နေပြည်တော် ၊ စက်တင်ဘာ ၁၅
မြန်မာပြည်သူတွေရဲ့ အသံကို ကိုယ်စားပြုနေတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂစင်မြင့်ထက်မှာ ဆက်လက်ကိုယ်စားပြုခွင့်ရရေး ထောက်ခံပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်နဲ့ ပတ်သက်ပြီး စစ်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ စက်တင်ဘာ ၁၃ ရက်နေ့က ထုတ်ပြန်ချက်အပေါ် သံလွင်တိုင်မ်းက NUG ရဲ့ သဘောထားကို မေးမြန်းရာမှာ ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က အထက်ပါအတိုင်း ဖြေကြားခဲ့တာပါ။
ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ NUG နဲ့ CRPH တို့ရဲ့ မြန်မာကိုယ်စားပြု ကိုယ်စားလှယ်အဖြစ် လှုပ်ရှားဆောင်ရွက်မှုတွေကြောင့် စစ်အစိုးရက နိုင်ငံတော် ပုန်ကန်မှု စွပ်စွဲချက်တွေနဲ့ တရားစွဲပြီး ဖမ်းဝရမ်းထုတ်ထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားပြုမှု ဆက်လက်ရရှိနေတာဟာ တရားဝင် အသိအမှတ်ပြုခံရတာ မဟုတ်ဘဲ Credentials Committee ရဲ့ ဆုံးဖြတ်ချက်ကို နှစ်စဉ်ဆိုင်းငံ့ထားခြင်းအပေါ် အခြေခံတာလို့ စစ်အစိုးရက ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့မှာ ၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို စတင်ကျင်းပခဲ့ပြီး ကုလသမဂ္ဂမှာ သက်ဆိုင်ရာနိုင်ငံအလိုက် သံအမတ်တွေရဲ့ ကိုယ်စားပြုခွင့်ကို စိစစ်မယ့် Credentials Committee ကို ဖွဲ့စည်းထားတာပါ။
အဲဒီ ကော်မတီမှာ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေဖြစ်ကြတဲ့ အမေရိကန်၊ ရုရှားနဲ့ တရုတ်အပါအဝင် ဘယ်လ်ဂျီယံ၊ ဂျမေကာ၊ ယူဂန်ဒါ စတဲ့ နိုင်ငံကိုးခုအထိ ပါဝင်ပြီး ဒီမိုကရေစီရေးလှုပ်ရှားနေကြတဲ့ မြန်မာပြည်သူတွေကလည်း ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်ရှိနေဖို့ ကမ်းပိန်းတွေ လုပ်ဆောင်ကြတာလည်း ရှိနေပြန်ပါတယ်။
ဒီအခြေအနေမှာ စစ်အစိုးရက ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ကိုယ်စားပြုခွင့် မရရှိစေရေး ပုဒ်မ ၅ ခုနဲ့ တရားစွဲပြီး တရားခံပြေးအဖြစ် ကြေညာကာ အချိန်ကိုက် ထုတ်ပြန်လာတာပါ။
ဦးနေဘုန်းလတ်ကတော့ မြန်မာပြည်သူတွေရဲ့ အသံကို ဆက်လက်ကြားခွင့်ရနေဖို့ Credentials Committee က နိုင်ငံတွေအပါအဝင် အခြားနိုင်ငံတွေအနေနဲ့ စစ်အုပ်စုရဲ့ အလိမ်အညာတွေအတွက် နေရာမပေးမိဖို့ လိုတယ်လို့ သံလွင်တိုင်မ်းကို ပြောပါတယ်။
“သံအမတ်ကြီး ဆက်ရှိနေခြင်းက မြန်မာပြည်သူတွေရဲ့ အသံကို ဆက်လက်ကြားခွင့်ရနေမှာ ဖြစ်တယ်။ သံအမတ်ကြီးရဲ့နေရာကို အလွတ်ထားလိုက်ပြီဆိုရင် မြန်မာပြည်သူတွေရဲ့ အသံကို ပိတ်လိုက်တာဖြစ်မယ်ပေါ့ဗျာ။ အဲဒီထက် ပိုဆိုးမှာကတော့ သံအမတ်ကြီးရဲ့နေရာမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ကိုယ်စားလှယ်တစ်ယောက်ယောက်ကိုသာ ပေးလိုက်ပြီဆိုရင် ဒါဟာ မြန်မာပြည်သူတွေရဲ့ အသံကို လုံးဝ Shut down ပိတ်လိုက်ပြီးတော့ အကြမ်းဖက်စစ်အုပ်စုရဲ့ အလိမ်အညာတွေအတွက် နေရာပေးလိုက်သလို ဖြစ်မယ်ဆိုတာကိုတော့ အထူးအလေးနက်ထားပြီး ပြောလိုပါတယ်”လို့ ဆိုပါတယ်။
စစ်အစိုးရက ဦးကျော်မိုးထွန်းကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်နေ့ကစပြီး နိုင်ငံ့ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်ခဲ့ပြီးဖြစ်ပေမယ့် နယူးယောက်မြို့ရှိ နိုင်ငံပိုင် အဖွဲ့ရုံးခန်းနေရာ၊ ရုံးအကြီးအကဲနေအိမ်နဲ့ နိုင်ငံပိုင် ပစ္စည်းတွေကို ဆက်လက်အသုံးပြုနေတယ်လို့ စွပ်စွဲထားတာပါ။
ဒါ့အပြင် မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးရဲ့ ဘဏ်ငွေစာရင်းမှာ နိုင်ငံပိုင်ဘဏ္ဍာငွေ အမေရိကန် ဒေါ်လာ ၂ ဒသမ ၇၆ သန်းနဲ့ ယူရို ၃၈၂၃၃ ဒသမ ၆၂ ကျန်ရှိတဲ့အပေါ် ခွင့်ပြုချက်မရရှိဘဲ ထုတ်ယူသုံးစွဲတာ ကိုယ်ကျိုးစီးပွားအတွက် အလွဲသုံးစားပြုလုပ်ခဲ့တယ်လို့ စွပ်စွဲထားပါသေးတယ်။
