ဝါရှင်တန်၊ သြဂုတ် ၇
အမေရိကန်မှာ လက်နက် ခဲယမ်းမီးကျောက်တွေ ပြတ်လပ်နေပြီဆိုတဲ့ သတင်းတွေကို သမ္မတ ဒေါ်နယ် ထရန့်က ငြင်းဆိုပြီး သတင်း ပေါက်ကြားစေသူတွေကို နှစ်ရှည် ထောင်ဒဏ် ချမှတ်မှာ ဖြစ်ကြောင်း လူမှုမီဒီယာမှာ ဖော်ပြပါတယ်။
အမေရိကန်မှာ ခဲယမ်းမီးကျောက် ပမာဏ အများကြီး ရှိပြီး အထူးသဖြင့် တချို့သော အမျိုးအစားတွေ ပိုရှိတယ်လို့ ထရန့်က သြဂုတ် ၆ ရက် မနက်ပိုင်းက လူမှုမီဒီယာမှာ ရေးပါတယ်။
နောက်ထပ် အမေရိကန်က လိုအပ်သလောက် ပမာဏ အများကြီး ထုတ်လုပ်ပြီး တင်ပို့နေတယ်လို့လည်း သူက ပြောပါတယ်။
အီရန်နဲ့ တိုက်ခိုက်နေတဲ့ စစ်ပွဲ ခြောက်လကြာကာလထဲ ဝင်ရောက်လာနေပြီး ငြိမ်းချမ်းရေး သဘောတူညီချက်ကလည်း မရေရာ ဖြစ်နေချိန် အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက် အခြေအနေနဲ့ ပတ်သက်လို့ ထရန့်ရော ပင်တဂွန်ပါ မေးခွန်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။
အီရန်ကတော့ ဒေသတွင်း ထုတ်လုပ်ထားတဲ့ လက်နက်တွေကြောင့် ဘယ်လို အန္တရာယ်မျိုးကိုမဆို တုံ့ပြန်နိုင်တယ်လို့ ပြောထားပါတယ်။
အမေရိကန်က လက်နက်ခဲယမ်း ကုန်သလောက် ဖြစ်သွားတာကြောင့် အီရန် အပေါ် တိုက်ခိုက်မှုတွေ ရပ်တန့်လိုက်တာလား ဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ် နေပါတယ်။
အီရန် ကာကွယ်ရေးဝန်ကြီး မာဂျစ် အီဘန်အီး ရီဇာက အမေရိကန် စစ်တပ်ရဲ့ စွမ်းပကား ယုတ်လျော့လာမှု ပိုမို မြင်သာလာတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ မိမိတို့ စစ်တပ်အနေနဲ့ နိုင်ငံတော် ကာကွယ်ရေးလုပ်ငန်း နယ်ပယ်ရဲ့ အကူအညီနဲ့ ဘယ်အန္တရာယ်မျိုးကိုမဆို တုံ့ပြန်ဖို့ အပြည့်အစုံ တပ်ဆင်ထားပြီး ဖြစ်ကြောင်း သူက ဆိုပါတယ်။
ပြည်ပက တင်သွင်းတဲ့ လက်နက်စနစ်တွေနဲ့ လုံခြုံရေးနဲ့ စစ်ရေးအရ အသာစီး ရရှိဖို့ အခုအချိန် ကြိုးပမ်းနေတဲ့ နိုင်ငံတွေအနေနဲ့ ဒေသတွင်း အားလုံးထက် သာလွန်တဲ့ အီရန်ရဲ့ ကိုယ်ပိုင် နည်းပညာကို မကြာခင် တွေးတော စိတ်ကူးမိလိမ့်မယ်လို့လည်း ဝန်ကြီး မာဂျစ်က ပြောပါတယ်။
