ရေးမြို့နယ်၊ မဲဆန္ဒနယ်(၈)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းနှင့်တွေ့ဆုံခြင်း

0
13524

“သူ့ရဲ့လုပ်ဆောင်ချက်သည် ပြည်သူတွေရဲ့လိုလားချက်နဲ့ နှိုင်းယှဉ်လို့ရှိရင် ကြားထဲမှာ ကွာဟ ချက်က ကြီးမားတဲ့အခါကျတော့ ဝေဖန်ချက်တွေက ထွက်လာတယ်၊ အဓိကက လူတွေရဲ့ လိုအင်ဆန္ဒ ကို လက်ရှိဝန်ကြီးချုပ်က အပြည့်မဖြည့်ပေးနိုင်သေးတဲ့အတွက်ကြောင့်ပါ”

ရေးမြို့နယ်၊ မဲဆန္ဒနယ်(၈)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းနှင့်တွေ့ဆုံခြင်း

တွေ့ဆုံမေးမြန်းသူ – ရဲနိုင်ဦး

မေး – လက်ရှိ ဆရာ့အနေနဲ့ အမျိုးသားလွှတ်တော်မှာ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက် နေပါသလဲ။

ဖြေ – လက်ရှိအခန်းကဏ္ဍအနေနဲ့ လွှတ်တော်မှာ (၂)ပိုင်းရှိပါတယ်၊ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ လွှတ်တော်မှာတင်သင့်တဲ့ ဒေသအတွက်ရယ်၊ နိုင်ငံအတွက်ရယ် မေးသင့်တဲ့ မေးခွန်းတွေ၊ တင်သင့်တဲ့အဆိုတွေကို ဆောင်ရွက်နေသလို တစ်ဖက်မှာလည်း ကိုယ့်ဒေသက မဲ ဆန္ဒရှင်တွေအနေနဲ့ ဘာတွေလိုအပ်ချက်တွေရှိနေလဲ၊ ဘာတွေအခက်အခဲဖြစ်နေလဲ၊ ကိုယ့်မြို့နယ် အတွက် ဘာတွေလုပ်ပေးရင်ကောင်းမလဲဆိုတာလုပ်နေတယ်ပေါ့၊ နောက်တစ်ပိုင်း ရေးရာ ကော်မတီ အနေနဲ့ကျတော့ NGO, INGO ကော်မတီမှာပါပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ NGO, INGO နဲ့ပတ်သက် တဲ့အဖွဲ့အစည်းတွေနဲ့ လက်ရှိလွှတ်တော်ရယ် အစိုးရတွေနဲ့ ဘယ်လိုဆက်စပ်ပေါင်းစည်းပြီးတော့ အလုပ်လုပ်နိုင်မလဲဆိုတာကို လုပ်နေတာတွေရှိပါတယ်။

မေး – ရေးမြို့နယ်အပြင် မွန်ပြည်နယ်၊ နောက်ပြီးတော့ နိုင်ငံတော်အတွက် ဘယ်လိုတင်ပြမှုတွေ လွှတ်တော်မှာ ဆောင်ရွက်ခဲ့ပြီးပါသလဲ။

ဖြေ – ရေးအတွက်ကတော့ အရင်လက်ထက်ကပျက်သွားတဲ့ ၂၃၀ ကေဗီအေ လျှပ်စစ်ဓာတ်အားပေး လိုင်းရရှိရေးတင်ပြခဲ့တာတွေရှိသလို အခု မြေယာကိစ္စနဲ့ပတ်သက်ပြီးတော့ တစ်နိုင်ငံလုံးနဲ့ပတ်သက် တာပေါ့။ မြေလွတ်မြေရိုင်းတွေရယ်၊ လယ်ယာမြေတွေမှာ တော်တော်လေးကို ရှုပ်ရှုပ်ထွေးထွေးတွေ ဖြစ်နေတယ်၊ တစ်ချို့ဆို မြေယာတွေအများကြီးယူထားပြီးတော့ ဘာမှမလုပ်ပဲနဲ့ထားတဲ့အတွက် ကြောင့် နိုင်ငံတော်အနေနဲ့ မြေယာတွေကိုအသုံးမချနိုင်ပဲ အလဟဿဆုံရှုံးနေတာတွေနဲ့ပတ်သက်လို့ ဘယ်လိုလုပ်မလဲ၊ ဘယ်လိုအစီအစဉ်တွေ ချနေလဲဆိုတာကို ဒုတိယအကြိမ်လွှတ်တော် သက်တမ်း စတက်ကတည်းက မေးခဲ့ပါတယ်။ နောက်တစ်ခါ တစ်နိုင်ငံလုံးနဲ့ပတ်သက်ပြီးတော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ အဆိုတစ်ခုတင်ဖို့ရှိပေမယ့် ရှမ်းပြည်နယ်ကကိုယ်စားလှယ်တစ်ယောက်က တင်ခဲ့တဲ့ အတွက် အဲဒီအဆိုမှာလဲ ဝင်ရောက်ဆွေးနွေးဖြစ်ခဲ့တယ်။

