်နီပြည်နယ်မှာ စာသင်ကျောင်းတွေ ပြန်ဖွင့်ထားပေမယ့် စာသင်ကျောင်းဘေးမှာ မရှိမဖြစ် ဗုံးခိုကျင်းတွေတူးထားရတယ်လို့ ကရင်နီပြည်နယ်မှာ စာသင်ကျောင်းဖွင့်လှစ်ထားတဲ့ နွေဦးဂုရုလေးများအဖွဲ့က ကိုတင့်ဇော်ဟိန်းက ပြောပါတယ်။

“ အဓိကကတော့ ကျောင်းတွေမှာ ဗုံးခိုကျင်းတွေ ဆောက်ရတာပေါ့။ ဗုံးခိုကျင်းတွေ တောက်လျှောက်လုပ်ရတယ်၊ ဖွင့်တယ်ဗျ။  နေရာတော့ ပြောင်းဖွင့်ရတာပေါ့။ ဗုံးခိုကျင်းတွေ ဆောက်ပြီးဖွင့်ရတာပေါ့။ အခုဆို လေယာဉ်သံကြားတာနဲ့ ထွက်မကြည့်နဲ့ပေါ့။ ဗုံးခိုကျင်းထဲပြေး အဲဒီလိုမျိုး လုပ်ထားတယ်”လို့ ဆိုပါတယ်

ပြီးခဲ့တဲ့ စာသင်နှစ်က ကရင်နီပြည်နယ်တွင်း ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေ အနီးတဝိုက်မှာ လက်နက်ကြီးတွေ မကြာခဏ ကျရောက်ပေါက်ကွဲခဲ့လို့ နေ့တပိုင်းသာ စာသင်ရတာတွေ ရှိခဲ့သလို အရမ်းပြင်းထန်တဲ့ရက်တွေဆို တစ်ပတ်လောက်အထိ ကျောင်းပိတ်ခဲ့ရတာပါ။

ပြီးခဲ့တဲ့နှစ်အတွင်း ကရင်နီပြည်နယ်က ကလေးအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းနီးပါး ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေမှာ တက်ရောက်ခဲ့တယ်လို့ ရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဒါပေမဲ့ အခု စာသင်နှစ်စမှာ ပြည်နယ်အတွင်း စစ်ရေး အလွန်ပြင်းထန်နေတဲ့အတွက် ကျောင်းပြင်ပရောက်ရှိသွားတဲ့ ကလေးအရေအတွက် ၅ ရာခိုင်နှုန်း ထက်ပိုလာပြီလို့ ဆိုပါတယ်။

စစ်ကောင်စီကို တော်လှန်မှုပြင်းထန်တဲ့ စစ်ကိုင်းတိုင်းမှာလည်း ကလေးတွေဟာ ဗုံးခိုကျင်းတွေနဲ့ တဖြည်းဖြည်းရင်းနှီးလာပြီး စာသင်ကျောင်းတွေမှာ လေယာဉ်အသံကြားရင် ဘယ်လိုနေထိုင်ရမလဲဆိုတာကို သင်ပေးတာက ဘာသာရပ်တခုလိုတောင်ဖြစ် လာပြီလို့ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က ကိုယ်ထူကိုယ်ထစာသင်ကျောင်းတစ်ခုမှာ စာသင်ကြားပေးနေသူ ဆရာတစ်ဦးက ပြောပါတယ်။

“ဒီရက်တွေထဲဆို လေယာဉ်က တောက်လျှောက်ဝဲနေတာ၊ကျွန်တော်တို့နဲ့မနီးမဝေးမှာ လေယာဉ်နဲ့ပစ်တာတွေရှိတယ်။ ကလေးတွေကိုဗုံးခိုကျင်းနဲ့ ပတ်သက်တာတွေက ဘာသာရပ်တခုလိုကို သင်ရတယ်၊လေယာဉ်လာရင် ထွက်မကြည့်ဖို့၊ ဗုံးခိုကျင်းထဲ ဘယ်လိုဝပ်နေဖို့၊ အဲဒီလိုလမ်းညွှန်မှုတွေကို အမြဲမပြတ် ပြောပေးနေရတယ်” လို့ သူက ဆိုပါတယ်။

