ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း နိုင်စိန်မြမောင်နှင့်တွေ့ဆုံခြင်း

0
14885

ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပါက တိုင်းရင်းသားလက်နက်ကိုင်များအပါအဝင် တိုင်းရင်းသား အားလုံးကို ယဉ်ကျေးမှုနှင့် ဘာသာရေးများမခွဲခြားဘဲ ချစ်ခင်ရင်းနှီးအောင် လုပ်ဆောင်သွားမယ်ဆိုတဲ့ မွန်အမျိုးသားပါတီ(MNP) မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း နိုင်စိန်မြမောင်နှင့်တွေ့ဆုံခြင်း

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် လစ်လပ်နေရာအတွက် ပါတီငါးခုမှ ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းခဲ့ရာ မွန်အမျိုးသား ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း နိုင်စိန်မြမောင်(ခ)နိုင်မြမောင်လည်း ပါဝင်ခဲ့သည့်အတွက် သံလွင် တိုင်းမ်နှင့်တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

မေး – ၂၀၁၇ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ဖို့အတွက် အန်ကယ့်ကို မွန်အမျိုးသားပါတီ(MNP) က ရွေးချယ်ခဲ့တယ်ဆိုတော့ အန်ကယ်ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့ပုံ လေးပြောပြပါဦး။

ဖြေ – ပထမကတော့ မွန်အမျိုးသားပါတီက သူတို့မြို့နယ်တွေမှာ သူတို့ရွေးတယ်ပေါ့နော်။ လူမရှိဘူး။ အခက် အခဲရှိတယ်လို့ သူတို့လာပြောတယ်။ အန်ကယ်က ပြောလိုက်တယ်။ ကိုယ့်စိတ်ကြိုက်ရွေး၊ကုန်ကျစရိတ်(၅၀) ကုန်မယ်ဆိုရင် အန်ကယ်(၂၅) ထည့်ပေးမယ်။ ကိုယ်တိုင်လည်း မဲဆွယ်စည်းရုံးရေးကိစ္စတွေ လုပ်အားပေး မယ်။ တကယ်လို့လုပ်လို့မရဘူးဆိုရင် ဗဟိုကော်မတီကိုတင်လိုက်။ ဗဟိုကော်မတီက စိတ်ဝင်စားတဲ့ တာဝန် ရှိသူတွေ လုပ်ပါစေပေါ့။ တကယ်လို့ ကျွန်တော်တာဝန်ယူမယ်လို့ တစ်ယောက်မှ မပြောရင် အန်ကယ်တာဝန် ယူပေးမယ်။ နှစ်ယောက်ဖြစ်လာရင်တော့ အန်ကယ်နှုတ်ထွက်ပေးမယ်။ သုံးယောက်ဖြစ်လာရင်တော့ အန်ကယ် နှုတ်ထွက်ပြီး ကျန်နှစ်ယောက်ကို မဲဆန္ဒနဲ့ ဆုံးဖြတ်မယ်။ အန်ကယ်ပြောတဲ့အတိုင်း သူတို့လုပ်ပေမယ့် နောက်ဆုံးမှာ တာဝန်ယူပေးမယ့်သူမရှိဘူး။ အဲ့ဒါကြောင့် သူတို့ပေးထားတဲ့ ကတိအတိုင်း ကျွန်တော်ပဲ တာဝန် ယူပေးမယ်ဆိုတော့ ဗဟိုကလည်း လက်ခံတယ်။ သူတို့လည်း လက်ခံတယ်ဆိုတော့ ဝင်ပြိုင်ဖြစ်သွားတာပါ။

မေး – အန်ကယ့်အနေနဲ့ အရင်ကရော နိုင်ငံလှုပ်ရှားမှုအတွေ့အကြုံတွေရှိရင်လည်းပြောပြပေးပါဦး။

