နေပြည်တော်၊ ဩဂုတ် ၉
အာဏာသိမ်း စစ်ခေါင်းဆောင်ကနေ အရပ်သား အသွင်ပြောင်း သမ္မတ ဦးမင်းအောင်လှိုင်က စစ်အစိုးရရဲ့ အစည်းအဝေးတွေနဲ့ ပြည်ပခရီးစဉ်တွေမှာ မိန့်ခွန်းပြောကြားတဲ့အခါ ဒီမိုကရေစီဆိုတဲ့ စကားလုံးကို အမြဲလိုလို ထည့်သွင်းပြောဆိုလေ့ရှိပါတယ်။
ပူပူနွေးနွေး အိမ်နီးချင်း ထိုင်းနိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း ဩဂုတ် ၆ ရက်နေ့က ဘန်ကောက်မြို့ရှိ အစိုးရအိမ်တော်မှာ ပြုလုပ်ခဲ့တဲ့ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်အခြေချနေပြီလို့ ဆိုပါတယ်။
ဒါ့အပြင် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဆီကို ဦးတည်လျှောက်လှမ်းနေပြီဖြစ်လို့ အစိုးရသစ်အနေနဲ့ လက်ရှိမှာ နိုင်ငံတော် တည်ငြိမ်ရေး ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးကို ဦးစားပေးဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့တာပါ။
ဒေသခံပြည်သူတစ်ဦးက စစ်အစိုးရအနေနဲ့ လောလောဆယ် ဒီမိုကရေစီနည်းလမ်းတကျ အုပ်ချုပ်လိမ့်မယ်လို့ မယူဆတဲ့အတွက် ပြည်သူ့ဆန္ဒကို အမှန်တကယ်လေးစားပြီး အကောင်အထည်ဖော်မယ့် အစိုးရမျိုး ဖြစ်ဖို့ စောင့်ရဦးမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒါ့အပြင် အွန်လိုင်းပေါ်က ဝေဖန်သူတွေကို ဖမ်းဆီးတာတွေ ရှိနေတုန်းမို့ ကိုယ်မကြိုက်ရင် မကြိုက်ဘူးဆိုတဲ့ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်တွေ မရှိသေးတဲ့အနေအထားမှာ ဒီမိုကရေစီဆိုတဲ့ စကားက ဝေးသေးတယ်လို့ သူက ဆက်ပြောပါတယ်။
“ဒီနေ့အချိန်ထိတော့ လွတ်လပ်စွာ ပြောဆိုခွင့်တို့ လွတ်လပ်စွာ ရေးသားပိုင်ခွင့်တို့ မရှိသေးဘူးလေ။ ဟိုတလောတုန်းကဆို မီဒီယာမှာ တွေ့နေတာပဲ။ ဝေဖန်လို့ဆိုပြီးတော့ ပုဒ်မ တစ်ခုခုတပ်ပြီးတော့ ဖမ်းတာတို့ ဘာတို့ ရှိနေတုန်းပဲလေ။ လွတ်လပ်စွာ ပြောဆိုခွင့်ဆိုရင် ကိုယ်မကြိုက်ရင် မကြိုက်ဘူး ကြိုက်ရင် ကြိုက်တယ်လို့ ပြောဆိုရေးသားခွင့်ရှိတယ်။ ဒါ ဒီမိုကရေစီရဲ့ အခြေခံ အကြောင်းအရာတွေပဲရှိတယ်။ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်တွေ ဘာတွေ မပြောသေးဘူး။ အဲဒီအတိုင်းအတာအထိတောင် မရောက်သေးဘူးဆိုရင်တော့ ဒီမိုကရေစီဆိုတဲ့ စကားတော့ ဝေးသေးတာပေါ့နော်” လို့ ဆိုပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ဒီမိုကရေစီအစိုးရ နှစ်ဆက် ကြိုးပမ်းအကောင်အထည်ဖော်ခဲ့တဲ့ ဒီမိုကရေစီစံနှုန်းတွေနဲ့ လူ့အခွင့်အရေးတွေကို ပြည်သူလူထုတွေက ဒီကနေ့တိုင် ဆုံးရှုံးနေရသလို ကန့်သတ်မှုတွေနဲ့ ဖိနှိပ်မှုမျိုးစုံကိုလည်း ဆက်လက် ရင်ဆိုင်နေရတာပါ။
အာဏာသိမ်းမှု ၅ နှစ်အတွင်း တိုင်းပြည်ဟာ ဘက်ပေါင်းစုံ ချွတ်ခြုံကျမှုနဲ့အတူ နာလန်ထူလာနိုင်မယ့် အခြေအနေကို ဦးတည်လာနိုင်စွမ်း မရှိသေးဘဲ စစ်တပ်က အပိုင်းလိုက်ရွေးကောက်ပွဲကျင်းပပြီး အရပ်သားအသွင်ပြောင်းခဲ့ပါတယ်။