မကွေးတိုင်းမှာလည်း ကျောင်းတွေပြန်ဖွင့်နေပြီး စာသင်ကျောင်းအချို့ စတင်လည်ပတ်နေပါတယ်။ ကျေးရွာ ရပ်မိရပ် ဖတွေနဲ့ ကျောင်းကော်မတီတွေက ကလေးတွေရဲ့လုံခြုံရေးအတွက် ဆွေးနွေးပြီး စိတ်ချရတဲ့ အခြေအနေတခုလို့ယူဆတဲ့အတွက် ကလေးတွေကို ကျောင်းပို့ဖြစ်တယ်လို့ ကျောင်းသားမိဘတဦးဖြစ်တဲ့ ကိုဇော်လင်းက ပြောပါတယ်။ 

ဒါပေမဲ့ ကျောင်းတွေအပေါ် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေကို သတင်းတွေကနေ သိထားရသူမို့ စိတ်မအေးနိုင်ဘဲ ကျောင်းအနီးမှာ ဗုံးခိုကျင်းတခုဆောက်ဖို့ သူက စိတ်အားထက်သန်နေပါတယ်။

“ကလေးတွေက ကိုဗစ်၊ အာဏာသိမ်းတာနဲ့ ပညာရေးနဲ့ အရမ်းဝေးနေတာကြာပြီ။ သားသမီးတွေကို ပညာလည်း တတ်စေချင်တယ်။ တဘက်မှာလည်း လေယာဉ်နဲ့ပစ်တဲ့သတင်းတွေကလည်း တောက်လျှောက်ကြားနေရတယ်။ ဒါပေမဲ့ ကျောင်းကော်မတီတွေ၊ ရပ်မိရပ်ဖတွေနဲ့ ကလေးတွေရဲ့လုံခြုံရေးကို ဆွေးနွေးပြီး စိတ်ချရတဲ့အခြေအနေတခုလို့ထင်လို့ ကျောင်းကိုပို့ဖြစ်တာပါ။ဒါပေမယ့် ကျောင်းမှာ ဗုံးခိုကျင်းမရှိသေးဘူး။ ဆောက်ပေးစေချင်တယ်။ လေကြောင်းရန်နဲ့ပတ်သက်ပြီး အသိပေးလမ်းညွှန်တာတွေ များများလေး လုပ်ပေးစေချင်တယ်။ ကလေးတွေ အိမ်ကထွက်တာနဲ့ စိတ်မအေးဖြစ်ရတယ်။ တတ်နိုင်တဲ့ဘက်ကနေ လေကြောင်းရန်အတွက် လမ်းညွှန်မှုတွေ ကလေးတွေကို လုပ်ပေးစေချင်ပါတယ်” လို့ သူက ဆိုပါတယ်။

ကျောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်လာတဲ့ လေကြောင်းစစ်ဆင်ရေး

အာဏာသိမ်းစစ်ကောင်စီဟာ အခုသီတင်းပတ်ထဲမှာပဲ အဲဒီလို ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေကို လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်တာတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇွန်လ ၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

စာသင်ကျောင်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ အကြီးမားဆုံးဖြစ်စဉ်ကို ပြန်ပြောရရင် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်း လက်ယက်ကုန်းရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေနဲ့ တနာရီကြာ တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ စာသင်နေတဲ့ ကလေး ၇ ယောက်နဲ့ လူကြီး ၆ ယောက် စုစုပေါင်း ၁၃ ယောက် သေဆုံးခဲ့ပြီး ဖမ်းဆီးခံထားရသူ ကလေးနဲ့ ဆရာ၊ ဆရာမ ၁၅ ယောက်ထိ ရှိခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး နိုင်ငံတကာက အပြင်းအထန် ဝိုင်းဝန်း ပြစ်တင်ရှုတ်ချခဲ့ပြီး ရာဇဝတ်မှုမြောက်တဲ့ လုပ်ဆောင်မှုဖြစ်တယ်လို့ ဆိုကြပါတယ်။

