ရေးက စစ်တပ်ဂိတ်စခန်းတစ်ခု ဝင်တိုက်ခံရလို့ သုံးဦး သေဆုံး

ရေး၊ အောက်တိုဘာ ၂၇

မွန်ပြည်နယ် ရေးမြို့နယ် အစင်ကျေးရွာအနီး မြို့ဟောင်းရွာရှိ စစ်တပ်ဂိတ်စခန်း ဝင်ရောက်တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က သုံးဦး သေဆုံးခဲ့တယ်လို့ ရာမညမွန်တပ်တော် RMA က အောက်တိုဘာ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အင်အား ၁၀ ဦးကျော်တဲ့ တပ်စွဲထားတဲ့ မြို့ဟောင်းရွာဂိတ်စခန်းကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်နေ့ ညနေ ၄ နာရီအချိန်လောက်မှာ ရာမညမွန်တပ်တော် RMA က အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က တပ်ကြပ်ကြီးတစ်ဦးအပါအဝင် သုံးဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရာမညမွန်တပ်တော် RMA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြို့ဟောင်းရွာရှိ စစ်တပ် ဂိတ်စခန်းဟာ ဒေသခံ ပြည်သူလူထုတွေကို နည်းမျိုးစုံနဲ့ အနိုင်ကျင့်တာ၊ ငွေကြေးတောင်းခံမှုတွေ ပြုလုပ်နေတဲ့အတွက် ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ရာမညမွန်တပ်တော် RMA က ဆိုထားပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ မြို့ဟောင်းရွာရှိ စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရမှုမှာ ထိခိုက်သေဆုံးတာ ရှိပေမယ့် အရေအတွက် အတိအကျ မသိရဘူးလို့ ဆိုပါတယ်။

မြို့ဟောင်းရွာဂိတ်စခန်း တိုက်ခိုက်ခံရပြီးနောက် စစ်တပ်ဘက်က လက်နက်ကြီး ပစ်ခတ်တာနဲ့ အစင်နဲ့မြို့ဟောင်းရွာလမ်းပိုင်းမှာ ပိတ်ဆို့စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.