ဖြေ – အန်ကယ်တို့ အသက်(၂၀) လောက်ကတည်းက နဝတအစိုးရလက်ထက်၊ မဆလ လက်ထက် စသည် ဖြင့် ကျောင်းဆရာအဖြစ်နဲ့ လုပ်တဲ့ကျေးရွာတွေနဲ့ ကျေးရွာလူကြီးတွေက အန်ကယ့်ကို အတွင်းရေးမှူး တာဝန် ပေးတာတွေရှိတယ်။ ၁၉၈၅ လောက်မှာ ကျောင်းဆရာကနေပင်စင်ယူပြီးတော့တရားလွှတ်တော်မှာ တရားရုံး ချုပ်ရှေ့နေအဖြစ်နဲ့ အသက်မွေးဝမ်းကျောင်းလုပ်ပြီးတော့ ပါတီတွေက တာဝန်ပေးတာတွေကို တာဝန်ယူပြီး လုပ်ပေးခဲ့တယ်။ ၈၈ အရေးခင်းမှာ နားလိုက်ရတယ်။ ဒီနောက်ပိုင်းမှာ နိုင်ငံရေးပင်စင်နဲ့ ကျောင်းဆရာ ပင်စင် ယူပြီးတော့ တရားရုံးချုပ် ရှေ့နေကို (၁၅) နှစ်လောက်လုပ်ပြီးတော့ သားသမီးတွေလည်း ဥပဒေပညာရှင်တွေ ဖြစ်လာတယ်။ မိသားစုဥပဒေအကျိုးဆောင်လုပ်ငန်းဆိုပြီးတော့ အားလုံးကို အခမဲ့ အမှုလိုက်ပါပေးတယ်။ ၁၉၈၉ ခုနှစ်ကစပြီးတော့ မွန်ဒီမိုကရေစီပါတီ၊ မွန်အမျိုးသားဒီမိုကရေစီပါတီတွေဆိုတာ ဖြစ်လာတယ်။ အန်ကယ်က သံဖြူဇရပ်မြို့နယ်မှာ မြို့နယ်ဥက္ကဌလည်းလုပ်၊ တစ်ဖက်ကလည်း ဗဟိုအလုပ်အမှုဆောင် ကော် မတီ ဥပဒေရေးရာ ဌာနမှူးလည်းလုပ်တာပေါ့နော်။ နောက်ပိုင်းမှာ မွန်ပါတီတွေပြုတ်သွားပြီးတော့ လူမှုရေး ကိစ္စတွေ၊ ဘာသာရေးကိစ္စတွေ စဉ်ဆက်မပြတ် လုပ်ခဲ့တယ်။ ၁၉၈၉ ခုနှစ်မှာ မွန်အမျိုးသားဒီမိုကရေစီပါတီက မဲရွေးတော့ သံဖြူဇရပ်မြို့နယ်မှာ မဲအရွေးခံခဲ့တယ်။ အဲ့အချိန်ကလည်း အန်အယ်လ်ဒီကပဲ ပါသွားတယ်လေ။ ၂၀၁၀ ကျတော့ ကိုယ့်ပါတီက မထောင်ရသေးတော့ သံဖြူဇရပ်မှာပဲ တစ်သီးပုဂ္ဂလအနေနဲ့ အရွေးခံခဲ့တယ်။ ၂၀၁၂ လောက်မှာ မွန်ဒီမိုကရေစီပါတီထောင်တယ်။ ၂၀၁၅ မှာတော့ ပါတီကတာဝန်ပေးလို့ရေးမြို့နယ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ထမ်းဆောင်ရတယ်။ နိုင်ငံရေးလုပ်တယ်ဆိုတာ ကိုယ့်မာန် မာနတွေနဲ့ လုပ်တာမဟုတ်ဘူး။ ပြည်သူတွေကို စေတနာသန့်သန့်နဲ့၊ ဖြူစင်တဲ့စိတ်နဲ့ ဝါသနာအရ လုပ်တာပါ။ နာမည်ကောင်းရချင်လို့ ၊ အမတ်ဖြစ်ချင်လို့ ၊ ဝန်ကြီးချုပ်ဖြစ်ချင်လို့ မဟုတ်ဘူး။ အဲ့လိုနေရာလေးတွေ ရသွား ခဲ့ရင် ကိုယ့်ပြည်သူတွေရဲ့ ချွတ်ယွင်းချက်၊ အားနည်းချက်လေးတွေကို တရားဝင်တင်ပြလို့ရတယ်ဆိုတဲ့ ဆန္ဒ နဲ့ပဲ လုပ်နေတာပါ။