စစ်ကောင်စီကတော့ ကချင်လွတ်လပ်ရေးအဖွဲ့  (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ လက်နက်တွေ သယ်ဆောင်မယ်လို့ သတင်းရတဲ့အတွက် စီးနင်းခြင်းဖြစ်တယ်လို့ ဖြေရှင်းချက်ထုတ်ခဲ့ပါတယ်။ 

ဒါပေမဲ့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ကလေးသူငယ်တွေ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုအခြေအနေတွေနဲ့ ပတ်သက်ပြီး ဖော်ပြခဲ့တာမရှိခဲ့ပါဘူး။ မျက်မြင်သက်သေတွေနဲ့ဒေသခံတွေကတော့ အဲဒီနေ့က မြေပြင်မှာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိသလို ကျေးရွာအတွင်း PDF တွေလည်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။
အဲဒီလို ကြီးမားတဲ့တိုက်ခိုက်မှုအပြီး စာသင်ကျောင်းတွေကို တိုက်ခိုက်တာ ရပ်တန့်မသွားတဲ့အပြင် အခုနှစ်မှာတော့ ပိုပြီးတောင် ခပ်စိပ်စိပ် တိုက်ခိုက်လာပါတော့တယ်။ 

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ပေါက်အင်းမြိုင်ရွာက စာသင်ကျောင်းကို ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့မှာ တိုက်ပွဲမရှိဘဲ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုက်ခိုက်ရေး ရဟတ်ယာဉ် Mi-35 ကနေ ကျောင်းပေါ် ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ AAPP က ဆိုပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနဲ့ လူနေအိမ်တလုံး ပျက်စီးခဲ့ပြီး ကလေးနှစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း၊ ရှုခင်းသာရွာက စာသင်ကျောင်းကိုလည်း ဇွန်လ ၅ ရက် မနက်ပိုင်းမှာ စစ်ကောင်စီက တိုက်ခိုက်ခဲ့လို့ ဒေသခံအမျိုးသားတဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့က စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ထန်းတောဗောဓိ အထက်တန်းကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ 

KNU တပ်မဟာ ၆ နယ်မြေမှာလည်း ဧပြီလနဲ့ မေလအတွင်း လေတပ်က ၃၁ ကြိမ်ဗုံးကြဲခဲ့ပြီး ကြည်းတပ်က ၁၈၄ ကြိမ် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်လို့ စာသင်ကျောင်း သုံးကျောင်း ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီလေတပ်က ကော့ကရိတ်မြို့နယ်၊ ခုဒုံကျေးရွာအုပ်စု၊ ဆံဖလားရွာကို ဇွန်လ ၆ ရက် မနက် ၂ နာရီလောက်က ဗုံးကြဲခဲ့တဲ့အတွက် မူလတန်းကျောင်း တကျောင်း၊ အိမ်လေးလုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရေအေးကုန်းကျေးရွာက စာသင်ကျောင်းတွေကိုလည်း ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့မှာ စစ်ကောင်စီရဲ့စစ်ကြောင်းက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ 


သံလွင်တိုင်းမ် သတင်းဌာနက စုဆောင်းထားတဲ့ အချက်အလက်တွေအရ စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ် အစောပိုင်းကနေ ဒီကနေ့အထိ စာသင်ကျောင်းတွေကို ဖျက်ဆီးမှု၊ လေကြောင်းတိုက်ခိုက်မှု ၁၅ ကြိမ် လုပ်ဆောင်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်း ၅ ကြိမ်နီးပါး၊ ကရင်ပြည်နယ်အတွင်း ၄ ကြိမ်ထက်မနည်း လေကြောင်းနဲ့တိုက်ခိုက်ခဲ့သလို ကရင်နီပြည်နယ်မှာတော့ ၄ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းတခု မီးလောင်ပျက်စီးခဲ့ပါတယ်။ 

ကရင်နီပြည်နယ်မှာတော့ ဒီမော့ဆိုမြို့နယ် အရှေ့ခြမ်းကကျောင်းတွေဟာ စစ်ကောင်စီရဲ့စစ်ကြောင်းနဲ့ လေယာဉ်ပစ်တိုက်ခိုက်မှုတွေကြောင့် လုံးဝပျက်စီးသွားခဲ့ပြီလို့ ကရင်နီပြည်နယ်တွင်း အဖွဲ့အစည်းတွေက ဆိုပါတယ်။

