၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိပါက ဥပဒေပြုရေးမဏ္ဍိုင်ကို အဓိကလုပ်ဆောင်သွားမယ် ဆိုတဲ့ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီကိုယ်စားလှယ်လောင်း ဦးမင်းဝင်းထွဋ်နှင့်တွေ့ဆုံခြင်း

0
14946

တွေ့ဆုံမေးမြန်းသူ – TU Arkar Min

မေး- အန်ကယ့်အနေနဲ့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့ပုံလေးလည်း ပြောပြပါဦး။
ဖြေ-ကျွန်တော်တို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကနေ ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ဖို့အတွက် ကိုယ်စားလှယ်လောင်း သုံးယောက်ထဲကနေ ရွေးချယ်ခဲ့တာပါ။ အစည်းအဝေးမှာ အတည်ပြုထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက ကျွန်တော့ကို အတည်ပြုလိုက်လို့ပါ။

မေး- သုံးယောက်ထဲမှာမှ အန်ကယ့်ကို ရွေးချယ်ခဲ့တယ်ဆိုတော့ အဲ့ဒီအပေါ် အန်ကယ့်အမြင်လေး လည်းပြောပြပေးပါဦး။
ဖြေ-ကျွန်တော်အမြင်ကတော့ ကျန်တဲ့နှစ်ယောက်က အရင်ကတည်းက နိုင်ငံရေးအတွေ့အကြုံ ရှိပေမယ့် ပြည်သူလူထုက သိရှိမှု နည်းတယ်လို့ ကျွန်တော်ယူဆပါတယ်။

မေး- အရင်ကရော နိုင်ငံရေးအတွေ့အကြုံအနေနဲ့ အန်ကယ် ဘာများလှုပ်ရှားခဲ့လဲ။
ဖြေ-နိုင်ငံရေး လှုပ်ရှားမှုကတော့ သိပ်မရှိပါဘူး။ ကျွန်တော်က ဝန်ထမ်းဖြစ်နေလို့လေ။ ၂၀၁၅ ရွေး ကောက်ပွဲတုန်းက လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ပြိုင်ခဲ့ပါတယ်။ အမှတ်(၁) မှာတော့ ဒေါက်တာအောင်နိုင်ဦး နိုင်ခဲ့တယ်။ အမှတ်(၂) မှာ ကျွန်တော်ပြိုင်တာ ရှုံးသွားပါတယ်။ ဒါကြောင့် ဒီ ၂၀၁၇ ကြားဖြတ်မှာ ကျွန်တော်တို့ ပါတီအနေနဲ့ ကျွန်တော့ကိုပဲ ဦးတည်နေကြပါတယ်။

မေး – ကိုယ်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်မှာ ဘယ်လောက်အတိုင်းအတာထိ အလုပ်လုပ်နိုင်မယ်လို့ အန်ကယ်မျှော်လင့်ပါသလဲ။
ဖြေ – ၂၀၁၀ မှာ လွှတ်တော်သုံးရပ်မှာ လေးယောက်ဝင်ရောက်အရွေးခံတဲ့နေရာမှာ ကျွန်တော်တို့ ပါတီက သုံးယောက်နိုင်ပါတယ်။၂၀၁၅ မှာ ဒေါက်တာ အောင်နိုင်ဦး တစ်ယောက်ပဲ နိုင်ခဲ့ပါတယ်။ ကျွန်တော့အနေနဲ့လည်း လူထု အားပေးမှု ရှိကောင်းရှိလိမ့်မယ်လို့ ကျွန်တော်ယူဆပါတယ်။

မေး – လက်ရှိရော ကြားဖြတ်ရွေးကောက်ပွဲအတွက် ဘာတွေ ပြင်ဆင်နေပြီလဲ။
ဖြေ – ကျွန်တော်က ဆည်မြောင်းဦးစီးကနေ အငြိမ်းစားယူပြီးတော့ လူထုဗဟိုပြုစီမံကိန်းမှာ NGO မှာ ဆက်လက်တာဝန်ထမ်းဆောင်နေပါတယ်။ ကျွန်တော့ လှုပ်ရှားမှုက သိပ်တော့မရှိသေးပါဘူး။ သို့ သော် မြို့နယ်ပါတီကနေ လှုပ်ရှားနေတာတွေတော့ ရှိတယ်။ ကျယ်ကျယ်ပြန့်ပြန့်တော့ မဟုတ်ပါဘူး။ ကျွန်တော့ အောင်နိုင်ရေးအတွက် ပါတီကနေ လှုပ်ရှားပေးနေတာတွေ ရှိပါတယ်။

