မြို့ပြများတွင် တန်ဖိုးသင့်အိမ်ယာများ ဆောက်လုပ်သင့်သလား။

0
16644

(အစိုးရသစ်လက်ထက်တွင် မွန်ပြည်နယ်တစ်ဝှမ်းတွင် တန်ဖိုးသင့်အိမ်ယာများဆောက်လုပ်ရန် ပြင်ဆင်မှုများ ရှိလာနေသည်။ ယခင်အစိုးရလက်ထက်ကလည်း တန်ဖိုးသင့်အိမ်ယာများဆောက်လုပ်သွားခဲ့သည်။ အဆိုပါ တန်ဖိုးသင့်အိမ်ယာများသည် မြို့ပြများတွင် ဆောက်လုပ်နေခြင်းနှင့်ပတ်သက်ပြီး ပြည်သူများ၏ အမြင်သဘော ထားများကို စုစည်းဖော်ပြလိုက်ရပါသည်။

ပြည်သူ့အသံကဏ္ဍ
km
ကိုကျော်မိုး
ကမာဝက်မြို့
“ဖွံ့ဖြိုးတိုးတက်မှုအပိုင်းနဲ့ ကြည့်ပြီး ပြောရရင် မြို့ပြမှာတန်ဖိုးသင့်၊ တန်ဖိုးနည်းအိမ်ယာများဆောက်လုပ်သင့် တယ်။ ဒီအပေါ်မှာကောင်းတယ်လို့ပဲဖြေရမယ်။ မကောင်းတာကတော့ အဲဒီမြေကွက်လုပ်ပြီးအကောင်အထည်ဖော်ပြီးဆိုတာနဲ့ အခြေခံလူတန်းစားတွေ အကျိုးမခံစားရဘူး။ သူတို့နှင့်နီးစပ်တဲ့လူကြီးတွေ၊ အဝန်းအဝိုင်း အသိုင်းအဝိုင်းတွေကပဲ ရရှိပိုင်ဆိုင်သွားကြတာများတယ်။ ဒါဟာရိုးသားမှုမရှိတာပဲ။ ဒေသဖွံ့ဖြိုးရေးလုပ်တဲ့သူ မှန်သမျှ မှန်မှန်၊ ကန်ကန်စေတနာထားပြီး လုပ်ရင်အောင်မြင်မှာပဲ”

mcho
မချိုချို၊ မုဒုံမြို့
တန်ဖိုးသင့်အိမ်ယာဆောက်တယ်ဆိုတာကကောင်းပါတယ်။ ဘာလို့လဲဆိုရင် မြို့ပြမှာနေထိုင်မှုတွေက တစ်စ ထက်တစ်စတိုးများလာတယ်။ မြေကမတိုးလာဘူး။ လူဦးရေကပဲ တိုးလာတယ်။ မြို့ပြနေထိုင်မှုတိုးလာတာနဲ့ အမျှ အိမ်ယာလိုအပ်ချက်တွေက ဒွန်တွဲပါလာတာပဲ။ အဓိက ကတော့တန်ဖိုးသင့်အိမ်ယာက ဘယ်သူတွေ အတွက်ကို ရည်ရွယ်တာလဲ။ ရည်ရွယ်ချက်နှင့်ဦးတည်ချက်မှန်ဖို့လိုတယ်။ ဒါမှလည်းထိရောက်မှုရှိမှာလေ။ အပြောတခြားလုပ်တာတစ်လွဲဆိုရင်တော့ အစကတည်းက မလုပ်ခဲ့တာ အကောင်ဆုံးပဲ။ ဒါမှမဟုတ်ရင်ပြသာနာ တစ်ခုသာကျန်ခဲ့၊ ပြောစရာဖြစ်ခဲ့မှာအမှန်ပဲ။

mtp
မမေသူဖြိုး
သံဖြူဇရပ်
တန်ဖိုးနည်းမြို့ပြအိမ်ရာတည်ဆောက်သင့်ပါတယ်။ မြို့နေလူထုက တဖြည်းဖြည်းများလာပြီ။ အခုလည်း သံဖြူ ဇရပ်မြို့ဖောင်စိန်မှာ ဧက(၄၀)မြို့ပြအိမ်ရာတွေ ဆောက်ဖို့ ကြားနေရတယ်။ ဒါပေမဲ့အခုထိတော့ အကောင် အထည်မဖော်ရသေးဘူး။ သံဖြူဇရပ်မြို့ဟာ လမ်းပန်ဆက်သွယ်ရေး အချက်ကျတဲ့ မြို့ဖြစ်သလို လူနေမှုဟာ လည်း တဖြည်းဖြည်းမြင့်လာတယ်။ မြို့ပြအိမ်ရာများတည်ဆောက်ခြင်းဖြင့် သာမန်ပြည်သူပြည်သားများ အဆင့် အတန်းရှိစွာလူနေမှုဘဝတစ်ခုအဆင်ပြေလာတာပေါ့။