ဦးမင်းအောင်လှိုင်ရဲ့ စစ်ယူနီဖောင်းချွတ် ပုဆိုးနဲ့တိုက်ပုံပြောင်းဝတ်ပြီး ခေါင်းပေါင်းတလူလူနဲ့ ပြည်ထောင်စုလွှတ်တော်မှာ သမ္မတရာထူးနဲ့ ပထမဆုံး ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဆိုတဲ့ စကားရပ်ကို သုံးနှုန်းပြီး နိုင်ငံနဲ့ လူထုရဲ့ ဘဝကို မြှင့်တင်ဖို့ ကြွေးကြော်ခဲ့တာပါ။
ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာအောင် တည်ဆောက်ရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး၊ နိုင်ငံဖွံ့ဖြိးတိုးတက်ရေး၊ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝမြှင့်တင်ရေးကို သူဦးဆောင်တဲ့ အစိုးရက ဆောင်ရွက်သွားမယ်လို့ ပြောပေမယ့် ရက် ၁၀၀ အတွင်းမှာတင် အပြောတခြား အလုပ်တခြား ဖြစ်နေခဲ့ပါတယ်။
နိုင်ငံရေးပါတီတွေကို တင်းကျပ်တဲ့ ဥပဒေတွေ ပြင်ဆင်ပြဌာန်းတာ ကြက်ဥဈေးတစ်လုံး ၇၀၀ ကျပ်အထိ မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းနဲ့အတူ သွင်းကုန်မူဝါဒအလွဲတွေ စစ်မှုထမ်းခိုင်းဖို့ ပေါ်တာဆွဲတာတွေ ဆိုရှယ်မီဒီယာတွေမှာ ဝေဖန်သူတွေကို အမှုဖွင့်ဖမ်းဆီးတာတွေနဲ့ လေကြောင်းဗုံးကြဲတာတွေဟာ ရပ်တန့်မသွားခဲ့ပါဘူး။
နောက်ထပ် ပြည်သူတစ်ဦးကလည်း အတုအယောင်ရွေးကောက်ပွဲနဲ့ သမ္မတဖြစ်လာတဲ့ အာဏာရှင်မို့ ပါးစပ်ကနေ ဒီမိုကရေစီဆိုတဲ့ စကားလုံးကို ထုတ်ပြောနေရတာဖြစ်ပြီး အနှစ်သာရကတော့ ပြောင်းပြန်ဖြစ်သွားပြီလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အာဏာရှင်ကနေပြီးတော့ အတုအယောင်ရွေးကောက်ပွဲနဲ့ သမ္မတတက်လုပ်လာတာဆိုတော့ သူက အာဏာရှင်ပဲဖြစ်မှာပေါ့။ ဒါပေမယ့် ပါးစပ်ကတော့ ဒီမိုကရေစီ ဒီမိုကရေစီလို့ အော်နေရတာပေါ့။ ဒီမိုကရေစီရဲ့ အနှစ်သာရက အဓိပ္ပာယ်ဖွင့်တော့ အများကြီးပေါ့။ လက်ရှိ သူတို့ အရပ်သားအစိုးရအဖြစ် ပြောင်းလိုက်တယ်။ ကိုယ့်နိုင်ငံအတွင်းမှာ ဒီမိုကရေစီစနစ်အရ လွှတ်တော်ပေါ်လာတယ်ဆိုပေမယ့် လွှတ်တော်ရယ် အစိုးရရယ်က အပြန်အလှန် ထိန်းကျောင်းနေရမှာ။ အခုက လွှတ်တော်ကို အစိုးရက ထိန်းကျောင်းနေတယ်ဆိုကတည်းက ဒီမိုကရေစီရဲ့စကား ပြောင်းပြန်ဖြစ်သွားပြီဗျ” လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ကနေ အရပ်သားအသွင်ပြောင်း အစိုးရအဖြစ် ဖွဲ့စည်းပြီးနောက်ပိုင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးခြင်း မရှိခဲ့ပါဘူး။
ဒါ့အပြင် အာဏာသိမ်းမှုအတွင်း လက်လွှတ်ဆုံးရှုံးထားရတဲ့ နယ်မြေတွေကို တိုက်ခိုက်သိမ်းယူနိုင်ဖို့ ၅၈ မြို့ကို အရေးပေါ်အခြေအနေကြေညာပြီး စစ်အုပ်ချုပ်ရေးအမိန့်ကျင့်သုံးဖို့ စစ်အစိုးရရဲ့ ပြည်ထောင်စုလွှတ်တော်ကနေ အတည်ပြုပေးခဲ့တာပါ။
တဘက်မှာ နိုင်ငံတကာအသိုင်းအဝိုင်းထဲ ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် ကြိုးပမ်းတဲ့နေရာမှာ အာဆီယံကနေ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်က ပယ်ချကြောင်း အဆိုကို အတည်ပြုခဲ့ပါသေးတယ်။
