ရွေးချယ်ရမည့် စိုက်ပျိုးရေးစနစ်

0
18744

အီးအမ် (EM) မှာ
က။ ပင်မ အီးအမ် (Orginal EM – OEM)
ခ။ အီးအမ် အပြင်း (Concentrate EM – CEM)
ဂ။ အသင့်သုံး အီးအမ် (Instent EM – IEM)
ဃ။ အီးအမ်-5 (EM5)
င။ အီးအမ်-6 (EM6)
စ။ အီးအမ် အက်ဖ်ပီအီး (Fermented Plant Extract – EM.FPE) စသဖြင့် အမျိုးမျိုးရှိကြပေမဲ့ အများအားဖြင့် ပင်မအီးအမ် (Orginal EM – OEM) ကနေ စတင်ကြပါတယ်။
က။ ပင်မ အီးအမ် (Orginal EM – OEM)


ပင်မအီးအမ် ရရှိဖို့အတွက်
၁။ လက်တစ်အက်ဆစ် ဘက်တီးရီးယား (Latic Acid Bacteria – LAB)
၂။ အလင်းနဲ့ အစာချက်တဲ့ ဘက်တီးရီးယား (Phtotosyethesis Bacteria)
၃။ အကျိုးပြု တဆေးများ (yeast)
၄။ အက်တီနိုမိုင်ဆီးတီးစ်မှိုမျိုး (Actinomycetes)
၅။ အကျိုးပြုမှိုများ(fermenting fungi) တွေ လိုအပ်ပါတယ်။ ဒါတွေ အားလုံးပါမှ မူလအီးအမ် (Original EM) လို့ခေါ်တယ့် (EM-1) ကို ရရှိနိုင်မယ်လို့ စိုက်ပျိုးရေးပညာရှင်တွေက ပြောပါတယ်။

၁။ လက်တစ်အက်ဆစ် ဘက်တီးရီးယားများ

အကျိုးမပြုတဲ့ ဖျက်ပိုးအဏုဇီဝတွေနဲ့ ဖျူဇယ်ရီယမ် (Fusarium) လို မှိုဆိုးကိုလည်း နှိမ်နင်းနိုင်ပါတယ်။ သကြားဓာတ်တွေကို အချဉ်ဖောက်ခြင်းဖြစ်စဉ်တွေနဲ့ လက်တစ်အက်စစ်အသွင် ပြောင်းစေပြီး PH level ကို နှိမ့်ချခြင်း (ချဉ်စေခြင်း) နည်းနဲ့ အကျိုးမပြုတဲ့ ဖျက်ပိုးအဏုဇီဝဖျက်တွေကို နှိမ်နင်းပါတယ်။

၂။ အလင်းနဲ့ အစာချက်တဲ့ ဘက်တီးရီးယားများ

သူဟာ လေထုထဲ အောက်ဆီဂျင် ၂၁ ရာနှုန်းအောက် လျော့နည်းတဲ့အချိန်မှာ အသက်ရှင်နိုင်ပြီး၊ အလင်းနဲ့ အစာချက်တဲ့ ဘက်တီးရီးယားတွေ ဖြစ်ပါတယ်။ အပင်တွေလို ရေကို အသုံးမပြုဘဲ မြေဆီလွှာအတွင်းက အဆိပ်ဖြစ်တဲ့ ဒြပ်ပေါင်းတွေနဲ့ တခြားအော်ဂဲန်နစ်ရုပ်ကြွင်းတွေ၊ အပင်ရဲ့ အမြစ်မှာ စိမ့်ထွက်တဲ့ အာဟာရဓာတ်တွေကို အသုံးချပြီးတော့ အပင်တွေ တိုက်ရိုက်စားသုံးနိုင်တဲ့ အကျိုးရှိတဲ့ အစာအာဟာရတွေကို ထုတ်ပေးပါတယ်။ အကျိုးပြု ဘက်တီရီးယားတွေ၊ မှိုတွေနဲ့လည်း အပြန်အလှန် အကျိုးပြုပြီး အတူရှင်သန်နိုင်ပါတယ်။

၃။ အကျိုးပြု တဆေး (ပေါင်မုန့်ဖုတ်တဲ့နေရာမှာ သုံးတဲ့တဆေး)

တဆေးမှာ ပါတဲ့ ဘက်တီးရီးယားတွေဟာ အပင်အတွက် အကျိုးပြုဟော်မုန်းနဲ့ ပဋိပစ္စည်းတွေ ထုတ်လုပ်ခြင်းကိစ္စတွေမှာ ပါဝင်ပတ်သက်ပါတယ်။ တဆေးဟာ လက်တစ်အက်ဆစ်နဲ့ အက်တီနိုမိုင်ဆီးတီးစ်မှိုမျိုးတွေကို အထောက်အပံ့ပေးတဲ့ အစာလည်း ဖြစ်ပါတယ်။ သူဟာ သကြားဓာတ် ကြွယ်ဝတဲ့ အပင်ရဲ့ ဝတ်ရည်၊ အသီး၊ အပွင့်တွေမှာ ရှိတတ်ပါတယ်။