မေး – ဆရာ့ရဲ့မဲဆန္ဒနယ်အပြင် ပြည်သူတွေရဲ့လိုလားတောင့်တချက်တွေကို ဘယ်လိုကူညီမှုမျိုးပေး နေပါသလဲ။

ဖြေ – လက်ရှိအထင်ရှားဆုံးကတော့ ပါတီကလုပ်တဲ့ မျှဝေခြင်းအစီအစဉ်မှာ ကလေးတွေအတွက် စာအုပ်တွေနဲ့ စာရေးကိရိယာတွေကို နိုင်သလောက်ထောက်ပံ့ကူညီမှုတွေရှိတယ်။ အခု လိုတဲ့ နေရာတွေမှာ ပိုပြီးတော့ အကူအညီအထောက်အပံ့ပေးနိုင်ဖို့အတွက် လွှတ်တော်ရံပုံငွေ သိန်း တစ်ထောင်ထဲကနေပြီးတော့ သေချာစွာ ငွေတွေကို စေ့စေ့စပ်စပ် မှန်မှန်ကန်ကန်သုံးစွဲလုပ်ကိုင်ဖို့ အတွက် သေချာစောင့်ကြည့်သွားမယ်၊ နောင်လာမယ့်ဘဏ္ဍာရေးနှစ်တွေမှာ နိုင်ငံတော်ဘတ်ဂျက်တွေ အလဟဿမဖြစ်ဖို့အတွက် ပြီးခဲ့တယ့် သုံးနှစ်အတွင်းမှာ ရေးမြို့နယ်မှာလုပ်ခဲ့တဲ့ လုပ်ငန်းစီမံကိန်း တွေမှာ ဘယ်လုပ်ငန်းတွေကို ဘယ်ကုမ္ပဏီကလုပ်တယ်ဆိုတာ သက်ဆိုင်ရာဌာနတွေမှာ စာရင်း တောင်းထားတယ်၊ အဲဒါတွေရပြီးရင် ဘယ်ကုမ္ပဏီတွေက နိုင်ငံဘဏ္ဍာကိုသုံးပြီးတော့ ထိထိ ရောက် ရောက် လုပ်ကိုင်နေလဲဆိုတာကို ကြည့်ပြီးတော့မှ ဘယ်ကုမ္ပဏီတွေက စေတနာပါတယ်၊ မပါဘူး ဆိုတာ သက်ဆိုင်ရာပြည်နယ်အစိုးရကိုတင်ပြနိုင်ဖို့အတွက် ဆာဗေးတစ်ခုလုပ်ထားပါတယ်။

မေး – NLD အစိုးရတက်လာပြီးတဲ့နောက်ပိုင်းမှ ရေးမြို့နယ်အပါအဝင် ပြည်နယ်အဆင့်၊ နိုင်ငံတော် အဆင့်ရဲ့ အရင်ကတည်းက တည်ရှိနေတဲ့အုပ်ချုပ်ရေးယန္တယားနဲ့ပတ်သက်လို့ ဆရာ့အမြင်လေး သုံးသပ်ပေးစေချင်ပါတယ်။