မေး – အန်ကယ်က နိုင်ငံရေးအတွေ့အကြုံတွေလည်းအများကြီးရခဲ့တယ်ဆိုတော့ အဲ့ထဲကနေပြီးတော့ အားနည်းချက်၊ အားသာချက်တွေကို ပြုပြင်ပြီးတော့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအတွက် ဘယ်လို မဲဆွယ် စည်းရုံးမှုတွေလုပ်နေပြီလဲ။

ဖြေ – နိုင်ငံရေးလုပ်တယ်ဆိုကတည်းက ကိုယ့်ပါတီကောင်းစားမှ ကိုယ့်ပြည်သူတွေအပေါ် စိတ်ကောင်းနှလုံး ကောင်းထားပြီးတော့ ပြည်သူတွေအကျိုးကို လုပ်နိုင်ဖို့ ရည်ရွယ်ထားတယ်။ ချောင်းဆုံမြို့နယ်ဆိုတာ သူတို့ မိသားစုလေးတွေအတွက် ဥပဒေအကျိုးဆောင်အနေနဲ့ စေတနာနဲ့ လုပ်ပေးလို့လေ။ အန်ကယ်က တစ်လောက အက်ဆီးဒင့်ဖြစ်လို့ အာရုံကြောနည်းနည်းထိခိုက်ထားတယ်။ အဲ့ဒါကြောင့် သူတို့ကို ပြေတယ်။ ရှာလိုက်ဦး၊ ဘယ်သူမှမရှိတော့မှ အန်ကယ်တာဝန်ယူပေးမယ်ပြောတယ်။ တိုင်းရင်းသားလူမျိုးလည်း အန်ကယ်တို့ မခွဲခြား ဘူး။ လူဆိုရင် ကိုယ့်နိုင်ငံက ချမှတ်တဲ့ဥပဒေတွေကို ပြင်ဆင်နိုင်ရမယ်။ အမှား၊အမှန်ကို ခွဲခြားသိမြင်နိုင်ရမယ်။ အဲ့လိုစိတ်ဓာတ်မျိုးနဲ့ပဲလုပ်တယ်။ မောက်မာထောင်လွှားကြွားဝါခြင်းလည်းမရှိဘူး။ ရွေးကောက်ပွဲနိုင် သွားရင် လည်း သူတို့အကျိုးစီးပွားတွေကိုပိုကောင်းအောင် လုပ်လို့ရသလို မနိုင်ရင်လည်းစိတ်ဝမ်းမကွဲဘူး။ ကိုယ့် အကြောင်းကို သိလာရင် လေးလေးစားစားနဲ့ ဆက်ဆံလာကြမယ်။ သူတို့ကလေးစားသလို ကိုယ်ကလည်း သူတို့ကိစ္စတွေကို လေးလေးစားစားနဲ့လုပ်ပေးမယ်။

မေး – မွန်အမျိုးသားပါတီအနေနဲ့ အန်ကယ့်အောင်နိုင်ရေးအတွက် လက်ရှိဘာတွေလှုပ်ရှားနေတာတွေ ရှိပြီလဲ။

