ဌေးဝင်း
လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေတဲ့ သတ္တဝါမျိုး မဟုတ်လား။ မျှော်လင့်ချက်အတွက် လူတိုင်းမှာ အိမ်မက် ကိုယ် စီကိုယ်စီ သို့မဟုတ် ရည်ရွယ်ရာ ပန်းတိုင်တခုစီတော့ ဧကန်ရှိကြရမှာပါ။
ဒီနေရာမှာ ဖြစ်ချင်တဲ့စိတ်ကလေးလောက်ကိုတော့ ကိုယ့်ရဲ့အိမ်မက် ကိုယ့်ရဲ့ မျှော်လင့်ချက်လို့ မထင်မိကြစေချင်ဘူး။ ကိုယ်ဖြစ်ချင်တာလေးကို ကိုယ့်အိမ်မက်လို့ လွှဲမှားစွာယူဆနေကြတာကို လူငယ်ထုကြားမှာ မြင်တွေ့နေရတာဟာ ဝမ်း နည်းဖွယ်ရာ ကောင်းလှပါတယ်။
အရွယ်မရောက်မီ ကလေးငယ်လေးကို သားကြီးလာရင် ဘာလုပ်မယ်၊ သမီးကြီးလာရင် ဘာလုပ်မယ် ဆရာဝန်ကြီး လုပ် မယ်၊ အင်ဂျင်နီယာကြီး လုပ်မယ်၊ စစ်ဗိုလ်ကြီး လုပ်မယ်ဆိုတဲ့ မိဘရဲ့ဆန္ဒ ကိုယ့်ဝန်းကျင်က အထင်ကြီးလေးစားခံရတဲ့ ဘ ဝတွေကို ကေးလပါးစပ်ထဲက ရွတ်ပြတာမျိုးဟာ တကယ့်အိမ်မက် တကယ့်ရည်မှန်းချက် မဟုတ်ပါ။ ကောင်းတယ်ထင်တာ လေးကို ဖြစ်ချင်တဲ့ဆန္ဒမျှသာ ဖြစ်ပါတယ်။
လူတိုင်း ဆရာဝန်တွေ အင်ဂျင်နီယာတွေ စစ်ဗိုလ်တွေ ဖြစ်ချင်ပေမဲ့ ဖြစ်ချင်တိုင်းဖြစ်လို့ရတာမှမဟုတ်တာ။ ဖြစ်နိုင်လောက် တဲ့ အရည်အချင်းတွေရှိမှ ဖြစ်လို့ရတာ မဟုတ်လား။ ဒါကို လူတိုင်းသိပါတယ်။
ဒီကနေ့ ကိုယ့်တိုင်းပြည်ရဲ့ ပကတိ အခြေအနေမှန်ကို သုံးသပ်ပြီးမှ ကိုယ်ဘယ်နေရာမှာ စွမ်းဆောင်နိုင်မလဲဆိုတာကို ကိုယ့်ကိုယ်ကိုသိအောင် အရင်လုပ်ပြီး ကိုယ့်အစွမ်းအစရှိတဲ့နေရာအတွက် အိမ်မက်တခုကို ကျွန်တော်တို့ မက်ကြရမှာပါ။ ကျွန်တော်တို့ တိုင်းပြည်နဲ့ပတ်သက်လို့ သမ္မတ ဦးသိန်းစိန် အမေရိကန်ကိုရောက်ချိန်မှာ ဝန်ခံသွားတာက ကျွန်တော်တို့ မှာ ဥစ္စာဓန အရင်းအနှီးမရှိဘူး။ အတတ်ပညာ နည်းပညာ အားနည်းတယ်။ လိုရင်းကတော့ ကျွန်တော်တို့ဟာ အစစ အ ရာရာမှာ နိမ့်ကျဆင်းရဲတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တယ်ဆိုတာကို ဝန်ခံသွားတာပါဘဲ။