ဖြေ – လက်ရှိ ကျွန်တော်တို့ရေးမြို့နယ်ရဲ့အုပ်ချုပ်ရေးမှူးကတော့ ပူးပေါင်းဆောင်ရွက်လို့ အဆင်ပြေ ပါတယ်၊ ဘာဖြစ်လဲဆိုလို့ရှိရင် အုပ်ချုပ်ရေးပိုင်းမှာ တစ်ချို့ကျတော့ ပြောင်းလဲချင်သော်လည်းပဲ အောက်မှာထပ်ရှိနေတဲ့ တစ်ချို့သူရဲ့လက်အောက်ခံဝန်ထမ်းတွေရှိတယ်၊ ခေါက်ရိုးကျိုးနေတဲ့၊ တစ်ခုခု ရမှလုပ်ပေးမယ်ဆိုတဲ့အကျင့်ပါနေတဲ့ ဝန်ထမ်းတွေလဲပဲရှိနေဆဲပဲဆိုတော့ အကြီးမှူးတွေလဲပဲ ပြောင်း လဲဖို့ခက်တယ်၊ ပုံမှန်အတိုင်းပဲနေချင်တဲ့သူတွေလဲရှိနေဆဲပဲ၊ ဒါက မြို့နယ်အဆင့်ပေါ့၊ ပြည်နယ်အဆင့် မှာ ကျတော့ လုပ်သလောက်ကတော့ လုပ်နေတာပဲ၊ ဒါပေမယ့်တစ်ဖက်က ဝန်ကြီးတွေက အသစ်တွေ ဖြစ်နေတဲ့အခါကျတော့ လုပ်ငန်းပိုင်းဆိုင်ရာကို လေ့လာနေတဲ့အပိုင်းလေးတွေရှိနေလို့ ထင်သလောက် တော့ ခရီးက မပေါက်သေးဘူး။

မေး – လက်ရှိရေးမြို့နယ်၊ ပြီးတော့ ပြည်နယ်ကြီးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘာတွေများ ဆောင်ရွက် သွားဖို့ရှိပါသလဲ။

ဖြေ – မြို့နယ်အတိုင်းအတာနဲ့ ဖွံ့ ဖြိုးတိုးတက်ဖို့ဆိုတာက အပိုင်း(၂)ပိုင်းရှိတာပေါ့၊ တစ်ပိုင်းကတော့ ပြည်ထောင်စုက နိုင်ငံတော်ဘဏ္ဍာနဲ့ချပေးတဲ့ဘတ်ဂျက်တွေကိုသုံးပြီးတော့ မြို့နယ်တိုးတက်ဖွံ့ဖြိုး အောင်လုပ်တာကလွယ်တယ်၊ ဘာဖြစ်လို့လဲဆိုလို့ရှိရင် တောင်းလိုက်မယ်၊ ပိုက်ဆံရရင်လုပ်မယ်၊ မရလို့ရှိရင် နောက်တစ်ခါထပ်တောင်းမယ်၊ နောက်တစ်ခု မြို့နယ်အတိုင်းအတာနဲ့ဖွံ့ဖြိုးတိုးတက်ဖို့က မြို့မှာနေတဲ့ လူတန်းစားအသီးသီးက အလုပ်အကိုင်အခွင့်အလမ်းတွေ၊ စီးပွားရေး အခွင့်အလမ်းတွေ ပွင့်မှ အလုပ်လုပ်လို့ရမယ်ဆိုတဲ့အတွက်ကြောင့် ဖွံ့ဖြိုးဖို့က လူတန်းစားတွေအားလုံး ပါဝင်လုပ်ဆောင် နိုင်တဲ့လုပ်ကွက်တွေဖန်တီးပေးနိုင်ဖို့လိုတယ်၊ ဥပမာ ဒီမှာဆိုရင် ကဗျာဝတို့ဘာတို့ဖြစ်လာမယ်၊ အဲဒါ တွေကိုဖွံ့ဖြိုးအောင်လုပ်ပေးနိုင်ခြင်းအားဖြင့် ဘာတစ်ခုကပိုလာမလဲဆိုတော့ ကိုယ့်ဒေသခံတွေက

