လူငယ့်ရှုထောင့်

0
17952

တက္ကသိုလ်ဝင်တန်းဆိုတာ ကိုယ့်ဘဝအတွက် လမ်းဆုံမှာရှိတဲ့ မှတ်တိုင် တစ်ခုလို့ပြောလို့ရပါတယ်။ အဲ့ဒီလမ်းဆုံကနေ ကိုယ်သွားချင်တဲ့လမ်းကို ရွေးချယ်လျှောက်လှမ်းကြစမြဲပါ။ ကိုယ်သွားချင်တဲ့ လမ်းကို အမှတ်ကောင်းကောင်း ဂုဏ်ထူးမှတ်တွေနဲ့ အောင်မြင်ပြီး လျှောက်လှမ်းနိုင်ဖို့အတွက် ယခု တစ်ပတ်လူငယ့်ရှုထောင့်ကဏ္ဍမှာ

မော်လမြိုင်မြို့ရဲ့အထက်တန်းကျောင်းတွေကနေ ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဘာသာစုံဂုဏ်ထူးတွေနဲ့ အောင်မြင်ခဲ့တဲ့ ကျောင်းသား(၂)ဦးဖြစ်တဲ့ မအိမ်စည်မင်းသိန်းနဲ့ မောင်ဒီပါမင်းထက်တို့ရဲ့စာကျက်မှတ်နည်းများကို သံလွင်တိုင်းမ် သတင်းဌာန က ဖော်ပြပေးလိုက်ပါတယ်။

ဘာသာစုံဂုဏ်ထူးရှင်တွေပြောပြတဲ့ တက္ကသိုလ်ဝင်တန်းသင်ခန်းစာတွေ ကျက်နည်း၊ ဖတ်နည်း၊ မှတ်နည်းများ

တင်ဆက်သူ – TU Arkar Min


မေး – ညီလေးတို့ရဲ့ နာမည်နဲ့ အောင်မြင်ခဲ့တဲ့ကျောင်းတွေ ပြောပြပေးပါ။

အိမ်စည် – သမီးက အ.က.ထ (၈) မော်လမြိုင်ကနေ ၂၀၁၆ ခုနှစ်တက္ကသိုလ်ဝင်တန်းကို ဘာသာစုံဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တဲ့ မအိမ်စည်မင်းသိန်းပါ။

ဒီပါ – ကျွန်တော်က အ.ထ.က(၉) မော်လမြိုင်မှာ (၈)တန်းထိတက်ခဲ့ပြီး တက္ကသိုလ်ဝင်တန်း ကို ပညာမြေ(ကပက) ကနေ ဘာသာစုံဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တဲ့ မောင်ဒီပါမင်းထက်ပါ။

မေး – တစ်ဘာသာချင်းစီရမှတ်တွေလည်း ပြောပြပေးပါဦး။

အိမ်စည် – မြန်မာစာ ၇၅ ၊ အင်္ဂလိပ်စာ ၇၈ ၊သင်္ချာ ၉၇ ၊ ဓာတုဗေဒ ၉၆ ၊ရူပဗေဒ ၉၂ ၊ ဇီဝဗေဒ ၉၇ ၊ စုစုပေါင်း ၅၃၅ မှတ်ပါ။

မင်းထက်-မြန်မာစာ ၇၅ ၊အင်္ဂလိပ်စာ ၇၈၊ သင်္ချာ ၈၉၊ ဓာတုဗေဒ ၉၃ ၊ရူပဗေဒ ၉၂ ၊ ဇီဝဗေဒ ၉၅ ၊ စုစုပေါင်း ၅၂၂ မှတ်ပါ။

မေး – ကိုယ့်ကိုယ်ကိုယ်ရော ဘာသာစုံဂုဏ်ထူးထွက်မယ်လို့ မှန်းထားသေးလား။

အိမ်စည် – နဝမတန်းတုန်းကတော့ အဲ့လိုဖြစ်ချင်ခဲ့တယ်။ တက္ကသိုလ်ဝင်တန်းရောက်မှ ဘာသာစုံ ဂုဏ်ထူး ထွက်ကိုထွက်ရမယ်ဆိုပြီး ကြိုးစားခဲ့တာတော့ မဟုတ်ဘူးအစ်ကို။

မင်းထက် – ခန့်တော့မခန့်မှန်းထားပေမယ့် အကောင်းဆုံးတော့ ကြိုးစားခဲ့ပါတယ်။

မေး – အခုလို ဂုဏ်ထူးတွေနဲ့အောင်တာ ဘယ်သူတွေရဲ့ ပံ့ပိုးမှုတွေပါသေးလဲ။

အိမ်စည် – အိမ်က အများကြီးပံ့ပိုးပေးပါတယ်။ တစ်ဘာသာချင်းစီကို ဆရာမတွေ တစ်ယောက်ချင်းစီ ခေါ်သင်ပေးတယ်။ ဝိုင်းတက်တာတော့ နည်းပါတယ်။