ကျွန်တော်တို့ဘဝမှာ အလွန်အမင်းဆိုးဝါးလှတဲ့ ရောဂါဆိုးတခု ကပ်ရောက်နေတာ ဆယ်စုနှစ်ပေါင်းများစွာ ကြာနေခဲ့ပါပြီ။ ကုရာနတ္ထိ ဆေးဘဲမရှိရော့လေသလား။ အဲဒါကတော့ ”ဆင်းရဲခြင်း ရောဂါ”ပါဘဲ။ ဆင်းရဲခြင်းရေသောက်မြစ်က မွေးဖွါးပေး လာတဲ့ ဆိုးကျိုးတွေကတော့ ပညာမတတ်ခြင်း၊ ရောဂါထူးပြောခြင်း၊ အကျင့်စာရိတ္တ ပျက်ပြားခြင်း စတဲ့ ဘေးထွက် ဆိုးပြစ် တွေ တသီတတန်းကြီး ပေါ်ထွက်လာပါတယ်။
မည်သို့ပင်ဖြစ်နေပါစေလေ။ မြန်မာတနိုင်ငံလုံးမှာ ရှိသမျှလူတွေ အားလုံး မွဲတေ စုတ်ပြတ်နေကြတာတော့ မဟုတ်ပါဘူး။ ချမ်းသာတဲ့သူတွေကျတော့ ရှေ့ဒဏ္ဍာရီ ပုံပြင်ထဲက ကုဋေရှစ်ဆယ် သူဌေးသားလို သုံးမကုန် ဖြုန်းမကုန် ကြွယ်ဝလွန်းလှ ကြပါတယ်။
ဒါပေမဲ့ ဒီအစုက လူနည်းစု၊ လူများစုကြီးကတော့ မွန်းကျပ်လွန်းလှတဲ့ လူ့ဘဝကြီးကို အလျားလိုက်ကူးခတ် နေကြရတယ်။ ဒီလူထုကြီးဟာ ကျွန်တော်တို့ ကိုယ်တိုင်ဘဲဖြစ်ပါတယ်။ ကျွန်တော်တို့ဘဝတွေဘဲ ဖြစ်ပါတယ်။ ဒါဟာ အတိတ်က ကုသိုလ်ကံနည်းခဲ့လို့ဆိုပြီး မမြင်နိုင်တဲ့အရင်ဘဝကို ယိုးမယ်ဖွဲ့ထိုးချနေရုံနဲ့တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ ပစ္စုပ္ပန် ပြဿနာကို လက်တွေ့ကျကျ ကျွန်တော်တို့ ဖြေရှင်းဖို့ ကြိုးစားကြရအောင်။
သေချာတာတခုကတော့ ဘယ်ဘဝရောက်ရောက် လူတွေဟာ အသက်ရှင်ရပ်တည်ဖို့ ဒါမှမဟုတ် ချမ်းသာကြွယ်ဝဖို့ ကိုယ့်အစွမ်းအစနဲ့ကိုယ် စီးပွါးရှာနေကြတယ် ဆိုတာပါဘဲ။
ဒါကြောင့် စီးပွါးရေးပညာရှင်တွေက ဒီလောကမှာ ရောင်းသူနဲ့ဝယ်သူဆိုတဲ့ လူတန်းစား နှစ်ရပ်သာရှိတယ်လို့ တင်စား ပြောကြတာ နေမှာပါ။ အဓိကဆိုလိုရင်းကတော့ ဒုတိယဘုရားသခင်လို့တင်စားခံရတဲ့ ငွေကြေးကို ရှာဖွေစုဆောင်း နေကြ တာဘဲ မဟုတ်လား။ ပြည့်ပြည့်စုံစုံ ချမ်းချမ်းသာသာ နေချင်ကြတယ်ဆိုတာ လူများစုကြီးရဲ့ ချဉ်ခြင်းတစ်ခုပါဘဲ။