ရိုးရာအစားအစာတွေ၊ နေရာထိုင်ခင်းတွေငှားစားလို့ရလာမယ်၊ နောက်ပင်လယ်ရေထွက်ပစ္စည်းမှာလဲပဲ လျှပ်စစ်မီးက အဆင်ပြေလာမယ်ဆိုလို့ရှိရင် ငါးလုပ်ငန်းမှာ လုပ်သားတွေပိုပြီးတော့ အလုပ်လုပ်လာ နိုင်မယ်၊ အဲတော့မှ အောက်ခြေလူတန်းစားတွေကအစ အလုပ်အကိုင်အသီးသီးရမှပဲ ဖွံ့ဖြိုးတိုးတက် ဖို့ဆိုတာဖြစ်တယ်၊ အဲ့လိုဖြစ်လာဖို့အတွက် အခြေခံအဆောက်အအုံတွေက အတော်လိုတယ်၊ ရေးမှာ အဓိကပြောနေတာက လျှပ်စစ်မီးပေါ့၊ အခုဆိုရင် မီးရဖို့ FO နဲ့လည်တဲ့စက်ရုံ ဒီဟာတွေကိုလုပ်ခြင်း အားဖြင့် အပေါ်ကလာတဲ့ မီးကိုမျှော်နေရင် ဥပမာ – မုဒုံတို့ သံဖြူဇရပ်တို့က လာလိုက်ပျက်လိုက်ဖြစ် နေတယ်၊ ဒီမှာဆို ငါးမိနစ် ဆယ်မိနစ်ပျက်ရင်တောင်မရဘူး၊ အဲ့လိုမမျှော်ဘဲနဲ့ FO နဲ့လည်တဲ့၊ လက်ရှိ မီတာခထက် ဈေးတစ်ဝက်လောက်သက်သာတာကို လုပ်ပေးနိုင်ခြင်းအားဖြင့် လျှပ်စစ်မီးကို သုံးစွဲပြီး လုပ်ငန်းတွေကို လုပ်လာနိုင်မယ်။ နောက်တစ်ခုက မြေယာပိုင်ဆိုင်မှုအပိုင်းတွေအနေနဲ့ တော်တော် လေးရှုပ်နေတဲ့အပိုင်းလေးတွေရှိသေးတယ်၊ လက်ရှိအစိုးရကလဲ ဆောင်ရွက်နေဆဲပဲရှိသေးတယ်၊ ဒီတော့ တစ်ချို့ပိုပြီးတော့ယူထားတဲ့ ပြန်လည်စွန့်လွှတ်မြေတွေကို လက်ရှိမြေယာပိုင်ဆိုင်မှုမရှိသေးတဲ့

သူတွေကိုလုပ်ပေးခြင်းအားဖြင့် အလုပ်အကိုင်အခွင့်အလမ်းတွေက ပိုတက်လာမယ်၊ အဲဒီတော့ စွန့်လွှတ်မြေတွေကို မူလပိုင်ရှင်တွေရဲ့လက်ထဲပြန်ရောက်နိုင်ဖို့၊ တစ်ချို့လယ်ယာမြေဥပဒေနဲ့ အညီ လျှောက်ထားပြီးတော့ ဘာမှမလုပ်ဘဲ ဒီအတိုင်းပလပ်ထားတဲ့မြေတွေကို ဥပဒေနဲ့အညီစီမံပြီးတော့ မြေယာမရှိသေးတဲ့သူတွေကိုခွဲဝေပေးခြင်းအားဖြင့်ပြည်သူတွေအလုပ်အကိုင်အခွင့်အလမ်းတွေရလာ မယ်ဆိုတော့ အဲ့ဒီအပိုင်းကို ကြိုးစားဆောင်ရွက်ဖို့ရှိပါတယ်။

မေး – မွန်ပြည်နယ်ဝန်ကြီးချုပ်ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ ပြည်သူများမေးခွန်းထုတ်နေတာကို သိရပါတယ်၊ ဆရာ့အမြင်လေးပြောပေးစေချင်ပါတယ်။