ကျီးလန့်စာစား စာသင်သားများ

ကရင်နီပြည်နယ်က လက်ရှိဖွင့်ထားတဲ့ကျောင်းတွေမှာ ဆရာ၊ ဆရာမတွေရော ကျောင်းသားမိဘတွေမှာပါ စစ်ကောင်စီရဲ့ လေကြောင်းရန်ကြောင့် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ စိုးရိမ်မှုတွေပါ မြင့်တက်နေတယ်လို့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) လူ့အခွင့်အရေးကောင်စီ ဥက္ကဋ္ဌ ဦးဗညားက ပြောပါတယ်။

“အရင်တုန်းကဆို လက်နက်ကြီးတွေ စိုးရိမ်ရတယ်။ အခုဆိုရင် လက်နက်ကြီးရော လေယာဉ်ရော ထပ်စိုးရိမ်ရတယ်။ ကျောင်းမှာရှိနေတဲ့ ကျောင်းဆရာ၊ ဆရာမတွေကလည်း လေယာဉ်ကို ပိုစိုးရိမ်စိတ် များလာတာတွေ့ရတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် လေယာဉ်သံကို ပိုပြီးနားစွင့်လာကြတယ်ပေါ့နော်။ ဗုံးခိုကျင်းတွေကိုလည်း အတတ်နိုင်ဆုံး တည်ဆောက်ထားဖို့ ဆော်သြထားတာတွေလည်းရှိပါတယ်။ အဲဒီတော့ပြောရရင် ကျနော်တို့အနေနဲ့ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင် ရာရော စိုးရိမ်နေရတာတော့ အရင်နှစ်တွေထက်စာရင် အခုရက်ပိုင်း အခုလပိုင်းမှာ ပိုပြီးမြင့်တက်လာတာ အမှန်ပဲ” လို့ဆိုပါတယ်။

ဧပြီလနှောင်းပိုင်းမှာ ပြန်လည်စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် မိုးဗြဲနဲ့ ဒီမော့ဆိုအရှေ့ခြမ်းကနေ လွိုင်ကော်မြို့ပေါ် ကို စစ်ဘေးရှောင်နေရတဲ့ မိသားစုတွေကတော့ လွိုင်ကော်မြို့ပေါ်မှာပဲ စစ်ကောင်စီက ဖွင့်ထားတဲ့ ကျောင်းတက်နေပြီး မချစ်သော်လည်း အောင့်ကာနမ်းရတဲ့ အခြေအနေဖြစ်နေပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ကျောင်းသားမိဘ အမျိုးသမီးတစ်ဦးကတော့ လေကြောင်းရန်ကြောင့် သားသမီးတွေကို ပညာသင်ယူမှုပုံပြောင်းလဲ ပစ်လိုက်ရတယ်လို့ ဆိုပါတယ်။

“ကလေးနှစ်ယောက်က အရင်က ဒီ ပကဖတွေဖွင့်တဲ့ကျောင်းမှာ တက်တာပေါ့။ ပြီးခဲ့တဲ့ရက်တွေကစပြီး သူတို့ရွာတွေအပေါ်မှာ လေယာဉ် ဝဲတယ်။ ကျောင်းအပေါ်မှာလည်း ဝဲတယ်။ အဲဒီအခြေအနေမှာ ကျမလည်း ဆက်မထားနိုင်တော့ဘူး။ ကလေးတွေကို အခုပြန်ခေါ်ထားပြီး NUG ကလုပ်တဲ့ အွန်လိုင်းစာသင်ကျောင်းမှာပဲ ပြန်ထားထားရတယ်” လို့ သူက ပြောပြပါတယ်