ဖြေ – သူတို့တွေ ရွာကိုဆင်းပြီးတော့လိုအပ်ချက်တွေမေးတယ်။ အားမနာနဲ့လို့၊ ပွင့်ပွင့်လင်းလင်းပြောပါလို့ ၊ ကျွန်တော်တို့ အခုလာနေတာ အမတ်ဖြစ်ချင်လို့၊ ရာထူးတွေ အာဏာတွေ လိုချင်လို့မဟုတ်ဘူး။ သူတို့ အတွက် အလုပ်သမားကောင်းတစ်ယောက်ဖြစ်အောင်လုပ်ပေးဖို့၊ အိမ်သာပျက်နေလား၊ ရေချိုးခန်းပျက်နေ လား။ လမ်းပျက်နေလား၊ ကျွန်တော့ကိုပြောပါ။ ခုနှစ်ရက်အတွင်း ကျွန်တော်စိတ်ချမ်းသာအောင် လုပ်ပေးမယ်။ ကျွန်တော်ဟန်ဆောင်ပြီးပြောနေတာမဟုတ်ဘူးပေါ့။ ကျွန်တော်ဖြတ်သန်းခဲ့တဲ့ ဘဝတစ်လျှောက်လုံးလုပ်ခဲ့တဲ့ အရာတွေပဲလို့။ ဒီလောက်ပါပဲ။ ကြေငြာချက်တို့ ဘာတို့ကျတော့ (၃၀) ရက်နေ့လောက်ကျမှ မြို့ထဲလျှောက် ကြေငြာမှာပေါ့နော်။ ပြည်သူ့လွှတ်တော်ဆိုတော့ တစ်ပြည်နယ်ထဲနဲ့မဆိုင်ဘူး။ မြန်မာတစ်ပြည်လုံးဆိုင်သွားပြီ။ အန်ကယ်တို့က ပညာရေး၊ စီးပွားရေးတွေအပြင် အေးချမ်းတည်ငြိမ်းရေးကိုလိုချင်တယ်။

မေး – AMDP ပါတီနဲ့ အန်ကယ်တို့ မွန်ပါတီတွေက ပါတီတစ်ခုတည်းဖြစ်ရေး ကြိုးစားခဲ့တာတွေလည်း တွေ့ရ တော့ အဲ့ဒီအပေါ်မှာ အန်ကယ့်အမြင်လေးလည်းပြောပြပေးပါဦး။

ဖြေ – မွန်တွေ အချင်းချင်းချစ်ခင်ရင်းနှီးဖို့ပဲ လိုတယ်။ အန်ကယ်တို့ မွန်အမျိုးသားပါတီဆိုတာ မွန်ပြည်သူလူထု၊ ရဟန်းတွေနဲ့ မွန်ပြည်သစ်ပါတီအပါအဝင် လူပေါင်းစုံက အားလုံးကိုပူးပေါင်းစေချင်လို့ မွန်အမျိုးသားဒီမိုကရေစီ ပါတီလည်းဖြုတ်၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီလည်းဖြုတ်လိုက်လို့ မွန်အမျိုးသားပါတီဆိုတာ ဖြစ်လာ တယ်။ မွန်ဒေသလုံးဆိုင်ရာလည်း ခံဝန်ကတိလက်မှတ်တွေထိုးကြတယ်။ အဲ့ဒီနေ့မှာပဲ ပါတီတွေ ပျက်ကုန်ပြီ။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒေသလုံးဆိုင်ရာက မကောင်းဘူး။ ကိုယ့်မွန်လူမျိုးအချင်းချင်း ချစ်ခင်အောင် ၊ ရိုသေအောင်၊လေးစားအောင် လုပ်ဖို့ ဆန္ဒမရှိဘူး။ ကိုယ့်ရဲ့ ဘဝမြင့်တက်အောင်ဆိုပြီး အတ္တဆန်သွားတဲ့ အတွက် ဒီလိုဖြစ်သွားတယ်။ အခုအဲ့ပါတီနှစ်ခုက အဆင်မပြေကြဘူး။ အန်ကယ်က ကိုယ့်လူမျိုးအချင်းချင်း လူနေမှုဘဝနိမ့်ကျအောင်လုပ်မယ့်အထဲမှာ မပါဘူး။ ချောင်းဆုံက မွန်အမျိုးသားပါတီ ဗဟိုအလုပ်မှုဆောင်တွေ က သူတို့ကိုပြောတယ်။ သူတို့ အရွေးခံရင် နိုင်စိန်မြမောင်ကိုပြောလိုက်မယ်။ လက်မှတ်တော့ထိုးရမယ်လို့ ပြောတော့ သူတို့မလုပ်ဘူး။

