ချီကာဂို၊ သြဂုတ် ၈
မြန်မာနိုင်ငံနဲ့ တောင်ဆူဒန် နိုင်ငံကနေ အမေရိကန်သို့ ရောက်လာသူတွေကို နှင်မထုတ်ဖို့ ယာယီ ကာကွယ်ပေးမှု အဆုံးသတ်ရေး အမေရိကန် ဖက်ဒရယ် တရားသူကြီး နှစ်ဦးက ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။
မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် သတ်မှတ်ထားတဲ့ ယာယီ အကာအကွယ်ပေးမှုကို ဆက်လက် ထားရှိရေး ရွှေ့ပြောင်းနေထိုင်သူများအခွင့်အရေး အကျိုးဆောင်ရွက်သူတွေရဲ့ နောက်ဆုံး ကြိုးပမ်းမှုကို မန်ဆာချူးဆက်ပြည်နယ် ဘော်စတွန်မြို့နဲ့ အီလီနွိုက်စ်ပြည်နယ် ချီကာဂိုမြို့ရှိ တရားသူကြီးတွေက သြဂုတ် ၇ ရက်မှာ ပယ်ချလိုက်တာ ဖြစ်ပါတယ်။
ဟေတီနဲ့ ဆီးရီးယားက လူထောင်ပေါင်းများစွာအတွက် အလားတူ အကာအကွယ်ပေးမှုကို အမေရိကန် အစိုးရက အဆုံးသတ်ရေး နိုင်ငံတော် တရားရုံးက ဇွန်လက ခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။
အမေရိကန် အစိုးရရဲ့ ယာယီ အကာကွယ်ပေးမှု သတ်မှတ်ချက်အရ လက်နက်ကိုင် ပဋိပက္ခတွေ၊ သဘာဝ ဘေးအန္တရာယ်တွေ ဒါမှမဟုတ် တခြားသော သာမန်ထက် ထူးခြားတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေတဲ့ နိုင်ငံတွေက အမေရိကန်သို့ ရောက်လာသူတွေကို နှင်မထုတ်ဖို့ ကာကွယ်ပေးထားပြီး အလုပ်လုပ်ကိုင်ခွင့် ပေးထားတာ ဖြစ်ပါတယ်။
ယာယီ အကာအကွယ်ပေးမှု အဆုံးသတ်လိုက်တာကြောင့် တောင်ဆူဒန် နိုင်ငံသား ၂၃၂ ဦးနဲ့ မြန်မာနိုင်ငံသား ၄၀၀၀ လောက်အတွက် အမေရိကန်မှာ နေထိုင် အလုပ်လုပ်ခွင့် အဆုံးသတ်သွားမှာ ဖြစ်ကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။
အမေရိကန် နိုင်ငံတော် တရားရုံးရဲ့ ဆုံးဖြတ်ချက် ထွက်လာပြီးနောက် ရွှေ့ပြောင်းနေထိုင်သူများ အခွင့်အရေး ရှေ့နေတွေက အမိမြေ လုံခြုံရေးဌာနအနေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် ယာယီ အကာအကွယ်ပေးမှုကို အဆုံးသတ်ခွင့်မရှိဘူးလို့ စောဒက တက်ခဲ့ကြပါတယ်။
နိုင်ငံတော် တရားရုံးရဲ့ ဆုံးဖြတ်မှုကြောင့် နိုင်ငံပေါင်း တစ်ဒါဇင်လောက်က အမေရိကန်သို့ ရောက်ရှိနေသူတွေအတွက် ယာယီ အကာအကွယ်ပေးမှု အဆုံးသတ်ရေး အမေရိကန် အမိမြေ လုံခြုံရေးဌာနရဲ့ ကြိုးပမ်းမှုတွေကို အဆင့်နိမ့် တရားရုံးတွေက ပြန်လည် သုံးသပ်နိုင်စွမ်းကို တားဆီးလိုက်ပြီ ဖြစ်ပါတယ်။
အမေရိကန် အမိမြေ လုံခြုံရေးဌာနက ပဋိပက္ခ ဖြစ်နေတဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ၂၀၁၁ ခုနှစ်မှာ ပထမဆုံး မှတ်ပေးထားခဲ့တဲ့ ယာယီ အကာအကွယ်ပေးမှု အဆုံးသတ်ရေး အမေရိကန် အမိမြေ လုံခြုံရေးဌာနက နိုဝင်ဘာလ အတွင်း ဆုံးဖြတ်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး ဝရုန်းသုန်းကား အခြေအနေ ကြုံနေတဲ့ မြန်မာနိုင်ငံကနေ ရောက်လာတဲ့ လူတွေအတွက် ယာယီ အကာအကွယ်ပေးမှုကိုလည်း အမေရိကန်က ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။
ရီပက်ဘလေကန် သမ္မတ ဒေါ်နယ် ထရန့်လက်ထက်မှာ ရွှေ့ပြောင်းနေထိုင်သူများ အပေါ် ကန့်သတ် တားမြစ်မှုတွေ ပိုများလာပြီး နယ်စပ် ထိန်းချုပ်မှုတွေလည်း ပိုမို တင်းကြပ်လာပါတယ်။
မြန်မာနိုင်ငံကနေလာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ယာယီ အကာအကွယ် ပေးမှု အဆုံးသတ်ရေး ဆုံးဖြတ်ခဲ့တာက သမ္မတ ကလင်တန် လက်ထက်က ခန့်အပ်ထားခဲ့တဲ့ ချီကာဂို တရားသူကြီး မက်သရူး ကန်နယ်လီ ဖြစ်ပါတယ်။
အခုဆုံးဖြတ်ချက်ကြောင့် အမေရိကန်မှာ နေထိုင် အလုပ်လုပ်ခွင့် ရထားတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအနေနဲ့ ပဋိပက္ခတွေ ဖြစ်ပွားနေဆဲ မတည်မငြိမ် ဖြစ်နေဆဲ ဖြစ်တဲ့ မိခင်နိုင်ငံတွေဆီ ပြန်ပို့ခံရမှာ ဖြစ်ပါတယ်။
Ref:Reuters

