ကျိုက်ထို၊ အောက်တိုဘာ ၁၃

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ငှက်ပျောတောကျေးရွာအုပ်စုမှာ အာဏာသိမ်း စစ်တပ်ရဲ့ဒရုန်းနဲ့ဗုံးကြဲမှုကြောင့် အရပ်သား နှစ်ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မနေ့ အောက်တိုဘာ ၁၂ ရက်နေ့ နေ့လယ်ပိုင်းမှာ ကျိုက်ထိုအခြေစိုက် တပ်မ(၄၄) ဌာနချုပ်ကနေ ငှက်ပျောတောကျေးရွာကို ဒရုန်းနဲ့ သုံးကြိမ် လာရောက်ဗုံးကြဲသွားတာပါ။

အဲဒီဗုံးကြဲမှုကြောင့် ငှက်ပျောတောကျေးရွာနေ အသက် ၂၆ နှစ်အရွယ် မောင်ချစ်သဲနဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသမီး တစ်ဦး သေဆုံးပြီး အမျိုးသား သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် သုံးလုံး ပျက်စီးခဲ့ပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ ငှက်ပျောတောကျေးရွာမှာ တော်လှန်ရေးတပ်ဖွဲ့တွေ စခန်းချနေထိုင်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လက်နက်ကြီးအပါအဝင် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက အရင်က ငှက်ပျောတောကျေးရွာမှာ စခန်းချတပ်စွဲဖူးပေမယ့် အခုနောက်ပိုင်း တပ်စခန်းချထားတာ မရှိတဲ့အတွက် ဒီလုပ်ရပ်ဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်မှု ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့ကလည်း ငှက်ပျောတောကျေးရွာကို အာဏာသိမ်း စစ်တပ်က ဒရုန်းနဲ့ နှစ်ကြိမ် လာရောက်ဗုံးကြဲသွားတာကြောင့် ဒေသခံ နေအိမ် တစ်လုံး ပြိုကျပျက်စီးခဲ့ပါတယ်။

ငှက်ပျောတောကျေးရွာမှာ အာဏာသိမ်း စစ်တပ်က နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်တာ၊ ဒရုန်းနဲ့ဗုံးကြဲမှုကြောင့် ဒေသခံအများစု နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.