မေး – ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရရှိခဲ့ရင် အန်ကယ့်အနေနဲ့ ဘာတွေလုပ်ဆောင်ဖို့ စဉ်စားထားလဲ။

ဖြေ – တကယ်လို့ နိုင်သွားရင် မွန်ပြည်နယ်မှာ တင်မကဘူး ကရင်ပြည်နယ်က ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်တွေနဲ့ ပေါင်းပြီးတော့ နားရက်တွေမှာတောင် ကိုယ့်ပြည်နယ် တစ်မြို့ချင်းမှာ ဘယ်လိုလဲ။ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ကုန်သွယ်ရေး စသည်ဖြင့် လိုအပ်ချက်တွေကိုလေ့လာပြီးရင် လွှတ်တော်ကိုတင်မယ်။ လွှတ်တော်ကနေ ဥပဒေဘောင်အတွင်းက သူခိုင်းတဲ့တာဝန်တွေကို လုပ်ဆောင်မယ်။ ကိုယ့်ကို အားကိုးတကြီးနဲ့ မဲပေးထားရကျိုးနပ်အောင် ကြိုးစားမှာပါ။

မေး – လက်ရှိ အန်အယ်လ်ဒီအစိုးရနဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ်တို့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သတ်ပြီး အန် ကယ့်အမြင်လေးလည်းပြောပြပေးပါဦး။

ဖြေ – ဝန်ကြီးချုပ်မဖြစ်ခင်ကတည်းက ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို အသေးစိတ်လေ့လာထားပြီး လုပ် ပေးရမယ့်ဟာတွေကို အတွေ့အကြုံနည်းတဲ့အခါ နှောင့်နှေးကြန့်ကြာလာခဲ့ရင် သူများပြောစရာတွေဖြစ်နေ မယ်။ အန်ကယ်တို့က အဲ့လိုမပြောပါဘူး။ ကိုယ့်ရောက်တဲ့နေရာလေးမှာ လူမှုရေးပဋိပက္ခမရှိအောင် အန္တရာယ် ကင်းအောင်နေရမယ်။ လမ်းပျက်နေတယ်ဆိုရင် ကိုယ်ပြင်ပေးရမယ်။ တံတားမရှိရင်တံတားဆောက်ပေးမယ်။ ကိုယ့်လက်ထက်ရောက်လာတဲ့အခါ အဲ့လို ဝေဖန်မခံရအောင် ကြိုတင်ပြင်ဆင်ထားသင့်တယ်။

မေး – လက်ရှိမွန်ပြည်နယ်ဝန်ကြီးချုပ်က ဝန်ကြီးချုပ်တာဝန်အပြင် စည်ပင်နှင့် ဆောက်လုပ်ရေးမှာပါ ပူးတွဲ တာဝန်ယူထားပြီး အကောင်အထည်မဖော်ဖြစ်တာတွေလည်းရှိတော့ အန်ကယ်သာ သူ့နေရာမှာဆိုရင် ဘာတွေလုပ်ချင်လဲ။

