အချိန်ယူပါ၊ သေချာစွာဆွေးနွေးပါ။ အဖြေထွက်ပါစေ

0
23524
အစိုးရသစ်ကြွေးကြော်သည့်အတိုင်း ၂၀၁၆၊ သြဂုတ်လကုန်ဖြစ်သည့် (၃၁)ရက်နေ့တွင် ၂၁ရာစုပင်လုံ ခေါ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံစတင်ခဲ့သည်။<!--more-->



ယခင်တစ်ကြိမ်ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးညီလာခံထက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့(၃)ဖွဲ့မှ လွဲပြီး အင်အားစုတော်တော်များများတက်ရောက်ခဲ့သည့် ညီလာခံဖြစ်ကာ ကမ္ဘာကအာရုံစိုက်သည့် ညီလာခံ တစ်ခုလည်းဖြစ်သည်။

ညီလာခံဒုတိယနေ့မှ စတင်ပြီး အင်အားစုအားလုံးမှ မိမိတို့၏ ရပ်တည်ချက်များ၊ သဘောထားများ၊ မျှော်မှန်းချက်များကို အသီးသီးဖော်ထုတ်ခဲ့ကြပြီး ကွဲလွဲမှုတော်တော်များများရှိသည်ကို အထင်းသားတွေ့ရှိရ သည်။

အရောင်အသွေးစုံသော နိုင်ငံရေးယူဆချက်အမျိုးမျိုးရှိသည်ဖြစ်သဖြင့် ရပ်တည်ချက်၊ သဘောထားများ ကွဲလွဲသည်မှာ အမှန်တရားပင်ဖြစ်သည်။ ရပ်တည်ချက်များအားလုံးသည် နိုင်ငံနှင့် နိုင်ငံသားတို့အတွက်သာ လျှင်ဖြစ်သည်ဟု အင်အားစုအားလုံးက ဆိုကြသည်။ 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကား အစပျိုးပြီဖြစ်သည်။ သေချာသည်မှာ ခြောက်လမှတစ်ကြိမ် ပြုလုပ်နိုင်သည်ဖြစ်ရာ အချိန်ယူမည်မှာ သေချာလှသည်။ နှစ်ခြောက်ဆယ်ပဋိပက္ခအတွက် ခြောက်လဖြင့် မပြေလည်နိုင်။ မှန်ပါသည်။ အချိန်ယူရမည်။ သို့သော်လည်း နေ့စဉ်နှင့် အမျှ ဒုက္ခသုက္ခကြုံနေရသည့် နိုင်ငံသား များတို့ဘဝစာနာခြင်းအားဖြင့် မလိုလားအပ်သော အချိန်များကို ချုံ့ရန်လိုအပ်ကြောင်း တိုက်တွန်းလိုသည်။

ညီလာခံဒုတိယနေ့ အခင်းအကျင်းအရ မတူကွဲပြားမှုတွေ ၉၀ရာခိုင်နှုန်းအထိရှိနေသည်ကို တွေ့ရ သည်။ လိုချင်သည့်အဖြေမှာ အားလုံးလက်ခံသဘောတူသည့် အဖြေတစ်ခုသာလျှင်ဖြစ်သည်။ ထို့ကြောင့် အဖြေညှိဖို့ ဆွေးနွေးရမည်။ ဆွေးနွေးမှုတိုင်းအတွက် တိကျ၊ သေချာဖို့လိုသလို ကမ္ဘာ၊ မြန်မာအခင်းအကျင်းနှင့် နှိုင်းချိန်ဖို့လိုသည်။ နိုင်ငံသားများအတွက် မျက်နှာမူဖို့လိုသည်။ အပေါင်းလက္ခဏာဆောင်သော အဖြေထွက်ဖို့ လိုသည်။ ထို့ကြောင့် အကျေအလည်ဆွေးနွေးပါ။ သေချာဆွေးနွေးပါ။ ဘာပဲဖြစ်ဖြစ် တိတိကျကျဆွေးနွေးပါ။

ဆွေးနွေးမှုတိုင်းတွင် ပွတ်တိုက်မှုရှိနိုင်သည်။ ရပ်တည်ချက်အမျိုးမျိုးက သမိုင်းအစဉ်အလာ၊ ခံယူချက်၊ ဒုက္ခသုက္ခ၊ တန်းတူမှု၊ ကောင်းမွန်သောမျှော်လင့်ချက်တို့ဖြင့် တည်ဆောက်ထားရာ အားလုံးအလျှော့ပေးလို သော သဘောမရှိဟု ယေဘူယျယူဆရမည်။ လိုချင်သည်မှာ နိုင်ငံသားအားလုံးအတွက် ပြေလည်ခြင်းတရား သာလျှင်ဖြစ်သည်။ အဖြေမထွက်စရာမရှိပါ။ အဖြေထွက်ဖို့အတွက် တစ်ဦးစီ၊ တစ်ဖွဲ့စီက ဂ၊ ပ၊ င၊ ၁ ဖြစ်မနေဖို့ လိုသည်။ ၁ လိုချင်လျှင် ၁ အတွက်ရအောင်ဆွေးနွေးပါ။ ဂ၊ ပ၊ ငမဖြစ်ဖို့လိုသည်။

အဆုံးသတ်အနေဖြင့် ၂၁ ရာစုပင်လုံညီလာခံကို ကြိုဆိုပါသည်။ ကျန်ရှိနေသောအင်အားစုများလည်း နောက်အကြိမ်များတွင် ပါဝင်နိုင်မည်ဟု ယုံကြည်ပါသည်။ မှာချင်သည်မှာ အချိန်ယူပါ၊ သေချာဆွေးနွေးပါ၊ အဖြေထွက်ပါစေဟုပင်ဖြစ်သည်။ 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.