နေပြည်တော် ၊ စက်တင်ဘာ ၃
ကိုယ်တိုင်ခန့် သမ္မတနဲ့ တပ်ချုပ်သစ်တို့ရဲ့ ထိုင်းခရီးစဉ်အပြီး လက်နက်ခဲယမ်း တားဆီးထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး ထိုင်းအစိုးရနဲ့ မြန်မာစစ်အစိုးရတို့ကြား ခပ်စိပ်စိပ် ဆွေးနွေးလာကြတယ်လို့ နိုင်ငံပိုင် ဝါဒဖြန့် သတင်းစာတွေကနေ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်နှောင်းပိုင်းမှာ ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းအသံမတ်တို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေဟာ ရက်ပိုင်းခြားပြီး နေပြည်တော်ကို လာရောက်ကာ တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ သီးခြားစီ တွေ့ဆုံခဲ့ကြတာပါ။
အဲဒီတွေ့ဆုံမှုတွေအတွင်း နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးနဲ့အတူ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နယ်စပ်ဒေသ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ နယ်စပ်ကုန်သွယ်ရေးနဲ့ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကို ထိရောက်စွာ တားဆီးနှိမ်နင်းရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။
ဒါ့အပြင် လက်နက်ခဲယမ်း၊ မူးယစ်ဆေးဝါးနဲ့ ထိန်းချုပ်ဓာတုပစ္စည်းတွေ တရားမဝင် သယ်ဆောင်ရောင်းဝယ်ဖောက်ကားမှု တားဆီးထိန်းချုပ်ရေး၊ နယ်စပ်ဒေသ လုံခြုံရေးနဲ့ သတင်းအချက်အလက်တွေ အချိန်နဲ့တစ်ပြေးညီ အပြန်အလှန် ပေးပို့ဖလှယ်ရေးတို့ ပါဝင်တယ်လို့ စစ်အစိုးရက သတင်းထုတ်ပြန်ထားတာပါ။
အခုလို ဆွေးနွေးမှုအပေါ် ထိုင်းဘက်က လက်နက်ခဲယမ်းနဲ့ပတ်သက်ပြီး ကြပ်ကြပ်မတ်မတ် လုပ်လာတဲ့ အနေအထားမျိုးမှာ တော်လှန်ရေးတပ်တွေဘက်က လမ်းကြောင်းသစ် ရှာထားသင့်တယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က အကြုံပြုပါတယ်။
“ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း တော်တော်များများကတော့ ယိုးဒယား (ထိုင်း) နယ်စပ်ကနေပဲ လက်နက်ခဲယမ်း ဆက်စပ်ပစ္စည်းတွေကို သယ်ဆောင်ကြတာပေါ့။ အဲဒီအတွက် စစ်တပ်ကလည်း တားဆီးမှုတွေ ရှိတယ်။ အခု ထိုင်းဘက်ကပါ လက်နက်ခဲယမ်းနဲ့ ပတ်သက်ပြီးတော့ ကြပ်ကြပ်မတ်မတ် လုပ်လာတဲ့ အနေအထားမျိုးမှာ ကျွန်တော်တို့ အရင်လမ်းကြောင်းတွေကို မသုံးဘဲ လမ်းကြောင်းသစ် အနေအထားသစ် နယ်မြေသစ်တွေ ကျွန်တော်တို့ တော်လှန်ရေးတပ်တွေဘက်က ကြိုပြီးတော့ ရှာထားသင့်တယ်လို့ မြင်ပါတယ်ဗျ”လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်ပထမပတ်မှာ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ ထိုင်းခရီးစဉ်အတွင်း နယ်စပ်က လက်နက်ခဲယမ်းလမ်းကြောင်းတွေကို ဖြတ်တောက်ပေးဖို့ ထိုင်းဝန်ကြီးချုပ် အနုတင်ကို တောင်းဆိုခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကလည်း နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေးနဲ့ လက်နက်ခဲယမ်းမှောင်ခိုရောင်းဝယ်မှုတွေကို ပူးပေါင်းတိုက်ဖျက်ဖို့ (၉) ကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို တက်ရောက်တဲ့ ခရီးစဉ်အတွင်း ထိုင်းကာကွယ်ရေးဦးစီးချုပ်နဲ့ ဆွေးနွေးခဲ့တာပါ။
အဲဒီနောက်ပိုင်း ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းအသံမတ်တို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေဟာ ဩဂုတ် ၂၇ ရက်နဲ့ ၃၁ ရက်တို့မှာ နေပြည်တော်ကို လာရောက်ပြီး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ တွေ့ဆုံခဲ့ကြပါတယ်။
အခုလို တွေ့ဆုံမှုတွေဟာ နှစ်ဘက်ခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြတဲ့ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်ရေး၊ လုံခြုံရေးနဲ့ လက်နက်ခဲယမ်း သယ်ယူရောင်းဝယ်ရေး လမ်းကြောင်းတွေကို တားဆီးထိန်းချုပ်နိုင်ဖို့ ထပ်မံ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