မေး – ကြားဖြတ်မှာ အနိုင်ရရှိခဲ့မယ်ဆိုရင် မွန်ပြည်နယ်မှာ ဘာတွေ ဆောင်ရွက်ဖို့ ရည်ရွယ်ထားလဲ။
ဖြေ-လွှတ်တော်သုံးရပ်မှာ အဓိကကတော့ ဥပဒေပြု မဏ္ဍိုင်ပါပဲ။ ကျွန်တော်သာ ပြည်သူ့လွှတ်တော် ကိုယ်စားဖြစ်သွားရင် ဥပဒေပြုမဏ္ဍိုင်ကို ကိုယ့်ရေမြေသဘာ၀ ၊ ကိုယ့်နိုင်ငံ ကိုယ့်ပြည်နယ်နဲ့ ကိုက်ညီ တဲ့ ချွတ်ယွင်းနေတဲ့ ဥပဒေတွေကို ပြန်လည်ပြုပြင်ပေးဖို့ဆန္ဒရှိပါတယ်။

မေး – ပြည်သူလူထုက အန်ကယ့်ကို ဘာကြောင့် မေးပေးသင့်တယ်လို့ ထင်လဲခင်ဗျာ။
ဖြေ – ကျွန်တော်က မွန်တိုင်းရင်းသားပါ။ ကျွန်တော်တို့ ယှဉ်ပြိုင်ရမှာ လေးပါတီရှိပါတယ်။ ၂၀၁၀ မှာ နိုင်ထားတဲ့ အနေအထားပေါ်မူတည်ပြီးတော့ ဒီတစ်ခေါက်လည်းနိုင်မယ်လို့လည်း ကျွန်တော် မပြော ပါဘူး။ ဒါပေမယ့် ဆက်လက်ကြိုးစားရမှာပေါ့နော်။

မေး – တစ်လောက အန်ကယ်တို့ AMDP ပါတီနဲ့ မွန်ပါတီတွေပေါင်းပြီးတော့ မွန်တစ်ပါတီတည်း ဖြစ် ရေး ဆွေးနွေခဲ့တာတွေလည်း တွေ့ခဲ့ရတော့ မွန်တစ်ပါတီတည်းဖြစ်သွားမယ်ဆိုရင် အန်ကယ့်အမြင် လေးလည်းပြောပြပေးပါဦး။
ဖြေ – မွန်နှစ်ပါတီမှာ ၂၀၁၀ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(AMDP) က အသာရခဲ့တယ်။၂၀၁၅ မှာ မွန်အမျိုးသားပါတီက ဝင်ရောက်အရွေးခံတော့ မဲတွေ ကွဲသွားတာတွေရှိတယ်။နောက်ပြီး NLD က ပြောနေတဲ့ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ စကားကို ကြိုက်ကြလို့ ကျွန်တော်တို့ AMDP ကတစ်ယောက်ပဲ အနိုင်ရခဲ့တယ်။ ချောင်းဆုံမြို့နယ်မှာတော့ AMDP က အင်အားသာပါတယ်။

မေး – လက်ရှိအစိုးရသစ်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး အန်ကယ်ဘယ်လိုမြင်လဲ။
ဖြေ – NLD အစိုးရက ပြောင်းလဲချိန်တန်ပြီဆိုလို့ လူထုက ကြိုက်လို့ တင်မြှောက်ထားတဲ့ အစိုးရ ဖြစ် ပါတယ်။ မူဝါဒကိုတော့ အကုန်လုံး ကျွန်တော်မသိသေးဘူး။ တစ်ချို့ မူဝါဒ ကျတော့ ကောင်းတယ်။ မူဝါဒ ဘယ်လောက်ကောင်းကောင်း အောက်ခြေက လူထု ပူးပေါင်းပါဝင်မှု အားနည်းနေတယ်လို့ ကျွန်တော်မြင်တယ်။

မေး – မွန်ပြည်နယ်ဝန်ကြီးချုပ်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး လူထုဝေဖန်သံတွေလည်း ထွက်တွေတော့ အန်ကယ့်အမြင်လေးလည်းပြောပြပါဦး။
ဖြေ – အားသာချက်နဲ့ အားနည်းချက်ကို ပြောရရင် အားနည်းချက်တွေက အများကြီးရှိနေတယ်။ လူထုမျှော်မှန်းထားသလောက်တော့ ဖြစ်မလာသေးပါဘူး။ အဲ့ဒါက သူတို့အပြစ်လည်းမဟုတ်ပါဘူး။

