ဆိုးလ်၊ သြဂုတ် ၇

ကိုရီးယား ကျွန်းဆွယ်တဝှမ်း အပူလှိုင်း ဖြတ်သန်းနေပြီး မြောက်ကိုရီးယား ပြည်သူတွေအနေနဲ့ အပူလှိုင်း ကာကွယ်ရေး ခွေးသားစွပ်ပြုတ်ကနေ ကြက်ပြုတ်ရည်အထိ အာဟာရ ရှိတဲ့ စားစရာတွေ စားသုံးကြဖို့ နိုင်ငံပိုင် မီဒီယာက တိုက်တွန်းထားပါတယ်။

ပြုံးယမ်းမြို့ရှိ ရေဥယျာဉ်တွေမှာ အပူရှောင် ပြည်သူတွေ အများအပြား ရောက်ရှိလာကြောင်း နိုင်ငံပိုင် မီဒီယာ KCNA က ဖော်ပြထားပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်လည်း သူ့ရဲ့ ပြည်သူတွေနဲ့ အတူ ခက်ခဲတဲ့ အခြေအနေတွေကို ရင်ဆိုင်နေရတယ်လို့ အဲဒီ သတင်းမှာ ဖော်ပြထား ပါတယ်။

သြဂုတ် ၆ ရက်က မြောက်ကိုရီးယားမှာ အပူချိန် ၉၈ ဒသမ ၁ ဒီဂရီ ဖာရင်ဟိုက် အထိ မြင့်တက်ခဲ့ကြောင်း နိုင်ငံပိုင် ရုပ်သံလိုင်းက ဖော်ပြထားပြီး ရာသီဥတု ဆိုင်ရာ မှတ်တမ်းများထားရှိပြီး နောက်ပိုင်း စံချိန်တင် အပူချိန် မြင့်တက်မှု ဖြစ်ပါတယ်။

မြောက်ကိုရီးယားမှာ အခုနှစ်အတွင်း ပုံမှန် မဟုတ်ဘဲ အပူပြင်းဆုံး သီတင်းပတ်တွေနဲ့ ကြုံတွေ့နေရပြီး နွေရာသီရဲ့ ခွေးနေ့များ ဒါမှမဟုတ် ဆမ်ဘွတ်ခ်လို့ ဒေသတွင်း ခေါ်ဝေါ်တဲ့ နေ့ရက်တွေနဲ့ ကြုံတွေ့နေရပါတယ်။

နွေရာသီ အပူချိန်ကို အံတုနိုင်ရေး ရိုးရာ အစဉ်အလာ ဟင်းလျာ ဖြစ်တဲ့ ခွေးသား စွပ်ပြုတ် သောက်ကြဖို့ နိုင်ငံပိုင် မီဒီယာက တိုက်တွန်းထားတာ ဖြစ်ပါတယ်။

မြို့တော် ပြုံးယမ်း အထွေထွေ ဆေးရုံရဲ့ ထုတ်ပြန်ချက်အရ ဖရဲသီး၊ သခွားသီးနဲ့ တခြား အာဟာရ ပြည့်မယ့် အစားအစာတွေ စားသုံးကြဖို့ တိုက်တွန်းထားပါတယ်။

ခွေးသား စွပ်ပြုတ်ဟာ မြောက်ကိုရီးယားရဲ့ ရာသီစာ ဖြစ်ကြောင်းနဲ့ နွေရာသီမှာ ပြည်သူတွေ အပူချိန် ခံနိုင်စေတဲ့ အစားအစာ ဖြစ်တယ်လို့ နိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။

အများပြည်သူအနေနဲ့ ရှေးဆိုရိုးစကား ဖြစ်တဲ့ နွေရာသီကာလအတွင်း ခွေသား စွပ်ပြုတ် အရည် ခြေထောက်ပေါ် ကျရင်တောင် ဆေးဖက်ဝင်တယ်ဆိုတဲ့ စကားကိုလည်း အမှတ်ရသင့်ကြောင်း အဲဒီ သတင်းမှာ ဖော်ပြထားပါတယ်။

ကဆီဓာတ်ပါဝင်တဲ့ ထမင်း၊ ဂျင်းဆင်း ထည့်ထားတဲ့ ကြက်ပြုတ်ရည်တို့ကို မြို့တော်ရှိ စားသောက်ဆိုင်တွေက အထူး စားစရာတွေအနေနဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။

အခုနှစ် စောစောပိုင်းကလည်း နိုင်ငံတော် ခွေးသားချက်ပြိုင်ပွဲ ကျင်းပခဲ့ကြောင်းလည်း အဲဒီ သတင်းမှာ ဖော်ပြထားပြီး ကျန်းမာရေး အကြံပြုချက်နဲ့ အတူ မြောက်ကိုရီးယား မီဒီယာက ဝါဒ ဖြန့်တာ ဖြစ်ကြောင်း ဝေဖန်သူတွေက ပြောပါတယ်။

မြောက်ကိုရီးယား အစိုးရက အပူချိန်နဲ့ ဆက်စပ်တဲ့ လူသေဆုံးမှု စာရင်းကို ထုတ်ပြန်မှု မရှိဘဲ အိမ်နီးချင်း တောင်ကိုရီးယားမှာတော့ အပူလှိုင်းနဲ့ ဆက်စပ်လို့ သေဆုံးသူ ၂၀ ကျော် ရှိတယ်လို့ သိရပါတယ်။
Ref:Reueters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.