ကင်ရှာဆာ၊ သြဂုတ် ၇
ကွန်ဂိုနိုင်ငံမှာ လက်ရှိ အီဘိုလာ ရောဂါ ပျံ့နှံ့မှုအတွင်း ရောဂါ ကူးစက်ခံရသူ ၄၀၀၀ ကျော် ရှိပြီ ဖြစ်ကြောင်း အစိုးရ ထုတ်ပြန်တဲ့ နောက်ဆုံး အချက်အလက်တွေမှာ ဖော်ပြနေပါတယ်။
ကမ္ဘာပေါ်မှာ ဒုတိယ အကြီးမားဆုံး ဖြစ်တဲ့ ရောဂါ ပျံ့နှံ့မှုဟာ မှတ်တမ်းတင်ထားသမျှထဲ အမြန်ဆန်ဆုံး ဖြစ်တယ်လို့ သိရပါတယ်။
မေ ၁၅ ရက်မှာ ရောဂါ ပျံ့နှံ့ပြီ ဖြစ်ကြောင်း မကြေညာခင် လများစွာအကြာကတည်းက ရောဂါ ပျံ့နှံ့နေတာ ဖြစ်နိုင်ကြောင်း ကျန်းမာရေး ပညာရှင်တွေက ပြောဆိုထားပါတယ်။
တရားဝင် ကြေညာထားတဲ့ စာရင်းထက် အမှန်တကယ် ရောဂါ ကူးစက်သူ အရေအတွက် အများကြီး ပိုများနိုင်ပါတယ်။
ဗဟို အာဖရိကရှိ ကွန်ဂိုနိုင်ငံမှာ အီဘိုလာ ရောဂါ ကူးစက်သူ စုစုပေါင်း ၄၀၅၃ ဦး ရှိပြီး သေဆုံးသူ ၁၈၅၀ ဦး ရှိကြောင်း တရားဝင် စာရင်းတွေအရ သိရပါတယ်။
ကွန်ဂိုနိုင်ငံရဲ့ အီတူရီ၊ မြောက်ကီဗူး၊ တောင်ကီဗူး၊ ဟွတ် ယူအီလီ၊ တီချိုပို ဒေသတွေဟာ ရေဂါ ကူးစက်ပျံ့နှံ့မှု အများဆုံး ဒေသ ၅ ခု ဖြစ်ပါတယ်။
ကွန်ဂိုမှာ အီဘိုလာ ရောဂါ ပျံ့နှံ့မှုဟာ ဇန်နဝါရီ ဒါမှမဟုတ် အဲဒီထက် စောစောကတည်းက ဖြစ်ပွားခဲ့တာ ဖြစ်ပေမယ့် နောက်ပိုင်းမှ ရောဂါ ပျံ့နှံ့မှုကို အတည်ပြုနိုင်ခဲ့တာ ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။
ဇန်နဝါရီ လလယ်ပိုင်းနဲ့ မေ ၁၅ ရက်ကြားမှာ သံသယရှိ လူနာ ၅၀၀ ကျော်အထိ ရှိခဲ့တယ်လို့လည်း လေ့လာသူတွေက ဆိုပါတယ်။
စစ်ဆေးမှုတွေ ကြန့်ကြာမှု၊ စောင့်ကြည့်ရေး လိုအပ်မှု၊ လက်နက်ကိုင် ပဋိပက္ခများ၊ ကာကွယ်ရေး မရှိမှု၊ ရောဂါ ပိုးမျိုးစိပ်အတွက် ကုသနည်း မရှိသေးတာကြောင့် ရောဂါ ပျံ့နှံ့မှု ရှည်ကြာနေတာ ဖြစ်ပါတယ်။
၂၀၁၄ -၂၀၁၆ ခုနှစ်က ဂီနီယာ၊ လိုက်ဘေးရီးယားနဲ့ ဆီရီယာလီယွန်တို့မှာ ဖြစ်ပွားခဲ့တဲ့ အီဘိုလာရောဂါ ပျံ့နှံ့မှုဟာ အကြီးမားဆုံး ရောဂါ ပျံံ့နှံ့မှု ဖြစ်ပြီး ရောဂါ ကူးစက်ခံရသူ ၂၈၀၀၀ အထိ ရှိခဲ့ပါတယ်။
အီဘိုလာရောဂါ ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကြောင့် ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးပြီး ခန္ဓာကိုယ်အတွင်းပိုင်း သွေးယိုစီးမှုတွေနဲ့ သေဆုံးရလေ့ ရှိပါတယ်။
ရောဂါရှိသူတွေရဲ့ ခန္ဓာကိုယ်ထဲက ထွက်တဲ့ အရည်တွေကတဆင့် ရောဂါ ကူးစက်နိုင်ပြီး သေဆုံးသူတွေကို ကိုင်တွယ်ရသူတွေလည်း ရောဂါ ကူးစက်မှုတွေ ရှိနေပါတယ်။
ကွန်ဂိုမှာ အီဘိုလာ ရောဂါ ပျံ့နှံ့နေချိန် အာဏာပိုင်တွေကို အသိမပေးဘဲ ရိုးရာဆေးဝါးတွေနဲ့ ကုသဖို့ ကြိုးပမ်းသူတွေ ရှိနေတာကြောင့်လည်း ရောဂါ ပျံ့နှံ့မှု ပိုမို ဆိုးရွားလာတာ ဖြစ်ပါတယ်။
Ref:Reuters