ဒီနေရာမှာ သိထားရမှာတခုရှိတာက သူများထက် ချမ်းသာပြည့်စုံတဲ့လူတွေနဲ့ အောင်မြင်မှုကိုရရှိနေတဲ့သူတွေမှာ အများ သူငါနဲ့ မတူတဲ့ အပြုအမူတွေ ရှိတတ်ကြပါတယ်။
အဲဒါတွေကတော့ သူတို့ဟာ ကိုယ်လုပ်တဲ့အလုပ်ကို အပြုသဘောနဲ့ အမြဲတမ်း တွေးတတ်ကြတယ်။ အပျက်ဘက်က တွေးကိုမတွေးဘူး။ အခက်အခဲကြုံရင် ရဲရဲဝံ့ဝံ့ကျော်လွှားဖို့ စိတ်ဓါတ် ခွန်အား ကြံ့ခိုင်သန်မာနေတတ်ကြတယ်။ ကိုယ်လုပ် တဲ့အလုပ်ကို အမြဲတမ်း အကောင်းမြင်တတ်ကြတယ်။
ကောင်းသောရလဒ်အကျိုးကို မြင်နေမှ ဘယ်လောက်ပင်ပန်းပင်ပန်း မောတယ်ပန်းတယ်လို့ မညီးတွားဘူး။ ပြီးတော့ သူ တို့လုပ်နေတဲ့အလုပ်ဟာ ဧကန်မုချ အောင်ကိုအောင်မြင်ရမယ်လို့ တထစ်ချ ယုံကြည်နေတတ်ကြတယ်။ ဒီလို စိတ် ထား ရှိသူတွေရဲ့ ရှေ့မှောက်ကို အောင်မြင်မှုဆိုတဲ့ သရဖူဟာ မလွဲမသွေ ဆိုက်ရောက်လာကြရတာ မဟုတ်လား။
အဆင်မပြေပါဘူး။ စိတ်ညစ်တယ်လို့ ငြီးတွားနေသူတွေကို စေ့ငုလိုက်ရင် အောင်မြင်သူတွေနဲ့ ပြောင်းပြန်အနေအထားကို တွေ့ရတတ်ပါတယ်။ သူတို့မှာ တည်ငြိမ်မှုသမာဓိ နည်းနည်းလေးမှ မရှိတတ်ကြဘူး။ ခဏခဏ အလုပ်တွေ ပြောင်းနေ တတ်ကြမယ်။ နေရာတွေ ပြောင်းနေတတ်ကြမယ်။
ဝင်ငွေတွေကျတော့ အနိမ့်ဆုံးအဆင့်ကနေ တက်လာတယ်ရယ်လို့ သိပ်မရှိတတ်ကြပါဘူး။ စုဆောင်းငွေဆိုတာကတော့ ဝေလာဝေး။ အကြွေးတွေ တနင့်တပိုးအောက်မှာ မရှူနိုင်မကယ်နိုင် တင်နေကြတာကို စိတ်ပျက်စဖွယ် တွေ့နေရတတ်ပါ တယ်။
ဒါဟာ ကျွန်တော်တို့ရဲ့ ဖြစ်စဉ်ပါ။ သမိုင်းပါ။ ဟန်ဆောင်ပြီး ဘယ်လောက်နေနေ ဆင်းရဲသား များလွန်းတဲ့ တိုင်းပြည်တ ပြည်မှာ ရှုပ်ထွေးနက်နဲတဲ့ ပြဿနာတွေက အပိုဆုလာဘ်အဖြစ် ပါလာနေကျပါ။ ဘာကြောင့် ဒီလိုတွေဖြစ်နေကြတာလဲ။ တရားခံကတော့ ဆင်းရဲမွဲတေခြင်းပါဘဲ။ ဆင်းရဲလို့ ပညာမတတ်၊ ပညာမတတ်ခြင်းရဲ့ အကျိုးဆက်က လူတဦးချင်းစီကို နိမ့်ကျစေရုံမက တိုင်းပြည်ကိုပါ အောက်ကျနောက်ကျ ဖြစ်စေပါတယ်။
