ဘန်ကောက် ဩဂုတ် ၇

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး နွန်ထဘူရီပြည်နယ်၊ ဘန်ကူရိုင်ခရိုင်က နာမည်ကြီး အထက်တန်းကျောင်းတစ်ကျောင်းမှာ ဒီနေ့ သြဂုတ် ၇ ရက် မနက်ပိုင်းက သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်ကတော့ ကျောင်းသားတစ်ဦးက ကျောင်းအတွင်း သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး ဆရာတစ်ဦး သေဆုံးကာ တခြား ဆရာတစ်ဦးနဲ့ ကျောင်းသား ၃ ဦး စုစုပေါင်း ၄ ဦး ဒဏ်ရာရရှိခဲ့တယ် လို့ ထိုင်းရဲတပ်ဖွဲ့က အတည်ပြုထားပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ သေနတ်ပစ်ခတ်သူဟာ အဲဒီကျောင်းမှာ တက်ရောက်နေတဲ့ ကျောင်းသားတစ်ဦးဖြစ်ပြီး ပစ်ခတ်မှုအပြီးမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ပစ်ခတ်သူအပါအဝင် စုစုပေါင်း လူ ၂ ဦး သေဆုံးခဲ့တာပါ။

ပစ်ခတ်မှုဖြစ်ချိန်မှာ ကျောင်းသားတွေကြား အတော်လေး ထိတ်လန့်သွားခဲ့ပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် ကျောင်းသားတွေကို ကျောင်းအပြင်ဘက်ကို အမြန်ထွက်ခွာစေခဲ့ပြီး အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ လူနာတင်ယာဉ်တွေ ရောက်ရှိလာခဲ့ပါတယ်။

အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေ ဖြန့်ဝေခဲ့တဲ့ ဓာတ်ပုံတွေထဲမှာလည်း ကျောင်းသားတွေ ကျောင်းဝင်းထဲကနေ အလျင်အမြန် ထွက်လာတာ၊ ဒဏ်ရာရသူတွေကို လူနာတင်ယာဉ်ပေါ် တင်ဆောင်နေတာတွေကို တွေ့ရပါတယ်။

အစောပိုင်းမှာ ဒေသခံမီဒီယာ Thai PBS က ဒဏ်ရာရသူ ၁၀ ဦးကနေ ၁၅ ဦးအထိ ရှိနိုင်တယ်လို့ ဖော်ပြခဲ့ပေမယ့် နောက်ပိုင်းမှာ ရဲတပ်ဖွဲ့က အတည်ပြုထားတဲ့ စာရင်းအရ ဒဏ်ရာရသူ ၄ ဦးဖြစ်ပါတယ်။

အဲဒီ ကျောင်းဟာ ဘန်ကောက်မြို့ရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ Debsirin Nonthaburi School ဖြစ်ပြီး ၂၀၂၅ ပညာသင်နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃,၁၀၀ ခန့်နဲ့ ဆရာ၊ ဆရာမ ၁၄၇ ဦးရှိခဲ့တယ်လို့ ခရိုင်အာဏာပိုင်တွေက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ သေနတ်ပိုင်ဆိုင်မှုနှုန်းကလည်း ဒေသတွင်းမှာ အတော်လေးမြင့်မားပါတယ်။ နိုင်ငံတစ်ဝန်းမှာ သေနတ်အလက်ရေ ၁၀ သန်းခန့် ရှိနိုင်တယ်လို့ ခန့်မှန်းထားပြီး လူ ၇ ဦးမှာ သေနတ်တစ်လက်နှုန်းနီးပါး ပိုင်ဆိုင်ထားတဲ့သဘော ဖြစ်ပါတယ်။

သေနတ်ဥပဒေတွေ ပိုမိုတင်းကျပ်ဖို့ အစိုးရဘက်က အကြိမ်ကြိမ် ကတိပြုခဲ့ပေမယ့် ထိုင်းနိုင်ငံမှာ သေနတ်နဲ့ ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း ထိုင်းနိုင်ငံတောင်ပိုင်းက ကျောင်းတစ်ကျောင်းမှာ ဆယ်ကျော်သက်တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီး ကျောင်းအုပ်ကြီး သေဆုံးကာ ကျောင်းသား ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.