၄။ အက်တီနိုမိုင်ဆီးတီးစ်မှိုမျိုးများ

သူဟာ အပင်ကို ဒုက္ခပေးတတ်တဲ့ မှိုနဲ့ ဘက်တီးရီးယားတွေကို နှိမ်းနင်းပြီး တခြားအကျိုးပြု ဘက်တီးရီးယားတွေနဲ့ ယှဉ်တွဲနေထိုင်နိုင်ပါတယ်။

၅။ အကျိုးပြုမှိုများ

သူကတော့ အော်ဂဲန်နစ်ရုပ်ကြွင်းတွေ အချဉ်ဖောက်ခြင်းလုပ်ငန်းစဉ်ကို လျင်မြန်စေပြီး ဖျက်ပိုးအင်းဆက်တွေနဲ့ အနံ့ဆိုးတွေကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။

ဒီဘက်တီးရီးယား ၃ မျိုးနဲ့ မှို ၂ မျိုး စုစုပေါင်း ၅ မျိုးထဲမှာ အုပ်စု ၂ ခုခွဲပြီး ပင်မအီးအမ် (Orginal EM – OEM) ကို ဖော်စပ်ယူနိုင်ပါတယ်။ ဒီအုပ်စု ၂ ခုကတော့

အုပ်စု (၁) လက်တစ်အက်ဆစ် ဘက်တီးရီးယားအုပ်စု

အုပ်စု (၂) အလင်းနဲ့ အစာချက်တဲ့ ဘက်တီရီးယားအုပ်စု တို့ ဖြစ်ပါတယ်။

အုပ်စု (၁) လက်တစ်အက်ဆစ် ဘက်တီးရီးယားအုပ်စု ကို မွေးမြူခြင်း


လိုအပ်တဲ့ ပစ္စည်းတွေကတော့

၁။ ဆန်ကြမ်း လက်တစ်ဆုပ်စာ
၂။ အလုံပိတ်လို့ ရတဲ့ ဖန်ပုလင်းအကြည် ၁ လုံး ၃၀၀ စီစီ
၃။ ပိုးသတ်ထားခြင်း မရှိတဲ့ နွားနို့လတ်လတ်ဆတ်ဆတ် ၁ လီတာ
၄။ အလုံပိတ်လို့ ရတဲ့ ဖန်ပုလင်းကြီး ၁ လုံး ၁.၂၅လီတာခန့်
၅။ သကာရည် (တင်လဲရည်) ဟင်းစားဇွန်း ၁ ဇွန်း
၆။ ဆေးထိုးစလင်းနဲ့အပ် အကြီး ၁ ချောင်း
၇။ တစ်ခါသုံး ရာဘာလက်အိတ် ၁ စုံ
၈။ ပိုးသတ်ထားခြင်း မရှိတဲ့ ရေသန့် လစ်ပိုပုလင်း ၁ ပုလင်းစာ
၉။ ရေစစ် ၁ ခု

ပြုလုပ်ပုံအဆင့်ဆင့်

၁။ လက်အိတ်စွပ်ပြီး၊ ဆန်ကြမ်းကို ရေနဲ့ ပွတ်ဆေးပါ။
၂။ ဆန်ဆေးရည်ကို ဖန်ပုလင်းကြည်ထဲ ထည့်ပြီး၊ မတင်း မကျပ်အဖုံးပိတ်ပြီး အပူချိန်မျှတတဲ့ အရိပ်မှာ ၁ ပတ်လောက် ထားပါ။ (လေဟာနယ် အနည်းဆုံး ထက်ဝက်ခန့် ရှိပါစေ)
၃။ တစ်ပတ်ကြာရင် ဖန်ပုလင်းမှာ အလွှာသုံးလွှာ ပေါ်လာတာကို တွေ့ရပါမယ်။ အလယ်လွှာကို ဆေးထိုးစလင်း၊ အပ်နဲ့ စုပ်ယူပါ။
၄။ စုပ်ယူလို့ ရတဲ အချဉ်ဖောက်ထားတဲ့ ဆန်ဆေးရည် (လက်တစ်အက်ဆစ် ဘက်တီးရီးယားပါတဲ့အရည်) ကို နွားနို့ (၁၀ ဆ) ၁ လီတာနဲ့ ရောပါ။ ဖန်ပုလင်းကြီးထဲကို ထည့်ပါ။ အပြင်ဘက်က လေတွေ မဝင်နိုင်အောင် လေလုံအောင် အဖုံးကို ပိတ်ပါ။ လေဟာနယ် နည်းစေရပါမယ်။ (ပုလင်းပါးရင် ကွဲနိုင်တယ်)
၅။ အပူချိန်မျှတတဲ့ အရိပ်မှာ ၁ ပတ်လောက် ထားလိုက်ရင် ပုလင်းအပေါ်ယံမှာ မလိုင်တက်နေပြီး၊ အောက်မှာ အဝါရောင် အရည်တွေကို တွေ့ရပါလိမ့်မယ်။ မလိုင်တွေကို ဖယ်ထုတ်ပြီး အောက်က အရည်ကို ယူပါ။