မြန်မာနိုင်ငံအကြောင်းရေးထားတဲ့ စာတွေမှာ သယံဇာတ ပေါကြွယ်ဝလှကြောင်းဆိုတဲ့ ဝါကျကို အားလုံးဖတ်ဖူးကြမှာပါ။ ဒီ သယံဇာတတွေက မြန်မာတွေရဲ့အိမ်ထက်ကို ခြေထောက်ပေါက်တက်လာပြီး စည်းစိမ်ချမ်းသာကို ခံစားစံစားကြပါလို့ ပေး နိုင်တာမဟုတ်လေတော့ သယံဇာတ ကြွယ်ဝမှုကပင်လျှင် လူမွဲတွေကို ပိုပြီး ဒုက္ခပေးနေလေရော့သလားလို့ ပြောရမလို ဖြစ်နေပြီ။ ဒါဘာကြောင့်လဲ၊ နည်းပညာဆင်းရဲလို့၊ မတတ်လို့ပေါ့။
နည်းပညာတတ်တဲ့ တိုင်းတပါးသားတွေက ကိုယ့်တိုင်းပြည်က သယံဇာတတွေကို ထုတ်ယူ ရောင်းချကြသွားကြတယ်။ ဒေသခံတွေကတော့ ”ဟိုဘက်ကမ်းက မီးထိန်ထိန် နိုင်ငံခြားသားအိမ်၊ ဒီဘက်ကမ်းက မီးမှိန်မှိန် ရွှေမြန်မာတို့အိမ်” လို့ ပြောလို့ရလောက်အောင် ဖြစ်နေတာဟာ ကျနော်တို့ ပညာဘက်မှာ အောက်ကျနောက်ကျ ဖြစ်နေလို့ မဟုတ်လား။
ပညာလို့ဆိုလိုက်ပြန်တော့ ကျွန်တော်တို့လူမျိုးတွေက ကျောင်းစာသင်ခန်းတွေ တက္ကသိုလ် ကောလိပ် ပရဝုဏ်ကြီးထဲက ပညာရှင်ကြီးများရဲ့ သင်ကြားပို့ချမှုကို ခံယူရမှသာ ပညာလို့ မြင်တတ်ကြတဲ့ အမြင်ကလည်း အဟန့်အတားတခု ဖြစ်နေ တယ်လို့ ထင်ပါတယ်။ အဲဒီဌာနတွေက ဘဝတက်လမ်းကို စောင်းတန်းသဘွယ် ထောင်ပေးမဲ့ ပညာတွေကို သင်ကြားပို့ချ ပေးနေမယ်ဆိုတာ ယုံမှားဖွယ်မရှိပါဘူး။ ဒါပေမဲ့ ကိုယ်ကမှ တက္ကသိုလ် မရောက်နိုင်ခဲ့တာ။ ဒါကိုလွမ်းနေလို့ ဘာများ အ ကျိုးထူးလာမှာလဲ။
ဒီကနေ့ ဖွံ့ဖြိုး တိုးတက်ပြီး နိုင်ငံတွေမှာတောင် လူတိုင်း တက္ကသိုလ်ပညာကို သင်ယူနိုင်ခဲ့ကြတာမှမဟုတ်တာ။ မြန်မာ ပြည်မှာသာ ရွှေအိုးရှိမှ ပညာသင်နိုင်တာ မဟုတ်ပါဘူး။ သူများတိုင်းပြည်တွေမှာလည်း ပညာသင်စရိတ်ဆိုတာ ကျောင်း ကောင်းရင် ကောင်းသလို နာမည်ကြီးရင် ကြီးသလို ခေါင်ခိုက်နေတတ်တာပါ။
ကျွန်တော်တို့ကိုယ်တိုင် ကိုယ့်ဘဝထဲမှာ ပညာကို တည်ဆောက်ရပါ့မယ်။
ကိုယ်လုပ်နေတဲ့အလုပ်ကို တန်ဖိုးထားပြီး လုပ်ဆောင်နေတာဟာ ကိုယ့်ကိုယ်ကို လေးစားနေတာဘဲ ဖြစ်ပါတယ်။ လောက မှာ ကိုယ့်ကိုယ်ကိုယ်တောင်မှ လေးစားမှုမရှိတဲ့သူကို ဘယ်သူကများလာပြီး လေးစားတော့မှာလဲ။