ပြီးခဲ့တဲ့နှစ်က စစ်ကိုင်းတိုင်းမှာ ဗုံးခိုကျင်းအတွင်း စာသင်နေတဲ့ ကလေးငယ်တွေနဲ့ ဆရာမရဲ့ဓာတ်ပုံ လူမှုကွန်ရက် မှာ ပျံ့နှံ့ခဲ့သလို ကရင်နီပြည်နယ်မှာ ကလေးတွေစာသင်နေတုန်း စစ်ကောင်စီလေယာဉ်က ကျောင်းပေါ်မှာ အနီးကပ်ပျံသန်းခြိမ်းခြောက်ခဲ့လို့ ကလေးတွေ ထွက်ပြေးနေရတဲ့ပုံတွေ ပျံ့နှံ့ခဲ့ပါတယ်။
ဒီလိုလုပ်ရပ်တွေဟာ ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေရဲ့လုပ်ရပ်အတိုင်း လူထုကို ပညာရေးမှာနိမ့်ပါးအောင် စစ်ကောင်စီက ကြံစည်လုပ်ဆောင်နေတာလို့ စစ်ကိုင်းအတွင်းက ကျောင်းသားမိဘတဦးက ဆိုပါတယ်။

“စစ်ကောင်စီအနေနဲ့ အခုလိုတိုက်ခိုက်နေတာတွေဟာ ကလေးတွေရဲ့ပညာရေးကို ထိခိုက်အောင် တမင်ရည်ရွယ် ပြီး လုပ်နေတာ။ ပညာရေးကို တမင်ရည်ရွယ်ချက်ရှိရှိ နှိပ်ကွပ်ထားတဲ့ အတိုင်းအတာနဲ့ ရှေးခေတ်အဆက်ဆက်ထဲက ပညာရေးမှာ နာလန်မထူမှ သူတို့တွေ ကြာရှည်စိုးမိုးနိုင်မယ်။ သူတို့တွေ အုပ်ချုပ်နိုင်မယ်။ ဒါကြောင့်မို့ သူတို့တွေက ပညာရေးကို တမင်ရည်ရွယ်ချက်ရှိရှိနဲ့ လွတ်လပ်စွာ ပညာသင်ခွင့်မရအောင် လုပ်နေတာ” လို့ ပြောပါတယ်။

ရုန်းကန်နေရဆဲ ကိုယ်ထူကိုယ်ထပညာရေး

စစ်ကောင်စီအနေနဲ့ အခုလို အကြောက်တရားတွေနဲ့ဖိနှိပ်နေပေမယ့် ကျောင်းတွေကို ရတဲ့နည်းနဲ့ဖွင့်ဖို့ လုပ်ဆောင်နေတယ်လို့ ဒေသတွင်းအဖွဲ့အစည်းတွေက ပြောပါတယ်။ 

ကရင်နီပြည်နယ်မှာဆိုရင် ဒီမော့ဆိုမြို့နယ်အရှေ့ခြမ်းနဲ့ မိုးဗြဲဒေသကလွဲရင် ကျန်တဲ့နေရာတွေမှာ ကျောင်းတွေကို ပြန်ဖွင့်နေပြီး ဆက်လက်တည်ဆောက်နေတဲ့ ကျောင်းတွေလည်း ရှိနေပါတယ်။ ဒါပေမယ့် ကိုယ်ထူကိုယ်ထ ကျောင်းတွေဟာ အလှူငွေနဲ့ရပ်တည်ရတာဖြစ်လို့ အထောက်အပံ့အများကြီး လိုအပ်နေဆဲပါ။
ကရင်နီပြည်နယ်အတွင်း ပညာရေးလုပ်ငန်းတွေကို တွင်တွင်ကျယ်ကျယ်လုပ်ကိုင်နေတဲ့ နွေဦးဂုရုလေးများအဖွဲ့ကတော့ ကလေးတွေကျောင်းတက်ဖို့ ကိုယ်တိုင်ရွေးချယ်သင့်ပြီး ရွေးချယ်နိုင်အောင် ကူညီထောက်ပံ့ပေးသင့်တယ် လို့ အကြံပေးပါတယ်။

