တာလီဘန်တွေဟာ တရားမဝင်အုပ်ချုပ်သူတွေဖြစ်နေဆဲလို့ အာဖဂန်အမျိုးသမီးတက်ကြွ လှုပ်ရှားသူတွေဆို

0
10598

ကဘူးလ် – ဇူလိုင်(၅) 

တာလီဘန်တွေဟာ သူတို့ရဲ့ သဘောထားတင်မာတဲ့ အစိုးရကို ထောက်ခံတယ်လို့ ထောင်နဲ့ချီတဲ့ အမျိုးသားဘာသာရေးခေါင်းဆောင်တွေက ကြေငြာထားပေမယ့် တရားမဝင်အုပ်ချုပ်သူတွေ အဖြစ်သာရှိနေတယ်လို့ အာဖဂန်အမျိုးသမီးတက်ကြွလှုပ်ရှားသူတွေကပြောပါတယ်။ 

ဆယ်ကျော်သက်မိန်းကလေးတွေကို ကျောင်းတက်ခွင့်ဖြေရှင်းပေးဖို့ ပျက်ကွက်ခဲ့တဲ့ (၃) ရက်ကြာတွေ့ဆုံမှုအပြီးမှာ ဘာသာရေးခေါင်းဆောင်တွေအနေနဲ့ တာလီဘန်တွေနဲ့ သူတို့ရဲ့ သီးခြားခေါင်းဆောင်တွေကို သစ္စာခံမယ်လို့ ကတိပြုထားတာပါ။ 

ပြီးခဲ့တဲ့ ဩဂုတ်လက အာဏာရယူခဲ့တဲ့ တာလီဘန်တွေဟာ ရှရီယာ ဥပဒေကို နာခံတဲ့ အစ္စလာမ္မစ်နိုင်ငံတော်အဖြစ် သူတို့ရဲ့ အမြင်ကိုယုံကြည်မှုမဲတစ်ခုအနေနဲ့ အစည်းအဝေးမှ တင်ပြဖို့ ကြိုးပမ်းထားခဲ့ကြပါတယ်။ 

အမျိုးသား (၃၅၀၀) ကျော်တက်ရောက်တဲ့ အစည်းအဝေးမှာ အမျိုးသမီးတွေကို ကိုယ်စားပြု မယ်လို့ အခိုင်အမာ ပြောဆိုထားခဲ့ပေမယ့် သူတို့ရဲ့ သားတွေနဲ့ခင်ပွန်းတွေကိုသာ တက်ရောက်ခွင့် ပြုခဲ့ကြတာဖြစ်ပါတယ်။ 

“နိုင်ငံလူဦးရေရဲ့ ထက်ဝက်လောက်ရှိတဲ့အမျိုးသမီးတွေမပါတဲ့ လူထုစုဝေးပွဲတွေမှာ တာလီဘန်တွေကို သစ္စာခံမယ့် ကြေညာချက်တွေထုတ်ပြန်တာ သို့မဟုတ် သစ္စာခံမယ့် ကတိကဝတ်တွေပြုလုပ်တာတွေကို အမျိုးသမီးတွေအနေဖြင့် လက်မခံနိုင်ဘူး” လို့ လက်ရှိ နော်ဝေနိုင်ငံတွင်ရောက်ရှိနေတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ ဟိုဒါခါမွတ်ရှ်က အေအက်ဖ်ပီ ကို  ပြောဆိုခဲ့ပါတယ်။ 

ဒါ့အပြင် ဒီထိပ်သီးအစည်းအဝေးဟာ တရားဝင်မှုနဲ့ ပြည်သူတွေရဲ့ ထောက်ခံမှု မရှိဘူးလို့လည်း သူကပြောပါသေးတယ်။ 

အာဖဂန်မှာ တာလီဘန်တွေအာဏာရလာချိန်ကစပြီး ပြင်းထန်တဲ့ ရှရီယာဥပဒေအပေါ် အဓိပ္ပာယ် ဖွင့်ဆိုမှုတွေဟာ အာဖဂန်အမျိုးသမီးတွေအပေါ်ပြင်းထန်တဲ့ ကန့်သတ်ချက်တွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာ အလယ်တန်းကျောင်းသူတွေကို ပညာသင်ကြားခွင့်နဲ့ အမျိုးသမီးတွေကို အစိုးရ ဌာနတွေမှာ အလုပ်လုပ်ကိုင်ခွင့်ပိတ်ပင်ထားတဲ့အပြင် တစ်ကိုယ်တည်း ခရီးသွားဖို့ ကိုပါ တားဖြစ်ထားသလို မျက်နှာကလွဲပြီး ခန္တာကိုယ်တခုလုံး ဖုံးအုပ်ထားတဲ့ အဝတ်အစားတွေကိုပဲ ဝတ်ဆင်ဖို့ တာလီဘန်တွေက အမိန့်ပေးထားကြတာပါ။ 

ဒါ့အပြင်တာလီဘန်တွေဟာ ဘာသာရေးနဲ့ မသက်ဆိုင်တဲ့ တေးဂီတတွေကိုလည်း တီးခတ်တာ တွေမပြုလုပ်ဖို့ တားမြစ်ထားပြီး တီဗီချန်နယ်တွေမှာ ဖုံးအုပ်ထားတာမရှိတဲ့ အမျိုးသမီးတွေပါ တဲ့ ရုပ်ရှင်တွေနဲ့ လူမှုဘဝသရုပ်ဖော်ဇာတ်လမ်းတွဲတွေ ပြသတာကိုလည်း ရပ်တန့်ဖို့ အမိန့်ပေး ထားသလို အမျိုးသားတွေကိုလည်း ရိုးရာဝတ်စုံကိုဝတ်ဆင်ဖို့နဲ့ မုတ်ဆိတ်မွှေးထားဖို့ ပြောဆို ထားပါတယ်။ 

ကဘူးလ်မှာ အမျိုးသမီးအဖွဲ့တွေစုပေါင်းပြီး ဘာသာရေးခေါင်းဆောင်တွေရဲ့ အစည်းအဝေးဟာ အမျိုးသမီးတွေကို ကိုယ်စားပြုတာ မဟုတ်ဘူးလို့ ရှုတ်ချခဲ့ကြပါတယ်။ 

“အူလာမာ ဘာသာရေးခေါင်းဆောင်တွေဟာ လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတစ်ခုပဲ၊ သူတို့က အားလုံးကို ကိုယ်စားမပြုဘူး” လို့ ပွဲစီစဉ်သူက သတင်းစာရှင်းလင်းပွဲအပြီး အေအက်ဖ်ပီကို ပြောခဲ့ပါတယ်။ 

ဒါ့အပြင် ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက်သာဖြစ်ပြီး တိုင်းပြည် နဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားကိုဖော်ဆောင်တာမဟုတ်သလို အခမ်းအနားမှာ အမျိုးသမီး တွေ အတွက်ဘာမှမရှိပါဘူးလို့ သူက ပြောပါသေးတယ်။ 

အာဖဂန်တွေအနေနဲ့ လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာဟာ ကိုယ့်အသံကိုမြှင့်တင်ပြီး တာလီဘန်တွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက ဖိအားပေးဖို့ တောင်းဆိုတာပါပဲ လို့ ရှုတ်ချပွဲမှာ ပွဲစီစဉ်သူက ဆိုခဲ့ပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.