ဘယ်သူက ဘယ်သူ့ကို တာဝန်ခံမလဲ

0
17835

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲစနစ်တည်ငြိမ်စွာဖြင့် တက်လာသည်မှာ သက်တမ်းတစ်ကြိမ်သာလျှင် ပြီးသေးပြီး ဒုတိယအကြိမ်သို့ ချဉ်းနင်းဝင်ရောက်စဉ်ကာလသာလျှင် ရှိနေသေးသည်။

ထိုကာလကို အများစုက စပ်ကျားကာလဟုဆိုကြပြီး အဆိုပါကာလများတွင် တရွတ်တိုက်ပါရှိသွား သည့် အုပ်ချုပ်ရေးအဆင့်ဆင့်ဆိုင်ရာဝန်ထမ်းများနှင့် အသစ်ရောက်ရှိလာသည့် ရွေးကောက်ခံများသည်ကား မူအရသာရှိသော်လည်း လက်တွေ့တွင် မည်သူ့ကို တာဝန်ခံရမှန်းမသိဖြစ်နေသည်များကို ကြားသိနေရသည်။

အထူးသဖြင့် ကာလအတန်ကြာ အာဏာရှင်စနစ်အောက်နေခဲ့ကြသည့် မြန်မာနိုင်ငံအနေဖြင့်မူ ရုတ်တရက်တာဝန်ခံရမှု ပြောင်းလဲသွားခြင်းက အရာရာတိုင်းတွင် ကစဉ့်ကလျားမဖြစ်သော်လည်း အနည်းနှင့် အများတော့ ခက်ခဲသွားခဲ့သည်ချည်းသာဖြစ်သည်ကို တွေ့ရသည်။

ဆိုတော့ ဘယ်သူ့ကို တာဝန်ခံရမလဲမေးလျှင် နိုင်ငံတော်ကို တာဝန်ခံဖို့ လိုသည်ဟု အလွယ်ကူဆုံး အဖြေကိုပေးလိုသည်။ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် တာဝန်ခံပြီး နိုင်ငံတော်၊ နိုင်ငံသားများ၏ ငွေများဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အလုပ်လုပ်ပေးနေသည်ဟု လွယ်လွယ်မှတ်နိုင်သည်။ ဒါကအခြေခံ။

နှစ်ပေါင်းများစွာ မိမိကိုယ်ကိုသာ တာဝန်ခံခဲ့သည့် ဝန်ထမ်းလောကအတွက် နိုင်ငံတော်ကို တာဝန်ခံ ခြင်းမှာ ပုံစံတစ်မျိုးမြင်နိုင်သော်လည်း ဒါက အရှိတရားပင်ဖြစ်သည်။ အနာဂတ်တွင် ဝန်ထမ်းအဖြစ် ပါဝင် ဆောင်ရွက်သူများအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများကို ဦးထိပ်ပန်ဆင်ဖို့လိုသည်။

နိုင်ငံတော်နှင့် နိုင်ငံသားများအပြင် မည်သည်ကို ထပ်ဆင့်တာဝန်ခံရမည်ရှိသော် ရွေးကောက်ခံ နိုင်ငံတော်အစိုးရသစ်ကို တာဝန်ခံရမည်ဖြစ်သည်။ ဤသည်ကား ဒုတိယအရေးကြီးသည့် အချက်ဖြစ်သည်။

ယခုလို အပြောင်းအလဲကာလတွင် ဝန်ထမ်းအချို့မှ ယခင်အစိုးရနှင့် ယခင်အခြေအနေများအတိုင်း ဆောင်ရွက်နေသည်ရှိရာ ဤသည်ကား မိမိတို့၏တာဝန်ကို လျစ်လျူရှုခြင်းဖြစ်သလို နိုင်ငံသားများ၏ ဆန္ဒကို လျစ်လျူရှုခြင်းဖြစ်သည်ဟု ဆိုရမည်။

ယခုအစိုးရသစ်သက်တမ်းသည် ယခုမှာ သုံးလကျော်သာလျှင် ရှိနေသေးသည်။ ရှေ့ဆက်လျှောက် သွားရန် ခရီးဝေးရှိနေသည်။ မိမိတို့အနေဖြင့် နှဖူးပေါ်လက်တင်ပြီး ဆက်လက်သွားမည့်လမ်းခရီးများတွင် လိုက်ပါလျှောက်လှမ်းမည်လား။ သို့တည်းမဟုတ် လက်ရှိအစိုးရသစ်၏မူဝါဒကို သဘောမတွေ့သဖြင့် အတိုက်အခံနိုင်ငံရေးလောကသို့ ခြေစုန်ပစ်ဝင်မည်လား။ မိမိတို့လွတ်လပ်ရာစဉ်းစားနိုင်သည့်အခြေအနေတွင် ရှိနေသည်။

ယခုကာလကား နိုင်ငံတော်၊ နိုင်ငံသားများအပေါ် တိတိကျကျတာဝန်ခံရမည့်ကာလဖြစ်ချေပြီ။ အဖြေအမြန်ဆုံးရှာဖွေပြီး ဆက်လက်လျှောက်လှမ်းဖို့ တိုက်တွန်းလိုသည်။ မဟုတ်ပါက ရှာဖွေဖော်ထုတ်ခြင်း၏ ရလဒ်ဖြင့် ခံစားရလျှင် မကောင်းဟုဆိုရချေမည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.