လေ့လာသူတွေကတော့ ထိုင်း-မြန်မာနယ်စပ်ဒေသအတွင်း အခြေစိုက်လှုပ်ရှားနေကြတဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေအပေါ် အကြီးမားဆုံး သက်ရောက်မှုဖြစ်လာအောင် စစ်အစိုးရက ထိုင်းနဲ့ ပေါင်းပြီး ကြိုးပမ်းလာတာလို့ ထောက်ပြကြပါတယ်။
ဒါ့အပြင် နယ်စပ်ကနေ ဝင်လာတဲ့ လက်နက်ခဲယမ်းစီးဆင်းမှု လမ်းကြောင်းတွေကို ပိတ်ပင်ချင်တာနဲ့ တော်လှန်ရေးအင်အားစုတွေကို ထောက်ပံ့နေတဲ့ ထောက်ပို့သမားကိုပါ တားဆီးထိန်းချုပ်နိုင်ဖို့ လုပ်လာတာလို့ သုံးသပ်ကြပါတယ်။
ထိုင်း-မြန်မာနယ်စပ်ဟာ ကီလိုမီတာ ၂၄၀၀ ကျော် ရှည်လျားပြီး မြန်မာနိုင်ငံဘက်က ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းအတွင်းမှာ ရှိတဲ့ မြို့တချို့နဲ့ ထိုင်းနိုင်ငံတို့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။
ဒီလိုအနေအထားမှာ စစ်အစိုးရဘက်က ဘယ်လိုပဲ ကြိုးစားကြိုးစား အရာထင်မှာ မဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာန ၊ နည်းဗျူဟာ ၃၃ ရဲ့ နည်းဗျူဟာမှူး စောဒါးကိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဘယ်နည်းလမ်းနဲ့ ထိန်းချုပ်မလဲ၊ ဘယ်နည်းနဲ့ တားဆီးမလဲ။ ကြိုက်တဲ့ အပေါက်ဝင် ကြိုက်တဲ့အပေါက်က ထွက်လို့ရတဲ့ဟာကြီးပဲ ဟုတ်တယ် မဟုတ်လား။ ဒါတော့ သူက (စစ်အစိုးရ) အဲဒီလို ထုတ်ပြန်တာတော့ ကျွန်တော်တို့ တော်လှန်ရေးတပ်ဘက်က အခက်အခဲ ရှိသွားမယ်၊ ဒီလိုလုပ်လိုက်မယ်ဆိုရင် ကျွန်တော်တို့ကို အကြောက်တရား လာထည့်တာလေ၊ စိုးရိမ်စိတ်တွေ လာထည့်တာ။ ဘယ်ရမလဲ ကျွန်တော်တို့တတွေ အားလုံးက ဘာမှကို ဂရုမစိုက်ဘူး။ ကျွန်တော်တို့ဘက်ကနေပြီးတော့ စိတ်မပူထိဘူးပေါ့နော်။ အဲဒီအတွက်လည်းပဲ သူ ကြိုက်သလိုလုပ် ကျွန်တော်တို့ဘက်ကတော့ အေးအေးဆေးဆေးပဲလို့ အဲဒါလေးပဲ ပြောချင်ပါတယ်ဗျ”လို့ ဆိုပါတယ်။
တူမီးနဲ့ စလာတဲ့ နွေဦးတော်လှန်ရေးမှာ တစ်နိုင်ငံလုံးမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ကိုင်ထားတဲ့ လက်နက်အရေအတွက်ရဲ့ ၇၀ ရာခိုင်နှုန်းလောက်ဟာ အာဏာသိမ်း စစ်တပ်ကနေ သိမ်းဆည်းရမိတာလို့ သူက ထောက်ပြပါတယ်။
နွေဦးတော်လှန်ရေးရဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးတိုက်ပွဲတွေနဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း အာဏာသိမ်း စစ်တပ်ဘက်က တိုင်းစစ်ဌာနချုပ် ၂ ခု အပါအဝင် တပ်စခန်းများစွာ လက်လွှတ်ခဲ့ရတဲ့ ဖြစ်စဉ်မှာ လက်နက်ခဲယမ်းစုံလင်စွာ သိမ်းဆည်းခံခဲ့ရတာပါ။
လက်ရှိမှာလည်း နှစ်ဘက်ထိတွေ့တိုက်ပွဲတွေမှာ အာဏာသိမ်း စစ်တပ်ဘက်က အရေးနိမ့်တဲ့အခါ လက်နက်ခဲယမ်းနဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သိမ်းဆည်းရမိတဲ့ ဖြစ်စဉ်တွေလည်း ဆက်ရှိနေပါတယ်။
လက်နက်ခဲယမ်း တားဆီးထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး ထိုင်း-မြန်မာနယ်စပ်ဒေသတွေမှာ အခြေစိုက်လှုပ်ရှားနေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ အာလုံးနဲ့ ထိတွေ့ဆက်ဆံမယ်ဆိုတဲ့ ထိုင်းအစိုးရရဲ့ မူဝါဒကြောင့် မတူညီတဲ့ အမြင်တွေ ရှိနေကြတာ ဖြစ်ပါတယ်။
တစ်ဘက်မှာ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နေပြည်တော်ခရီးစဉ်အတွင်း စစ်အစိုးရရဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးခင်ရီ နဲ့ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးအောင်လင်းဒွေးတို့ကို သီးခြားစီ တွေ့ဆုံခဲ့ပါသေးတယ်။
အဲဒီတွေ့ဆုံမှုမှာတော့ နှစ်နိုင်ငံ လွှတ်တော်ချင်း ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်နိုင်ရေး အပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းတွေ မူးယစ်ဆေးဝါးတွေ လူကုန်ကူးမှုတွေ အွန်လိုင်းလိမ်လည်မှုတွေ ပပျောက်ရေးနဲ့ နှစ်နိုင်ငံကုန်သွယ်မှု အရှိန်အဟုန်မြှင့်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ စစ်အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