Epic Fury စစ်ဆင်ရေးအတွင်း အီရန်ကို တိုက်ခိုက်ချိန်မှာ ထုတ်လုပ်ဖို့ ခက်ခဲတဲ့ လက်နက်ခဲယမ်း အများအပြားကို အမေရိကန်က သုံးစွဲခဲ့ပြီး နောက်ပိုင်း ပါးကိုက်ရင်နားပြန်ကိုက်မယ်ဆိုတဲ့ တိုက်ခိုက်မှုတွေ ရှိနေချိန် ထရန့် အစိုးရက လက်နက်များ ပြည့်စုံစေရေး သေချာစေအောင် ကြိုးပမ်းနေရပါတယ်။
စစ်ပွဲအတွင်း တာဝေးပစ် ပဲ့ထိန်း ဒုံးကျည် အများစုကို အမေရိကန်က အသုံးပြုပြီး ဖြစ်ကြောင်း အဲဒီ အခြေအနေနဲ့ ပတ်သက်လို့ သိထားတဲ့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
လက်နက်ခဲယမ်း ပြတ်လပ်နိုင်ခြေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဆက်ချ်ကို ထရန့်က ထိပ်တိုက် ပြောဆိုခဲ့တယ်လို့ ဝါရှင်တန်ပို့စ် သတင်းဌာနက သြဂုတ် ၅ ရက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံတော် သစ္စာဖောက်မှုဆိုင်ရာ သတင်းပေါက်ကြားစေသူတွေကို လိုက်လံရှာဖွေပြီး နှစ်ရှည် ထောင်ဒဏ် ချမှတ်သွားမှာ ဖြစ်ကြောင်း ထရန့်က ပြောပါတယ်။
ဝါရှင်တန်ပို့စ်ရဲ့ သတင်းဟာလည်း နိုင်ငံတော် သစ္စာဖောက် သတင်းဖော်ပြမှု ဖြစ်တယ်လို့ အမှန်တကယ် ယုံကြည်ကြောင်း ထရန့်က တုံ့ပြန်ထားပါတယ်။
အမေရိကန်မှာ လက်ကျန်ရှိနေတဲ့ ဒုံးကျည် အရေအတွက်ကတော့ ထိပ်တန်း လျှို့ဝှက်ချက် အနေနဲ့ ရှိနေဆဲ ဖြစ်ပါတယ်။
ပိ ဟက်ဆက်ချ် ကာကွယ်ရေး ဝန်ကြီး ဖြစ်လာပြီး နောက်ပိုင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ပင်တဂွန်နဲ့ ပတ်သက်တဲ့ သတင်းတွေကိုသတင်းထောက်တွေ ရယူခွင့်ကို အများကြီး ကန့်သတ်ထားပါတယ်။
အများသိ သတင်းအချက်အလက်တွေကို သုံးပြီး လုံခြုံရေးဆိုင်ရာ တတ်သိ ပညာရှင်များ အဖွဲ့ တစ်ခု ဖြစ်တဲ့ နိုင်ငံတကာလေ့လာရေး ဗျူဟာဆိုင်ရာ စင်တာ (CSIS) က ဖော်ပြရာမှာ အမေရိကန်မှာ Patriot ဒုံးကျည် ၇၅၉ စင်းနဲ့ ၈၂၇ စင်းကြားသာ ကျန်ရှိတော့ပြီး စစ်ပွဲ မစတင်ခင်က ရှိတဲ့ အရေတွက် ၂၃၃၀ ရဲ့ သုံးပုံတစ်ပုံပဲ ကျန်ရှိတော့ကြောင်း ဖော်ပြထားပါတယ်။
အမေရိကန်အနေနဲ့ လေကြောင်း ကာကွယ်ရေးစနစ် ဒုံးကျည် စုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်းကို အသုံးပြုထားပြီး ဖြစ်ကြောင်းလည်း အဲဒီ အဖွဲ့က ခန့်မှန်းထားပါတယ်။
အမေရိကန်ဟာ အီရန် စစ်ပွဲထက် ကျော်လွန်ပြီး လက်နက် လိုအပ်မှုတွေနဲ့ ရင်ဆိုင်နေရတာကြောင့် လက်နက်ခဲယမ်း ဖြည့်ဆည်းပေးနိုင်ရေး အခက်အခဲတွေ ရှိနေပါတယ်။
Ref:BBC