တစ်ဘက်မှာ NUG ၊ CRPH တို့နဲ့ တိုက်ရိုက်ဆက်သွယ်ကာ ကိုယ်စားလှယ်အဖြစ် လှုပ်ရှားလုပ်ဆောင်နေမှုအပေါ် စစ်အစိုးရက ဦးကျော်မိုးထွန်းကို နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုအတွက် ရာဇသတ်ကြီးပုဒ်မ ၁၂၂ (၂) နဲ့ ဒက္ခိဏခရိုင်တရားရုံးမှာ အမှုဖွင့်လှစ်ကာ ဖမ်းဝရမ်းထုတ်ထားတာပါ။
ဒါ့အပြင် မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁)၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး အက်ဥပဒေပုဒ်မ ၆ (၁) နဲ့ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က တို့အရ အရေးယူထားသလို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) တို့အရ စစ်အစိုးရက ထပ်မံတရားစွဲဆိုထားတာ ဖြစ်ပါတယ်။
လက်ရှိမှာ ဦးကျော်မိုးထွန်းကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ တို့အရ စစ်အစိုးရက တရားခံပြေးအဖြစ် ကြေညာပြီး တရားရုံးအမိန့်တွေ ထုတ်ဆင့်ထားတာ ဖြစ်ပါတယ်။
နိုင်ငံတကာရဲတပ်ဖွဲ့ INTERPOL နဲ့ United States National Central Bureau (USNCB) တို့ကနေတဆင့် ဝါရှင်တန်မြို့ရှိ မြန်မာသံရုံးနဲ့ ပူးပေါင်းကာ အမေရိကန်ရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်အရေးယူနိုင်ရေး သံတမန်လမ်းကြောင်းကနေ ဆက်လုပ်သွားမယ်လို့ စစ်အစိုးရက ဆိုပါတယ်။
ဒါကြောင့် ဦးကျော်မိုးထွန်းရဲ့ ပြောဆိုလှုံ့ဆော်မှုတွေဟာ စစ်အစိုးရရဲ့ သဘောထားမဟုတ်ကြောင်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းနဲ့ သံတမန်ဆက်ဆံရေးရှိတဲ့ အစိုးရတွေအားလုံးကို နိုင်ငံခြားရေးဝန်ကြီးဌာနကနေ အသိပေးထားတာ ဖြစ်ပါတယ်။
ဒီလိုမျိုး လုပ်ဆောင်ချက်တွေဟာ စစ်အစိုးရအနေနဲ့ သံတမန်ရေးအရ အကြီးမားဆုံးထိုးနှက်ချက်ဖြစ်တဲ့ ကုလသမဂ္ဂမှာ တရားဝင်မှုရအောင် ကြိုးပမ်းတာလို့ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကျွန်တော်တို့ မြန်မာပြည်သူတွေ အားလုံး ဝိုင်းထောက်ခံတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက သူတို့ရဲ့ ရန်သူတော်လို့ သူတို့ မြင်တဲ့အတွက် တလျှောက်လုံး ပုဒ်မမျိုးစုံတပ်ပြီး တစ်ဘက်သတ် သူတို့ လုပ်နေတာ ဖြစ်တယ်။ တကယ်တမ်းကျတော့ အဲဒီနေရာက အရေးမပါပါဘူး ဘာမှ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အဖိုးမတန်ပါဘူးဆိုတာမျိုး စစ်အစိုးရဘက်က ဘယ်လိုပဲ သတင်းလွှင့်ထားသည်ဖြစ်စေ အဲဒီနေရာကို လိုချင်လို့သူတို့ နည်းမျိုးစုံနဲ့ ကြိုးစားနေတာဖြစ်တယ်။ ဒါက သံတမန်ရေးရာမျက်နှာစာမှာ တရားဝင်မှုရအောင်လို့ ကြိုးစားခြင်းဖြစ်တယ်”လို့ ဆိုပါတယ်။
ဒါကြောင့် တော်လှန်ရေးအင်အားစုတွေက သံတမန်ရေး၊ နိုင်ငံရေး ၊ စစ်ရေး စတဲ့ မျက်နှာစာတွေမှာ အလုံးစုံ ဖိအားပေးပြီး စစ်အစိုးရရဲ့ အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး စတဲ့ နယ်မြေတွေ ကျုံ့သွားအောင် ကြိုးစားနေကြတာလို့ သူက ဆက်ပြောပါတယ်။
လေ့လာသူတွေကတော့ အာဏာသိမ်းကာလကနေ လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဦးကျော်မိုးထွန်းက ပြည်သူလူထုကို ကိုယ်စားပြုပြီး ကမ္ဘာကို တင်ပြပေးနေတာလို့ ထောက်ပြကြပါတယ်။
ကုလသမဂ္ဂမှာ မြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်းကို စစ်တပ် အာဏာမသိမ်းခင်ကတည်းက ခန့်အပ်ထားတာပါ။ ဒါပေမယ့် ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ဘယ်သူက မြန်မာနိုင်ငံကိုယ်စားပြုမလဲဆိုတဲ့ ဆုံးဖြတ်ချက်ကို Credentials Committee က ဆိုင်းငံ့ခဲ့တာဖြစ်လို့ ဦးကျော်မိုးထွန်းကပဲ ဆက်လက်ကိုယ်စားပြုခွင့် ရရှိနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-NUG