မင်းထက် – မိဘတွေနဲ့ ဆရာသမားတွေအများကြီး ပံ့ပိုးပေးခဲ့ပါတယ်။

မေး – စာကျက်ချိန်တစ်နေ့ကို ဘယ်လောက်လောက်ယူလဲ။

အိမ်စည် – စာတွေကို ည (၁၂)နာရီခွဲ (၁)နာရီအထိကျက်ဖြစ်ပါတယ်။ မနက်ကိုတော့ (၆)နာရီ ကျော်မှထတယ် သမီးကစာကျက်ရတာ ညဘက်ပိုအားသန်တယ်။

မင်းထက် – စာကျက်ချိန်တစ်နေ့ကို အနည်းဆုံး(၅) နာရီထားပါတယ်။

မေး – ကျောင်းနှစ်ရက်ပိတ်တဲ့အချိန်တို့ Private Study ပေးတဲ့အချိန်တွေမှာရော စာတွေဘယ်လို ကျက်လေ့ရှိလဲ။

အိမ်စည် – စနေ၊တနင်္ဂနွေဆိုရင် ဆရာမအိမ်တွေသွားပြီး စာတွေကျက်ဖြစ်တယ်။ အင်္ဂလိပ်စာဆရာမ အိမ်ပိုသွားဖြစ်တယ်။ ကျန်တဲ့ အချိန်တွေ အိမ်မှာပဲ ကျက်ဖြစ်တယ်။

မင်းထက် – စာစီစာကုံးတွေ အင်္ဂလိပ်စာ Essay တွေရေးတယ်။ မြန်မာစာနဲ့ အင်္ဂလိပ်စာကို စနေ၊ တနင်္ဂနွေမှာ ပိုလုပ်ဖြစ်တယ်။

မေး – တွက်စာနဲ့ကျက်စာ ဘယ်လိုခွဲခြားမှတ်လေ့ရှိလဲ။

အိမ်စည် – Time Table တော့ ဆွဲပြီးမကျက်ဖြစ်ဘူး။ သမီးအားနည်းတဲ့ ဘာသာကျက်တယ်။ စိတ်ဝင်စားတာဆို ပိုလုပ်ဖြစ်တယ်။

မင်းထက် – ညပိုင်းတွေ တွက်စာလုပ်ဖြစ်တာများပါတယ်အစ်ကို။

မေး – ကိုယ့်အတွက် အခက်ခဲဆုံးဘာသာတွေက ဘာတွေဖြစ်မလဲ။ ဘယ်ဘာသာကို နားလည်ရ လွယ်ကူလဲ။

အိမ်စည် – Bio ကတော့ တော်တော်လေးနားလည်ရလွယ်ပါတယ်။ သမီးက နေ့စဉ်ပုံမှန် ကျက်နေ တော့ အခက်ခဲဆုံးဘာသာရယ်လို့တော့ မရှိပါဘူး။

မင်းထက် – သင်္ချာကတော့ နည်းနည်းခက်ခဲတယ်လို့ပြောလို့ရပါတယ်။ ရူပဗေဒကတော့ နားလည် အလွယ်ဆုံးပါပဲ။

မေး – Bio က ကျက်ပြီးမေ့တာတွေရှိတော့ ဘယ်လိုမှတ်ယူလဲ။

အိမ်စည် – သမီးက နှစ်စကတည်းက ကြိုသင်ထားတာဆိုတော့ အဆင်ပြေပါတယ်။ မြန်မာလို နားလည်အောင် အရင်ဖတ်တယ်။ ပြီးမှ အင်္ဂလိပ်လိုပြန်ကျက်တယ်။ အလွတ်ချည်း ကြိတ်မှိတ်ပြီးတော့ မကျက်ဘူး။ ရေးကျက်တာတွေလည်းရှိတယ်။ ဒါပေမယ့်ရေးကျက်တာထက်စာရင် စာမေးပွဲဖြေတဲ့ ပုံစံမျိုး လေ့ကျင့်နိုင်ရင် ပိုကောင်းတယ်။

မေး – (၁၀)တန်းစာကို ဘယ်အချိန်လောက်ကတည်းက လေ့လာခဲ့တာလဲ။

အိမ်စည် – (၉)တန်းအောင်ပြီး (၃)ပတ်လောက်အကြာမှာ စလေ့လာနေပါပြီ။

မင်းထက် – (၉)တန်း အောင်စာရင်းထွက်ပြီးကတည်းက စလေ့လာနေပါပြီ။

မေး – တက္ကသိုလ်ဝင်တန်းကို ဘယ်လိုလေ့လာရင်အဆင်ပြေနိုင်မလဲ။

အိမ်စည် – သမီးကကြိုလုပ်တာကို ပိုပြီးသဘောကျပါတယ်။ ကြိုလုပ်ထားတော့ ကျောင်းမှာ သင်တဲ့ အခါ ကိုယ့်အတွက် နားလည်လွယ်စေမယ်။ သမီးက စာသင်တဲ့အချိန်တွေများတော့ Self-Study ကို ည(၁၀)နာရီလောက်လုပ်မှ စလုပ်ဖြစ်တယ်။ အမှန်တကယ်ကြိုးကြိုး စားစားနဲ့လုပ် အချိန်ကိုလည်း သေသေချာချာ အသုံးချ။ သူများနဲ့ လိုက်ပြိုင်တာထက်စာရင် ကိုယ့်ဘာသာ (၁၀၀) ရအောင်ကြိုးစား ပါ။