ဖြေ – ဝန်ကြီးချုပ်ဆိုတာ ကိုယ်ကိုယ်တိုင် ပြည်သူတွေရဲ့ လိုအပ်ချက်ကိုလေ့လာရမယ်။ ဂရုစိုက်ရမယ်။ ကိုယ် က အကြီးဆုံးဆိုတော့ ကိုယ့်ကို စံနမူနာထားနိုင်အောင် လုပ်ပြရမယ်။ အန်ကယ်သာ သူ့နေရာခဲ့မယ်ဆိုရင် တိုင်းရင်းသားတွေ အားလုံးကိုယ့်ကို လေးစားအောင် နေမယ်။ အခု တိုင်းရင်းသားလက်နက်ကိုင်တွေကိုလည်း ကိုယ့်လူမျိုးအချင်းချင်း ချစ်ခင်ရင်းနှီးအောင်၊ ကိုယ်က ချစ်ခင်ပြရင်းနဲ့ ကိုယ့်လို ဖြစ်အောင် လုပ်ပေးချင်တယ်။

မေးး – လက်ရှိအစိုးရသက်တမ်းအရ မွန်ပြည်နယ်မှာ ဘာတွေပြောင်းလဲပြီး ဘာတွေ အားနည်းချက်တွေ ရှိနေ သေးလဲ။

ဖြေ – စောစောကသားပြောသလိုပေါ့။ အချိန်နည်းနည်းပဲ ရလို့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ရွေးတဲ့ နေရာမှာ အမှားတွေ ဖြစ်ခဲ့တယ်ဆိုပြီး ဦးဉာဏ်ဝင်းပြောတယ်ဆိုတာ သူ့အနေနဲ့ ဒီလိုစဉ်းစားမိတာကိုပဲ တော်တော်လေး ကောင်းပါတယ်။ ကိုယ့်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဂရုစိုက်လာခဲ့လို့ ဒီလိုပြောတာလို့ ယူဆတယ်။ အန်ကယ်တို့လည်း အဲ့ဒီအတိုင်းပဲ လုပ်မှာပါ။ မွန်ကို ချစ်လို့ မွန်ကိုပေးမယ်။ အန်အယ်လ်ဒီ ကိုချစ်လို့ အန်အယ်လ်ဒီကို ပေးမယ်ဆိုပြီး မလုပ်ကြနဲ့လို့။ အရည်အချင်းပေါ် မူတည်ပြီးရွေးပါ။ အန်ကယ် သွားခဲ့ရင်လည်း သူတို့က ကျွန်တော့ထက် ကောင်းနေလို့ ရွေးတာဖြစ်တဲ့အတွက် အန်ကယ် ကျေနပ်တယ်။

မေး – ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် အန်ကယ့်အနေနဲ့ ပြည်သူလူထုကို ပြောချင်တာများရှိရင် လည်း စကားလက်ဆောင်အဖြစ် ပြောပေးခဲ့ပါဦး။

ဖြေ – တိုင်းရင်း လူမျိုးတွေ အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် ယဉ်ကျေးမှုတွေ ၊ ဘာသာတရားတွေ မခွဲခြားဘဲနဲ့ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့နေကြပါလို့။ အန်ကယ်က မွန်အတွက် တစ်ခုထဲ အလုပ်လုပ်မှာ မဟုတ်ဘူးလို့။ သူတို့မြို့နယ်မှာ ကရင်လည်းရှိတယ်။ ရခိုင် ၊ ဗမာ ၊ကုလား၊တရုတ် စသဖြင့် တိုင်းရင်းလူမျိုး စုံရှိချင်ရှိနေမယ်။ သူတို့တွေအားလုံးက ကျွန်တော်တို့တိုင်းရင်းသားတွေ ချစ်ချစ်ခင်ခင်နေကြပါလို့။ ပြည်သူ တွေ လိုချင်တဲ့ ဆန္ဒတွေကိုလည်း ပြည့်အောင် ဖြည့်ဆည်းပေးချင်တယ်လို့ ပြောချင်ပါတယ်။

ကျေးဇူးတင်ပါတယ် အန်ကယ်။

တွေ့ဆုံမေးမြန်းသူ – TU Arkar Min

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.