ဒါပေမယ့် အာဆီယံကတော့ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းတဲ့နေရာမှာ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အဓိက မူဘောင်အဖြစ် ဆက်လက်ကိုင်စွဲထားတာပါ။
လောလောဆယ်မှာတော့ စစ်တပ် အသွင်ပြောင်းအစိုးရကို မိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ ရုရှားနဲ့ ဘယ်လာရုစ်အပြင် ဒေသတွင်းနိုင်ငံတွေထဲက တရုတ်၊ အိန္ဒိယနဲ့ လာအိုနိုင်ငံတို့က နိုင်ငံရေးအရ အသိအမှတ်ပြု ထောက်ခံခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီထဲက အိန္ဒိယ၊ တရုတ်နဲ့ လာအိုတို့ဟာ ကိုယ်တိုင်ခန့် သမ္မတရာထူးရယူထားတဲ့ ဦးမင်းအောင်လှိုင်ကို နှစ်နိုင်ငံအကျိုးစီးပွားအတွက် တရားဝင် ခရီးစဉ်အဖြစ် ဖိတ်ခေါ်ပြီး ထိတွေ့ဆက်ဆံခဲ့ကြပါတယ်။ အဲဒီခရီးစဉ်တွေအတွင်းမှာလည်း မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီရေး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတို့ကို ဘယ်လိုတွေ လုပ်ဆောင်နေတဲ့အကြောင်း သူက ထည့်သွင်းပြောဆိုခဲ့တာပါ။
ဒီအပေါ် ဒေသခံ ပြည်သူတစ်ဦးက အကျိုးစီးပွားအတွက်သာ တွေ့ဆုံစကားပြောနေကြတာဖြစ်ပေမယ့် အာဏာရှင်ကိုယ်တိုင်က ဒီမိုကရေစီဆိုတဲ့ စကားနဲ့ မတန်သလို ငြိမ်းချမ်းချင်စိတ်လည်း မရှိနေဘူးလို့ ဝေဖန်ပါတယ်။
“သူက ပါးစပ်ကသာ အဓိက ပြောတာပေါ့နော်။ လက်ခံတဲ့ နိုင်ငံတွေကလည်း အာဏာရှင်နဲ့ မြန်မာနိုင်ငံအတွက် သူတို့ အကျိုးစီးပွားအတွက်သာ ဒါတွေက လက်ခံပြီးတော့ တွေ့ဆုံစကားပြောနေကြတာ။ ဒါပေမယ့် အာဏာရှင်ကတော့ လက်ရှိမှာ ဒီမိုကရေစီဆိုတဲ့ စကားက သူနဲ့လည်း မတန်ပါဘူး။ ဒါပေမယ့် ပါးစပ်ကတော့ ပြောနေဦးမှာပဲ သူက ဘာလို့လဲဆို လက်ရှိမှာ ရက် ၁၀၀ အတွင်းမှာပဲ ငြိမ်းချမ်းရေးပြောပေမယ့် နေ့စဉ်ရက်စက် ဗုံးတွေကြဲနေတယ်။ နောက် တိုက်ပွဲတွေဖြစ်နေတယ်။ ပါးစပ်ကသာ ငြိမ်းချမ်းရေးပြောပြီး သူ့ရဲ့စိတ်အတွင်းက ငြိမ်းချမ်းချင်စိတ် မရှိဘူး။ သူက ပါးစပ်ကသာ ငြိမ်းချမ်းရေးပြောနေတာ။ အဲဒါ အာဏာရှင်တွေရဲ့ သဘာဝပဲ”လို့ ဆိုပါတယ်။
အမေရိကန်အခြေစိုက် ACLED အဖွဲ့ရဲ့ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခနဲ့ ဆက်စပ်တဲ့ သေဆုံးသူ တစ်သိန်းကျော်ရှိနေတယ်လို့ သိရပါတယ်။ အခုနှစ် ပထမခြောက်လတာအတွင်း စစ်တပ်က ကျူးလွန်ခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ် ၁၂ ခုထက်မနည်းရှိခဲ့ပြီး အရပ်သား ၄၅၀ ကျော် သေဆုံးခဲ့ရပါတယ်။
တဖက်မှာ အာဏာသိမ်းကာလကနေ လက်ရှိအချိန်အထိ CCTV ကင်မရာတွေ PSMS စနစ်နဲ့ Biometric Data တွေကို ပေါင်းစပ်ပြီး ပြည်သူတွေကို အချိန်ပြည့်စောင့်ကြည့်တာ၊ ပဋိပက္ခဒေသတွေမှာ သတင်းအမှောင်ချဖို့ အင်တာနက်လိုင်းတွေ ဖြတ်တောက်တာတွေကို စစ်အစိုးရက လုပ်ဆောင်နေတယ်လို့ အသံအဖွဲ့ကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