“ကလေးတွေကို ရွေးချယ်ခွင့်ပေးသင့်တယ်။ ဘယ်ကျောင်းမှာ တက်မလဲပေါ့။ အဲဒီလိုရွေးချယ်ခွင့်ပေးဖို့ဆိုရင် ရွေးချယ်လို့ရအောင် ရွေးချယ်စရာဆိုတာ ရှိနေဖို့လိုတယ်။ အဲဒီတော့ ရွေးချယ်စရာရှိအောင် ကူညီပေးရမယ်။ အခုအချိန်ဆို ကျောင်းတွေအသစ်ဆောက်နေတယ်။ ရေတွေလည်းများလာပြီဆိုတော့ အမိုးအကာတွေ လိုလာတယ်။ ကျောင်းသုံးဗလာစာအုပ်ကအစ အားလုံးလိုအပ်နေပါတယ်” လို့ဆိုပါတယ်။

ကိုယ်ထူကိုယ်ထကျောင်းတွေဟာ တာလပတ်မိုးပြီး၊ ဝါးထရံကာထားတဲ့ အဆောက်အဦးတွေထဲမှာ ကျောင်းဖတ်စာအုပ်ကို မျှဝေသုံးစွဲပြီး ပညာတတ်မြောက်ရေး လုံးပမ်းနေကြရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကျောင်းသုံးစာအုပ် မလုံလောက်တဲ့ ပြဿနာလည်းရှိနေပါတယ်။ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကရင်ပြည်နယ်၊ ကယားပြည်နယ်တို့မှာ မြို့ပေါ်ကနေ စစ်ရေးပြင်းထန်တဲ့ဒေသတွေကို ကျောင်းစာအုပ်တွေ မရောက်အောင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေက ပြင်းပြင်းထန်ထန် လုပ်ဆောင်နေပါတယ်။

အခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မန်ကျည်းစောက်ကျေးရွာက အခြေခံပညာ ကျောင်းသူ၊ ကျောင်းသား ကလေးငယ်တွေရဲ့ ကျောင်းသုံးစာအုပ်တွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ရေထဲပစ်ချ ဖျက်ဆီးသွားခဲ့ပါတယ်။

အဲဒီလို အခြေအနေတွေအောက်မှာကိုပဲ ကလေးတွေကိုယ်တိုင်က ကျောင်းတက်ဖို့ စိတ်အားထက်သန်နေပြီး စာတတ်မြောက်ရေးအတွက် ကြိုးစားမှုက အားရစရာကောင်းတယ်လို့ ပညာရေးအဖွဲ့အစည်းတွေက ဆိုပါတယ်။

“ကျောင်းကို အချိန်မှန်လာတယ်။ အိမ်စာပေးရင်လုပ်တယ်။ ကျောင်းပတ်ဝန်းကျင်နဲ့ သန့်ရှင်းရေးဆိုလည်း လုပ်ကြတယ်။ ကျောင်းက လှုပ်ရှားမှုတွေမှာဆိုလည်း ပါဝင်ကြတယ်။ ကလေးတွေရဲ့ စိတ်အားထက်သန်မှုကတော့ အရမ်းမြင့်တယ်။ လုံခြုံစွာ ပညာသင်ကြားခွင့်မရတာက အတော်လေးကို စိတ်မကောင်းစရာကောင်းပါတယ်” လို့ ဒီမော့ဆိုအနောက်ခြမ်း စစ်ဘေးရှောင်စခန်းက ဆရာမတဦးက ပြောပါတယ်။

တနေ့တချိန် နိုင်ငံ့ကောင်းကျိုး ဆောင်ရွက်နိုင်ရေး ပညာအရည်အချင်း ပြည့်ဝသူတွေ မွေးထုတ်ဖို့ အရေးတကြီး လိုအပ်နေချိန် အာဏာသိမ်းစစ်တပ်ဟာ လက်ရှိပစ္စက္ခခတ်ကာလကိုသာမက အနာဂတ်ကိုပါ ဖျက်ဆီးနေတယ်ဆိုတာ အခုလုပ်ရပ်တွေက အထင်အရှားပြနေပါတယ်။

တဘက်မှာလည်း ပညာလိုလားသူ ကျောင်းသားကျောင်းသူတွေကတော့ စစ်အာဏာရှင်ရဲ့ လေကြောင်းတိုက်ခိုက် မှုကြောင့် ဗုံးခိုကျင်းဘေးမှာ လေယာဉ်သံကိုနားစွင့်ရင်း ပညာဆက်လက် ဆည်းပူးနေကြဆဲပါပဲ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.