မေး – အခုရော ဘယ်တက္ကသိုလ်တွေကိုလျှောက်ထားလဲ။

အိမ်စည် – ရင်ခေါင်းခွဲစိတ်ဆရာဝန်လျှောက်ထားပါတယ်။ ဒုတိယဦးစားပေးကိုတော့ အင်ဂျင်နီယာ (COE)လျှောက်ထားတယ်။ သမီးက အသက်ငယ်ငယ်နဲ့ အောင်မြင်နေတဲ့ခွဲစိတ်ဆရာဝန်တွေဆို အရမ်းအားကျတယ် လန်ဒန်တို့ အင်္ဂလန်တို့မှာလည်း ပညာသင်ချင်တယ်။

မင်းထက် – ဆေးတက္ကသိုလ်လျှောက်ထားပါတယ်။ ဒုတိယဦးစားပေးကတော့ ရန်ကုန်နည်းပညာ တက္ကသိုလ်(COE)လျှောက်ထားပါတယ်။

မေး – ဒီနှစ်တက္ကသိုလ်ဝင်တန်းတက်နေတဲ့ ညီငယ် ညီမငယ်တွေအတွက် ကိုယ့်ရဲ့အတွေ့အကြုံတဲ့ ပတ်သတ်ပြီး ဆောင်ရန်၊ရှောင်ရန်တွေကိုလည်း စကားလက်ဆောင်အဖြစ်ပြောပြပေးပါဦး။

အိမ်စည် – အခုအချိန်မှာ ဘာမှစိတ်ပူနေဖို့မလိုပါဘူး။ (၃) နာရီမေးခွန်းတွေကိုသာ များများဖြေပါ။ ဘာသာတိုင်းကို တစ်ခန်းချင်းလုပ်တာထက်စာရင် မေးခွန်းတွေများများဖြေပေးပါ။ မေးခွန်း(၁၂)စုံတို့ မေးခွန်းဟောင်းတွေ များများလေ့ကျင့်ကြပါ။ အိပ်ပျက်ခံပြီးတော့စာကျက်ရင်လည်း မလန်းတာတွေ ဖြစ်တတ်တဲ့အတွက် အခုချိန်မှာကြိုးစားပါ။ စာမေးပွဲဖြေတဲ့ညဆို အိပ်ရေး၀၀အိပ်ပြီး အေးအေးဆေး ဆေးဖြေဆိုကြပါလို့ မှာချင်ပါတယ်။

မင်းထက် – ဘဝအတွက်အရေးကြီးတဲ့ စာမေးပွဲကြီးမှာ ကောင်းကောင်းဖြေဆိုနိုင်ဖို့အတွက် တစ်နေ့ စာတစ်နေ့ ပုံမှန်ကျက်ပါ။ စာလုံးသတ်ပုံတွေ ကိန်းဂဏန်းတွေကို သေချာလေ့ကျင့်ကိုင် တွယ်ပါ။ မေးခွန်းတွေကိုလည်း များများလေ့ကျင့်သွားမယ်ဆိုရင် အောင်မြင်မှုတွေ ရလာမှာပါလို့ ပြောချင်ပါ တယ်။

သံလွင်တိုင်းမ် ရဲ့ စာဖတ်ပရိတ်သတ်များခင်ဗျား။ တက္ကသိုလ်ဝင်တန်းမှာ ဘာသာစုံဂုဏ်ထူးထွက်ခဲ့တဲ့ ကျောင်းသားငယ်လေးတွေရဲ့ စာကျက်နည်းတွေ အတွေ့အကြုံတွေကို သိရှိလိုက်ရလို့ မှတ်သားစရာ များကျန်ရှိခဲ့မယ်လို့ယုံကြည်ပါတယ်။ အခုလိုဖြေကြားပေးတဲ့အတွက်လည်း ညီငယ်နဲ့ ညီငယ်တို့ကို သံလွင်တိုင်းမ်မှ ကျေးဇူးအထူးတင်ရှိပါတယ်။ နောက်လာမယ့်တစ်ပတ်မှာလည်း ဘယ်လိုအောင်မြင် နေတဲ့ လူငယ်တွေရဲ့ အတွေ့အကြုံတွေကိုတင်ဆက်ပေးသွားမလဲဆိုတာ ဆက်လက်စောင့်မျှော် ဖတ်ရှုနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.