ဘန်ကောက်၊ သြဂုတ် ၈

ရာသီဥတု ပူပြင်းမှုကြောင့် ထောက်ပံ့နိုင်မှု လျော့ကျသွားတာနဲ့ တိရစ္ဆာန် အစားအစာ ဈေးနှုန်း မြင့်တက်မှုကြောင့် ထိုင်းနိုင်ငံမှာ ကြက်ဥဈေးနှုန်းတွေဟာ နှစ်နှစ်တာအတွင်း စံချိန်တင် မြင့်တက်လာပါတယ်။

ရာသီဥတု အခြေအနေ တိုးတက် ကောင်းမွန်လာမယ့် အောက်တိုဘာလအတွင်း ကြက်ဥဈေးနှုန်း ပြန်ကျလာမယ်လို့ မျှော်လင့်ရကြောင်း ကုန်သည်တွေက ပြောပါတယ်။

အန်သွန်၊ ချာချိုအန်ဆာအို၊ ချင်းမိုင်နဲ့ ချွန်ဘူရီဒေသတွေက ကြက်ဥ ထုတ်လုပ်ရေး လုပ်ငန်း ၄ ခု ပါဝင်တဲ့ မွေးဖြူရေး လုပ်ငန်းရှင်များ ကွန်ရက် တစ်ခုက ကြက်ဥ တစ်ဥ ဈေးနှုန်းကို ၄ ဘတ် သတ်မှတ်ကြောင်း ကြေညာထားပြီး ၃ ဒသမ ၈ ဘတ်ကနေ သြဂုတ် ၇ရက်မှာ မြင့်တက်လာတာ ဖြစ်ပါတယ်။

ရာသီဥတု အခြေအနေ ဆိုးရွားမှု အပူချိန်မြင့်တက်မှုနဲ့ မိုးသည်းထန်မှုတို့ကြောင့် ကြက်ဥ ထုတ်လုပ်မှုနှုန်း လျော့ကျနေကြောင်း မွေးမြူရေး လုပ်ငန်းရှင်များ အစည်းအရုံး ဥက္ကဋ္ဌ မာနော့ချ် ချူတူတင်က ဘန်ကောက်ပို့စ် သတင်းဌာနသို့ ပြောပါတယ်။

ရာသီဥတု ပြောင်းလဲမှုကြောင့် ကြက်တွေ ရောဂါ ဖြစ်လွယ်လာပြီး ကြက်ဥ ထုတ်လုပ်မှုနှုန်း လျော့ကျလာတာ ဖြစ်ပါတယ်။

အခုကာလအတွင်း ကြက်တွေရဲ့ ကျန်းမာရေးအတွက် မွေးမြူရေး လုပ်ငန်းရှင်တွေအနေနဲ့ အာဟာရ ဖြည့်စွက် ကျွေးမွေးနေရကြောင်းလည်း သိရပါတယ်။

လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်း လည်ပတ်မှု ကုန်ကျစရိတ် မြင့်တက်လာမှုကြောင့်လည်း အခက်အခဲတွေ ရှိနေပါတယ်။

ကြက်စာ ဈေးနှုန်းလည်း အခုနှစ် စောစောပိုင်းက တစ်ကီလိုကို ၁၃ ဘတ် ပေးရတာကနေ လက်ရှိမှာ ၁၄ ဘတ်ကနေ ၁၆ ဘတ်အထိ ပေးဝယ်နေရတယ်လို့ မစ္စတာ မာနော့ချ်က ပြောပါတယ်။

အောက်တိုဘာလလောက်မှာ ရာသီဥတု အခြေအနေ ကောင်းမွန်လာရင် အပူချိန်နဲ့ ဆက်စပ်တဲ့ ကြက်နာကျမှု အန္တရာယ်လျော့ပါးသွားမှာ ဖြစ်ပြီး ကြက်ဥဈေးနှုန်း လျော့ကျမယ်လို့ မျှော်လင့်ရကြောင်း သူက ပြောပါတယ်။

စားသောက်ဆိုင်များ အဖွဲ့အစည်း ဥက္ကဋ္ဌ ချာနွမ်က ကြက်ဥဈေးနှုန်းမြင့်တက်မှုကြောင့် စားသောက်ဆိုင်တွေအနေနဲ့ ဈေးပိုနည်းတဲ့ ကြက်ဥအသေးတွေကို ရွေးချယ်ရဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ လမ်းဘေး ကြက်ဥကြော်တွေရဲ့ ဈေးနှုန်းဟာ တစ်လုံးကို ၁၀ ဘတ်ကနေ ၁၅ ဘတ်အထိ ပေးနေရတာ အပြောင်းအလဲ မရှိနိုင်ဘူးလို့ သိရပါတယ်။

ပြည်တွင်း ကုန်သွယ်ရေး ဌာနက ဈေးကွက်တွင်း လက်ရှိ ပေါက်ဈေးထက် ၁၀ ရာခိုင်နှုန်း လျှော့ပြီး သြဂုတ် ၁၃ ရက်ကနေ ၃၁ ရက်အတွင်း နိုင်ငံတဝှမ်း ကြက်ဥ အလုံးရေ ၃ ဒသမ ၄၂ သန်း ရောင်းချပေးဖို့ စီစဉ်ထားပါတယ်။

ကြက်ဥပြတ်လပ်မှု မရှိသေးဘဲ ထုတ်လုပ်မှု အတိုင်းအတာ ပုံမှန်စံနှုန်းအောက် ရောက်ရှိနေတာသာ ဖြစ်တယ်လို့ အဲဒီ ဌာနက ပြောပါတယ်။

နေ့စဉ် ကြက်ဥထုတ်လုပ်မှုနှုန်း အခုလအတွင်း ၄၃ ဒသမ ၄ သန်း အထိရှိမယ်လို့ မျှော်လင့်ရပြီး ဒါဟာ ပုံမှန် ထုတ်လုပ်နိုင်မှုထက် ၃ ရာခိုင်နှုန်း လျော့ကျသွားတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ကြက်ဥ ထုတ်လုပ်မှုနှုန်းဟာ ၂၀၂၅ ခုနှစ်မှာ တစ်ရက်ကို အလုံးရေ ၄၃ သန်းအထိ ရှိခဲ့ပြီး ပြည်တွင်း စားသုံးမှုရဲ့ ၉၇ ရာခိုင်နှုန်းကို ထောက်ပံ့ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြည်တွင်း စားသုံးမှုထက် ပိုလျှံတဲ့ ကြက်ဥတွေကို ပြည်ပသို့ တင်ပို့ ရောင်းချနေတာ ဖြစ်တယ်လို့ မွေးမြူရေး လုပ်ငန်း ဖွံ့ဖြိုးရေးဌာနက ပြောထားပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.