ဖြေ – လူတွေက NLD ကို မဲပေးထားတယ်ဆိုကတည်းက အပြောင်းအလဲကြီးကြီးမားမားကို မျှော်လင့် ပြီးတော့ မဲပေးထားကြတာပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲဝင်ကတည်းကလဲ ပြောင်းလဲချိန် တန်ပြီဆိုတဲ့စကားလုံးနဲ့ဝင်ခဲ့တာကိုး၊ အဲဒီတော့ကာ အပြောင်းအလဲကြီးကြီးမားမားကို မျှော်လင့်နေ ကြတဲ့အချိန်မှာ သူလဲပဲ နိုင်သလောက်၊ သူသိသလောက် လုပ်နေတယ်၊ ဒါပေမယ့် တစ်ခုကဘာလဲဆို လို့ရှိရင် သူ့ရဲ့လုပ်ဆောင်ချက်သည် ပြည်သူတွေရဲ့လိုလားချက်နဲ့ နှိုင်းယှဉ်လို့ရှိရင် ကြားထဲမှာ ကွာဟ ချက်က ကြီးမားတဲ့အခါကျတော့ ဝေဖန်ချက်တွေက ထွက်လာတယ်၊ အဓိကက လူတွေရဲ့ လိုအင်ဆန္ဒ ကို လက်ရှိဝန်ကြီးချုပ်က အပြည့်မဖြည့်ပေးနိုင်သေးတဲ့အတွက်ကြောင့်ပါ၊ ဖြည့်ပေးနိုင်ဖို့လဲမလွယ်ဘူး လေ၊ ဘာလို့လဲဆိုတော့ လူတွေရဲ့လိုလားချက်က အများကြီးကိုး၊ အဲဒီတော့ ဒါကိုဖြည့်နိုင်အောင် အတတ်နိုင်ဆုံး ဒေါ်အောင်ဆန်းစုကြည်ကိုနမူနာယူပြီးတော့ သူ့လိုပဲ မနားမနေအလုပ်လုပ်ဖို့ကိုပဲ တိုက်တွန်းချင်ပါတယ်။

မေး – ဆရာ့အနေနဲ့ သီးခြားပြောချင်တာများရှိရင် ပြည်သူတွေအတွက် တစ်ခုခုပြောပေးပါဦးခင်ဗျာ။
interview-photos
ဖြေ – တိုင်းပြည်တစ်ပြည်ရဲ့အပြောင်းအလဲကိုလုပ်ဆောင်တယ်ဆိုတာက အစိုးရအဖွဲ့တစ်ဖွဲ့တည်း၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းက လုပ်လို့မရဘူး၊ ပြည်သူတွေပါဝင်မှ လျင်လျင်မြန်မြန်နဲ့ တိုးတက်မှာ အရင်တုန်းကဆိုလို့ရှိရင် ရွေးချယ်စရာတွေကမရှိဘူး၊ ဟိုဟာလည်းရွေးမရ၊ ဒီဟာလဲရွေး မရ၊ ရွေးလို့ရှိရင်လည်း အပေါ်က အာဏာပိုင်အဖွဲ့အစည်းကိုကြည့်နေရတယ်၊ ဒီခေတ်က လူတွေ အကုန်လုံးဟာ မိမိသန်ရာသန်ရာကို ရွေးလို့ရတယ်၊ စီးပွားရေးလုပ်မလား၊ လူမှုရေးလုပ်မလား၊ နိုင်ငံရေးလုပ်မလား ကြိုက်ရာကို အကြောက်အရွံ့မရှိဘဲနဲ့လုပ်နိုင်တယ်၊ ရွေးချယ်ဖို့ အခွင့်အလမ်း ကောင်းတဲ့အချိန်မှာ အဆိုးဆုံးကတော့ ဘာကိုမှမရွေးပဲနဲ့ ဘာမှမလုပ်တာအဆိုးဆုံးပဲ၊ လူတွေအနေနဲ့ အစိုးရအဖွဲ့တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေလုပ်နေတာကိုစောင့်ကြည့်ပြီးတော့ ဘယ်နေရာတွေ မှာဘာတွေထပ်လုပ်ပေးရင်ကောင်းမလဲ၊ ဒီဟာတွေကိုလုပ်ပေးပါဆိုပြီးတော့ ပြောဆိုကြတယ်ပေါ့၊ ပြောဆိုတာလဲပဲ ဘာအပြစ်မှမရှိပါဘူး၊ လိုချင်တာကို တောင်းဆိုတာပဲ၊ ပြောချင်တာကတော့ အဲ့လို တောင်းဆိုတာနဲ့အတူ ကိုယ်တိုင်လဲပဲ ဒီလူတွေနဲ့ တစ်တက်တစ်အားပါဝင်ပူးပေါင်းပြီး တာဝန်သိသိဝင် လုပ်ဆောင်ပေးကြပါလု့ိ တိုက်တွန်းချင်ပါတယ်။

ခုလိုဖြေကြားပေးတဲ့အတွက် သံလွင်တိုင်းမ်ကိုယ်စား ကျေးဇူးတင်ပါတင်ခင်ဗျာ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.