ကျိုက်မရော၊ နိုဝင်ဘာ ၆
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အပါအဝင် နိုင်ငံတဝန်းရှိ လစ်လပ်မဲဆန္ဒနယ်မြေ ၅၅ နေရာမှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသွားမယ်လို့ စစ်အစိုးရ လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာပါတယ်။
နိုဝင်ဘာ ၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ရွေးကော်ရဲ့ ကြေညာချက်အရ ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၂၇ ခုနှစ် ဧပြီ ၄ ရက်နေ့ တနင်္ဂနွေနေ့မှာ ကျင်းပမှာ ဖြစ်ပြီး မဲအများဆုံးရသူ အနိုင်ယူစနစ် FPTP ကျင့်သုံးမှာ ဖြစ်ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ်မြေ ၃၄ နေရာ၊ အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ်မြေ ၅ နေရာ၊ တိုင်းနဲ့ပြည်နယ်လွှတ်တော်အတွက် မဲဆန္ဒနယ်မြေ ၁၆ နေရာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာထားတဲ့ မြို့နယ်တွေရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ အစိုးရအဖွဲ့ထဲ ရောက်ရှိသွားတာ၊ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ နယ်မြေလုံခြုံရေးကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ်တွေ ပါဝင်ပါတယ်။
ကျိုက်မရောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP အမတ် ဦးမျိုးမြင့်ဟာ စစ်အစိုးရရဲ့ ဆောက်လုပ်ရေး ဒုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်သွားတာကြောင့် ကြားဖြတ်ရွေးကောက်ပွဲ ပြန်လည်ကျင်းပဖို့ ထည့်သွင်းထားတာပါ။
ဦးမျိုးမြင့်ဟာ စစ်ကောင်စီလက်ထက် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဧပြီလမှာ ဆောက်လုပ်ရေး ဒုဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပြီး စစ်အုပ်စု ကျင်းပတဲ့ အပိုင်းလိုက် ရွေးကောက်မှာ USDP ပါတီက ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိပြီးနောက် ဒုဝန်ကြီးအဖြစ် ဆက်လက်ခန့်အပ်ခံထားရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ – ၂၀၂၆ အထွေထွေရွေးကောက်ပွဲမှာ ကျိုက်မရောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် နိုင်ငံရေးပါတီ ခြောက်ခုက ကိုယ်စားလှယ် ခြောက်ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး USDP ပါတီက ကိုယ်စားလှယ် ဦးမျိုးမြင့် အနိုင်ရရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်