ပင်မအီးအမ် အုပ်စု (၁) လက်တစ်အက်ဆစ် ဘက်တီးရီးယားအရည်ကို ရပါပြီ။ ချက်ချင်း အသုံးမပြုသေးပါက သကာရည် (တင်လဲရည်) နဲ့ ဆတူရောပြီး၊ အအေးခန်းမှာ သိမ်းထားပါ။

အုပ်စု (၂) အလင်းနဲ့ အစာချက်တဲ့ ဘက်တီရီးယားအုပ်စု


အလင်းနဲ့ အစာချက်တဲ့ ဘက်တီးရီးယားအုပ်စုကတော့ အရင်အပတ်က ဖော်ပြထားတဲ့ “လယ်ယာဥယျာဉ်ခြံသုံးအီးအမ် ပြုလုပ်နည်း” ပါပဲ။ အဲဒီအတိုင်း လုပ်ပါ။ ချက်ချင်း မသုံးသေးရင် အုပ်စု (၁) လို သကာရည် (တင်လဲရည်) နဲ့ ဆတူရောပြီး၊ အအေးခန်းမှာ သိမ်းထားပါ။

အုပ်စု (၁) နဲ့ အုပ်စု (၂) နှစ်ခုဟာ ပင်မအီးအမ်တွေ ဖြစ်ပါတယ်။ ချက်ချင်း မသုံးသေးရင် သီးခြားစီ သိမ်းထားပါ။ အီးအမ် အပြင်း လုပ်တဲ့အခါမှ အုပ်စု (၁) နဲ့ (၂) ကို ပေါင်းပါမယ်။

ခ။ အီးအမ် အပြင်း (Concentrate EM – CEM)


အုပ်စု (၁) နဲ့ (၂) ကို ပေါင်းပြီး အီးအမ်အပြင်းကို ဖော်စပ်ပါမယ်။

လိုအပ်တဲ့ ပစ္စည်းတွေကတော့

၁။ ပင်မအီးအမ် အုပ်စု (၁) လက်တစ်အက်ဆစ် ဘက်တီးရီးယားအရည် ၁ လီတာ
၂။ ပင်မအီးအမ် အုပ်စု (၂) အလင်းနဲ့ အစာချက်တဲ့ ဘက်တီးရီးယားအရည် ၁ လီတာ
၃။ သကာရည် (တင်လဲရည်) ၂ လီတာ
၄။ ရေ ၄၀ လီတာ
၅။ အဖုံးဖွင့်ပိတ်နိုင်တဲ့ စည် ၁ လုံး
၆။ ကတော့ ၁ လုံး

ပြုလုပ်ပုံ

ပင်မအီးအမ် အုပ်စု (၁)၊ အုပ်စု (၂)၊ သကာရည်နဲ့ ရေ ၄၀ လီတာတို့ကို ရောပြီး စည်ထဲ ထည့်ပါ။ မပူလွန်း မအေးလွန်းတဲ့ နေရာမှာ ထားပါ။ ၄ ရက်ကနေ ၁ ပတ်လောက်ဆို အီးအမ်းအပြင်းကို ရပါပြီ။ အီးအမ်အပြင်းဟာ PH မီတာ (မြေချဉ်ငံဓာတ်တိုင်းမီတာ) နဲ့ တိုင်းရင် PH ၃ နဲ့ ၄ အတွင်းမှာ ရှိပါတယ်။

ကျန်တဲ့ အီးအမ်လုပ်နည်းတွေကို နောက်အပတ်မှာ ဆက်ပြီး တင်ပြပါမယ်။ ။
agriculture
(နိုင်အာကာ လေ့လာစုစည်းတင်ပြသည်)

(ကိုးကား)

၁။ ဆရာကြီး စောငုဝါ (ပျဉ်းမနား) ၏ စိုက်ပျိုးရေးဆိုင်ရာ စာတမ်းများ
၂။ ကိုဝေအောင် ၏ အီးအမ်နှင့် ပတ်သက်သည့် ဆောင်းပါးများ
၃။ ကိုယ်တိုင် ပြုလုပ် သုံးစွဲမှု အတွေ့အကြုံများ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.