ဒီမိုကရေစီနုနေတဲ့နိုင်ငံမှာ ဒီလိုပဲ ဖြစ်တတ်တယ်လို့ ကျွန်တော်သုံးသပ်ပါတယ်။
မေး – မွန်ပြည်နယ်ဝန်ကြီးချုပ်နေရာမှာ ပအိုဝ်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါ်စံဝင့်ခိုင်ကို ခန့်ထား မယ်လို့ သတင်းလည်း ထွက်ပေါ်ခဲ့တာတွေ ရှိတော့ အဲ့လိုလုပ်မယ်ဆိုရင် ဘာတွေဖြစ်လာမယ်လို့ အန်ကယ်ထင်လဲ။

ဖြေ – ဒီအချိန်မှာ ကိုယ်က လုပ်ပိုင်ခွင့်မရှိသေးတော့ သဘောထားလောက်ပဲ တင်ပြနိုင်မယ်။ ဝန်ကြီး ချုပ်ဦးမင်းမင်းဦးရဲ့ လုပ်ဆောင်ချက်အသေးစိတ်ကို မသိသေးတာက တစ်ကြောင်း၊ သူ့ရဲ့ လုပ်ဆောင် ချက်ကို ဝေဖန်နေတာတွေတော့ရှိတာပေါ့နော်။
မေး – မွန်ပြည်နယ်မှာ အန်ကယ့်တို့ လုပ်ဆောင်ဖို့ မျှော်မှန်းထားတာတွေရှိရင်လည်း ပြောပြပါဦး။

ဖြေ – နံပါတ်တစ် အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ အဓိက မဏ္ဍိုင်သည် ဥပဒေပြု မဏ္ဍိုင်ဖြစ် တယ်။ နံပါတ်နှစ် အိစုးရအဖွဲ့ကို Check and Balance ဆိုတဲ့ အပြန်အလှန်ထိန်းကျောင်းမှု လုပ်ကို လုပ်ရမယ်။ အားသာတဲ့အချက်တွေမလိုပေမယ့် အားနည်းတဲ့အချက်တွေကို ထောက်ပြပေးရမယ်။ အဲ့ဒီနှစ်ချက်အပြင် တိုင်းရင်းသားတွေရဲ့ စာပေယဉ်ကျေးမှုကို မြှင့်တင်ချင်တယ်။ ကျွန်တော်က ဆည် မြောင်း အင်ဂျင်နီယာတစ်ယောက်ဖြစ်တော့ လယ်သမားတွေဘက်လည်း ပြန်ငဲ့ကြည့်ချင်တယ်။ ချောင်းဆုံမှာ ဆည်မြောင်းဦးစီးကနေ အကောင်အထည်ဖော်နေတဲ့ တာတမံများ အသစ်တည်ဆောက် ခြင်း ၊ ပြန်လည်ပြုပြင်ခြင်း၊ ရေကြီးမှုတွေမဖြစ်အောင် တူးမြောင်းတူးဖော်ခြင်းလုပ်ငန်းတွေဟာ ဆည် မြောင်းကနေ ပြည်နယ် ရံပုံငွေ ရသလောက် အကောင်အထည်ဖော်နိုင်မှာလေ။ ခေတ်မှီဖွံ့ဖြိုးတဲ့ ဆည် မြောင်းစနစ်ကို တည်ဆောက်ချင်တယ်။လယ်သမားတွေကို အကျိုးပြုချင်တယ်။အညာဒေသ ဆည် မြောင်းတွေနဲ့ မတူပါဘူး။ အညာဆည်မြောင်းက ရေပေးဝေရေး စနစ်ဖြစ်တယ်။ချောင်းဆုံက ရေပေး ဝေရေး မလိုဘူး။ ကမ်းပါးပြိုတဲ့နေရာတွေ ကမ်းပါး ပြန်လုပ်ပေးဖို့၊တာကျိုးတဲ့နေရာတွေကို တာအသစ် ပြန်ဆောက်ပေးဖို့၊ရေကြီးနစ်မြုပ်တဲ့နေရာတွေကို တူးမြောင်းဆောက်ပေးဖို့ အဓိက လုပ်ဆောင်သွား ချင်တယ်။
မေး-အန်ကယ့်အနေနဲ့ သံလွင်တိုင်းမ်ကနေတစ်ဆင့် ပြည်သူလူထုကို ဘာများပြောချင်ပါလဲခင်ဗျာ။

ဖြေ-အခုအရွေးခံမယ့် (၅)ယောက်ထဲမှာ ပါတီကိုမကြည့်ဘဲနဲ့ ပုဂ္ဂိုလ်ရဲ့ အရည်အချင်းကိုသာ ကြည့်ပြီး မဲပေးကြပါလို့ တိုက်တွန်းလိုပါတယ်။
ကျေးဇူးတင်ပါတယ် အန်ကယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.