အများက လေးစားခြင်းခံ နေရတဲ့သူတွေဟာ နာမည်ကောင်းရှိတဲ့သူတွေဘဲ မဟုတ်လား။ နာမည်ကောင်းရှိတဲ့သူတွေဟာ မိမိကိုယ်ကို လေးစားတတ် ကြတယ်။ ကိုယ့်အလုပ်ကို သစ္စာရှိတတ်တြယ်။ ကိုယ့်လုပ်ငန်းကို ဖြောင့်မတ်တည်ကြည်စွာ သစ္စာ ရှိရှိ ကတိတည်တည် လုပ်တတ်တဲ့သူတွေဟာ ရေရှည်တည်တံ့တဲ့ နာမည်ကောင်းတခုကို ရတတ်စမြဲပါ။ ဒီလိုဖြစ်ဖို့က တော့ ကိုယ်ကျင့်ပညာဟာ အခရာ ဖြစ်ပါတယ်။
မွန်းကျပ်တယ်ဆိုတာ တကယ်တော့ စိတ်မလုံခြုံခြင်း၊ ဘဝမလုံခြုံခြင်းအတွက် တင်စားပြောကြတဲ့ စကားဘဲ မဟုတ်လား။ ဘ၀ အကျဉ်းထောင်၊ စိတ်အကျဉ်းထောင်ထဲမှာ မလူးသာ မလိမ့်သာ မွန်းကျပ်နေတဲ့ဘဝက ဖောက်ထွက်ဖို့ စိတ်ဓါတ်ခွန် အားတွေကို ကျွန်တော်တို့ စုစည်းကြရပါမယ်။ ကျွန်တော်တို့ဝန်းကျင်မှာ ကျွန်တော်တို့ရဲ့ဘဝကို ပိုမိုကောင်းမွန်လာ အောင် တွန်းအားပေးမဲ့ အဝိုင်းအဝန်းတွေကို တည်ဆောက်ကြရမယ်။
တိုင်းပြည်နဲ့လူမျိုးအပေါ် ကောင်းစေလိုတဲ့ ပညာတတ်အုပ်စုတွေက ကောင်းမွန်တဲ့အသိုင်းအဝိုင်တခု းတည်ဆောက်ရာမှာ ဦးဆောင်ပါဝင်ဖို့ လိုအပ်ပါတယ်။ အလားတူဘဲ ကိုယ့်အမျိုးသား အကျိုးစီးပွါးကိုလိုလားတဲ့ ငွေကြေးချမ်းသာသူတွေက လည်း ပူးပေါင်းပါဝင်ဖို့ မလွဲမသွေ လိုအပ်ပါလိမ့်မယ်။
အရေးအကြီးဆုံးကတော့ ကိုယ့်ဘဝကို အရည်အသွေးရှိလာအောင် တည်ဆောက်ချင်တဲ့ လူငယ်ပိုင်း လူလတ်ပိုင်းတွေက မိမိတို့မှာ လိုအပ်နေတဲ့ ပညာတွေကို ဘဝမှာတပ်ဆင်ဖို့ ဆန္ဒရှိနေဖို့ပါဘဲ။
တစ်ဦးချင်းစီမှာ အရည်အချင်းရှိလာကြပြီဆိုရင် အဲဒီတိုင်းပြည် အဲဒီလူမျိုးဟာ မျက်နှာပန်းမလှလာဖို့အတွက် စိုးရိမ်ပူပန် နေစရာ မလိုတော့ပါဘူး။ ဆင်းရဲခြင်းရောဂါနှိပ်စက်လို့ နာလန်မထဖြစ်နေတဲ့သူတွေအတွက် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတခုကို မျိုးချစ်စိတ်အခြေခံနဲ့ တည်ဆောက်ကြပါစို့လား။