umt
ဦးမျိုးသန့်
သံဖြူဇရပ်မြို့
ကျွန်တော်တို့ မြို့အနေနဲ့ပြောရရင်တန်ဖိုးနည်းအိမ်ရာမဆောက်သင့်သေးဘူး။ ဘာလို့လဲဆိုရင် လွန်ခဲ့တဲ့ အနှစ်(၂၀)လောက်ကတည်းက ကွက်သစ်တွေဖော်ပြီး အိမ်ကွက်တွေရိုက်ထားတယ်။ အခုထိ ခံကွက်လွတ် တွေကအများကြီးပဲ။ အဲ့ဒီခြံကွက်လွတ်တွေမှာ ခြုံနွယ်ပိတ်ပေါင်းထူထပ်ပြီး ခြင်ပေါက်ဖွားတာပဲ အဖတ်တင် တယ်။ လူဦးရေကလည်းကျပ်တည်းမှုမရှိဘူး။ တစ်နယ်ဝေးက လူတွေကလည်း အနည်းဆုံးငှားနိုင်(၁၀၀၀၀) (၂၀၀၀၀)ပေါ့။ မြို့ပြမှာ တန်ဖိုးသင့်အိမ်ရာဆောက်တာထက် ပြည်သူကိုအကျိုးပြုစေမယ့် ဖွံ့ဖြိုးရေး လုပ်ငန်း တွေကို တာဝန်ရှိသူတွေကဆောင်ရွက်နိုင်ရန်တောင်းဆိုပါတယ်။

usa
ဦးဆန်းအေး
ရေးမြို့
မြို့ပြတွေမှာတော့တန်ဖိုးနည်းအိမ်ယာတွေမရှိသင့်ပါဘူး။ မြို့ပြအဆင့်ဟာ တန်ဖိုးလည်းနည်းလာမှာမဟုတ်ဘူး လူဦးရေထူထပ်လာတာနဲ့အမျှ အိမ်ယာတည်ဆောက်မူဟာလည်းများလာမှာပဲ မြေယာလည်းဈေးမြင့်လာမှာပဲ
ရှိသင့်တာတောင်တန်ဖိုးမနည်းနိုင်ပါဘူး။ တန်ဖိုးနည်းအိမ်ယာများဟာ ကျေးရွာ မြို့နဲ့ မနီးမဝေးမှာပဲ လုပ်လို့ ရနိုင်မယ်ထင်ပါတယ်။

anw
ဦးအောင်နိုင်ဝင်း
ရေးမြို့
မြို့ပြတွေမှာ တန်ဖိုးသင့်အိမ်ယာစီမံကိန်းက ရှိသင့်ပါတယ်။ တကယ့်ကို တန်ဖိုးသင့်အိမ်ယာဖြစ်ဖို့ အစိုးရပိုင်း အနေနဲ့ ဖန်တီးမှုတွေလုပ်ပေးဖို့လိုပါမယ်။ အနိမ့်ဆုံးဈေးနှုန်းဖြစ်ဖို့ မြေယာတွေ ဖန်တီးပေးတာတို့ နောက် တစ်ခုက ဈေးသင့်တယ်ဆိုတိုင်းလဲ စံချိန်စံညွှန်းတွေနဲ့ညီဖို့ စတာတွေပေါ့။ ပြောရရင်တော့ အများကြီးပါပဲ။

nnt
ဦးညီညီထွန်း
ဇင်းကျိုက်မြို့အုပ်ချုပ်ရေးမှုး၊ ပေါင်မြို့နယ်
တန်ဖိုးသင့်အိမ်ယာ ဆောက်သင့်ပါတယ်။ ဥပမာ မော်လမြိုင်သီရိမင်္ဂလာအိမ်ယာလိုပေါ့။ ပင်စင်စား တော့မဲ့ဝန်ထမ်းတွေ အခြေခံလူတန်းစားတွေအတွက်လိုပါတယ်။ မဲစနစ်နဲ့ချပေးတာပဲဖြစ်ဖြစ်ပေါ့။

အခြေခံလူတန်းစားတွေအနေနဲ့ လက်ရှိငွေကြေးတန်ဖိုးအရ တန်ဖိုးသင့်ဆိုရင် အိမ်တစ်လုံးကို သိန်း (၅၀) လောက်ပဲတတ်နိုင်ကြမယ်။ ဒါကိုလည်းသတိပြုစေချင်ပါတယ်။ အဲဒီအိမ်ယာတွေမှာနေမယ့်သူတွေအတွက် လုပ်ငန်းမစတင်မီမှာ သူတို့ရဲ့လူနေမှုစနစ်အတွက် ရေ၊ မီး၊ ပညာရေး၊ ကျန်းမာရေး၊ အားကစားစတဲ့ လိုအပ်ချက်တွေအတွက်လည်း ဌာနဆိုင်ရာတွေအလိုက် ကြိုတင်လေ့လာ ဖြည့်စွက်ဆောင်ရွက် စီစဉ်ထားသင့်တယ်လို့အကြံပြုချင်ပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.