ဒါကာ၊ သြဂုတ် ၈

ဘင်္ဂလားဒေ့ချ် စီးပွားရေးအတွက် အရေးပါတဲ့ အထည်ချုပ်လုပ်ငန်း နယ်ပယ်မှာ သဘာဝ ဓာတ်ငွေ့ ပြတ်လပ်မှုကြောင့် လုပ်ငန်းဆက်လက် လည်ပတ်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ပြီးခဲ့တဲ့လမှာ ဘင်္ဂလားဒေ့ချ်နိုင်ငံမှာရှိတဲ့ သဘာဝ ဓာတ်ငွေ့ တင်သွင်းရာ နေရာ နှစ်နေရာထဲက တစ်နေရာ မီးလောင်ခဲ့ပြီး အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် စွမ်းအင် အသုံးစရိတ် ကုန်ကျမှု များလာချိန် အဲဒီ လုပ်ငန်းနယ်ပယ်ထဲ အခုလို အခက်ကြုံနေတာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ချ်မှာ စုစုပေါင်း လုပ်သားအင်အား ၁၄ သန်းရှိတဲ့ အထဲက အလုပ်သမား ၄ သန်းကျော်ကို အထည်အလိပ် လုပ်ငန်း နယ်ပယ်မှာ ခန့်ထားတာ ဖြစ်ပါတယ်။

အဲဒီ လုပ်ငန်းနယ်ပယ်က ဘင်္ဂလားဒေ့ချ်ရဲ့ ထုတ်ကုန် ၈၀ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးနေပြီး နိုင်ငံ့ အသားတင် ထုတ်ကုန်တန်ဖိုးရဲ့ ၁၃ ရာခိုင်နှုန်းကို ရှာဖွေပေးနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အဝတ်လျှော်၊ အခြောက်လှမ်း၊ အဝတ်အထည် အပြီးသတ် ထုတ်လုပ်ရေး အဲဒီ လုပ်ငန်းနယ်ပယ်ဟာ သဘာဝဓာတ်ငွေ့ကို အားကိုးနေရတာ ဖြစ်ပါတယ်။

ပြည်တွင်း ထုတ်လုပ်နိုင်မှု လျော့ကျတာနဲ့ တင်ပို့မှု ကုန်ကျစရိတ် မြင့်တက်မှုကြောင့် ဘင်္ဂလားဒေ့ချ်မှာ သဘာဝ ဓာတ်ငွေ့ ပြတ်လပ်မှု ပြဿနာနဲ့ ရင်ဆိုင်နေရတာ ကြာပြီ ဖြစ်ပါတယ်။

အီရန်က ဟောမု့ဇ်ရေလက်ကြားကို ပိတ်ဆို့ထားပြီး ကာတာ စွမ်းအင်ဆိုင်ရာ အဆောက်အဦတွေကို တိုက်ခိုက် ဖျက်ဆီးနေတာကြောင့် ဘင်္ဂလားဒေ့ချ်သို့ ဓာတ်ငွေ့အရည် တင်ပို့မှု လျှော့ချမယ်လို့ ကာတာက ပြောထားပါတယ်။

ဘင်္ဂလားဒေ့ချ်ရဲ့ ဓာတ်ငွေ့အရည် တင်သွင်းရာနှစ်ခုထဲက တစ်ခု ပြီးခဲ့တဲ့ လမှာ မီးလောင်မှုကြောင့် စုစုပေါင်း ထောက်ပံ့နိုင်တဲ့ ပမာဏရဲ့ ထက်ဝက်အထိ လျော့ကျသွားကြောင်း နိုင်ငံပိုင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီ Petrobangla က ပြောထားပါတယ်။

စက်ရုံ တချို့အနေနဲ့ အရေးပေါ် ကုန်မှာယူမှုတွေအတွက် ဖြည့်ဆည်းပေးနိုင်ရေး လမ်းဘေးဆိုင်တွေက ဈေးပိုကြီးတဲ့ ဓာတ်ငွေ့တွေ ဒါမှမဟုတ် ဈေးအများကြီး ပိုကြီးတဲ့ ဒီဇယ်ဆီတွေ ဝယ်ယူ အသုံးပြုနေရပါတယ်။

ဘင်္ဂလားဒေ့ချ်မှာ အနောက်တိုင်းအတွက် ထုတ်လုပ်ပေးနေတဲ့ နာမည်ကြီး ဖက်ရှင် အမှတ်တံဆိပ် စက်ရုံတွေမှာ အလုပ်သမားတွေ ထောင်နဲ့ချီ လုပ်ကိုင်နေတာ ဖြစ်ပြီး လောင်စာ ပြတ်လပ်မှုကြောင့် ဇီဝ လောင်စာလို တခြား လောင်စာ အရင်းအမြစ်တွေ သုံးစွဲဖို့ စဉ်းစားနေရတယ်လို့ လုပ်ငန်းရှင် တချို့က ပြောပါတယ်။

ဘင်္ဂလားဒေ့ချ်ရဲ့ ကျေးလက် ဒေသတွေမှာရှိတဲ့ အိမ်ထောင်စု အားလုံးနီးပါးဟာ ချက်ရေး၊ ပြုတ်ရေးက အစ လိုအပ်တဲ့ လောင်စာအတွက် ဇီဝလောင်စာ သုံးနေကြတာ ဖြစ်ပါတယ်။

အထည်ချုပ် စက်ရုံအနည်းငယ်မှာတော့ လောင်စာ ရရှိရေး ဇီဝလောင်စာတွေ အသုံးပြုနေပြီ ဖြစ်ပါတယ်။

Ref:Telegraphindia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.