ဘားအံ အောက်တိုဘာ ၃
လာမယ့် နိုဝင်ဘာ ၇ ရက်နေ့မှာ ကျရောက်မယ့် ၇၁ နှစ်မြောက် ကရင်ပြည်နယ်နေ့ပွဲတော်ကို ပျော်ပွဲရွှင်ပွဲတွေနဲ့ ကရင်ပြည်နယ် စစ်အစိုးရက စည်စည်ကားကား ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ပြည်နယ်နေ့လက်ဝှေ့ပွဲပြိုင်ပွဲကို ဆုကြေးငွေများစွာနဲ့ KNA ထိပ်သီးခေါင်းဆောင် စောချစ်သူရဲ့ မိသားစုက အဓိကပံ့ပိုးသွားမယ်လို့ သိရပါတယ်။
ကရင်ပြည်နယ်နေ့ပွဲတော်ကို ကရင်ရိုးရာဒုံးအကပြိုင်ပွဲ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွေ ပြခန်းတွေ အားကစားပြိုင်ပွဲတွေ ပျော်ပွဲရွှင်ပွဲတွေနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်တယ်လို့ စက်တင်ဘာ ၂၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ၇၁ နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကျင်းပရေး စီမံခန့်ခွဲမှုဦးစီးကော်မတီနဲ့ အထောက်အကူပြုလုပ်ငန်းကော်မတီရဲ့ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကနေ သိရပါတယ်။
ကရင်ပြည်နယ်နေ့ ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အားလုံး၀ိုင်းဝန်းကြိုးပမ်းကြဖို့ စစ်အစိုးရခန့် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက တိုက်တွန်းထားပါတယ်။
ပြည်နယ် စစ်အစိုးရနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးကတော့ လက်ရှိပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးဟာ ပျော်ပွဲရွှင်ပွဲတွေကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ဖို့ စီစဉ်ညွှန်ကြားထားပေမယ့် ပွဲတော်နေ့မှာ လုံခြုံရေးအရ ကန့်သတ်စစ်ဆေးမှုတွေ လုပ်ဆောင်ပါက လာရောက်လက်လည်ပတ်သူလည်း ရှိမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
ကရင်ပြည်နယ်နေ့ပွဲတော်လာက်ရောက်လည်ပတ်မယ့် ကျေးရွာတွေက ရွာသူရွာသားတွေ လွတ်လပ်စွာ သွားလာဝင်ထွက်နိုင်အောင် စစ်မှုထမ်းပေါ်တာနဲ့ လိုင်စင်မဲ့ယာဉ် စတဲ့ အဖမ်းအဆီးတွေ မပြုလုပ်ဖို့ ဒေသခံတွေကလည်း ထောက်ပြနေကြပါတယ်။
ကရင်ပြည်နယ်အတွင်းမှာတော့ လက်ရှိအချိန်မှာ စစ်မှုထမ်းအတွက် လူငယ်လူရွယ်တွေကို စစ်အစိုးရက လိုက်လံဖမ်းဆီးမှုတွေ အရှိန်မြှင့်တင်လုပ်ဆောင်နေချိန်နဲ့ ဘားအံမြို့အပါအဝင် မြို့တချို့မှာ လိုင်စင်မဲ့ယာဉ်တွေ၊ ထိုင်းကုန်ပစ္စည်းတွေကို ဖမ်းဆီးဆည်းသိမ်းဆည်းမှုတွေလည်း ဆက်တိုက်လုပ်ဆောင်နေခဲ့တာပါ။
ကရင်ပြည်နယ်နေ့ပွဲတော်အတွက် ရိုးရာလက်ဝှေ့ပြိုင်ပွဲမှာ ကရင်ပြည်နယ်မြန်မာ့ရိုးရာလက်ဝှေ့အသင်းက ဦးစီးကျင်းပပြီး ကရင်အမျိုးသားတပ် KNA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်စောချစ်သူမိသားစုတို့ရဲ့ ကူညီပံ့ပိုးပေးမှုနဲ့ ပထမအကြိမ် KSLA ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲလည်း အောက်တိုဘာ ၃ ရက်နေ့ကစပြီး ဘားအံမြို့မှာ စတင်ကျင်းပဖို့ရှိနေပါတယ်။
ကျားဖြန့်ကြောင့် နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ KNA ခေါင်းဆောင် ဗိုလ်ချုပ်စောချစ်သူတို့ မိသားစုဟာ ပြည်နယ်နေ့အထိမ်းအမှတ် ရွှေခါးပတ်ချန်ပီယံလက်ဝှေ့ပြိုင်ပွဲကို ပံ့ပိုးကူညီပေးခဲ့တာဖြစ်ပြီး ချန်ပီယံဆုရရှိတဲ့ လက်ဝှေ့သမားကို သိန်း ၁၀၀ တန် ရွှေခါးပတ်ချီးမြှင့်ပေးသွားမှာ ဖြစ်တယ်လို့ ပြည်နယ်လက်ဝှေ့လောကအသိုင်းအဝိုင်းကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

