ဆာနား၊ သြဂုတ် ၈

ယီမင် စစ်တပ်က ဟူသီအဖွဲ့ရဲ့ စစ်ရေး တည်နေရာတွေ၊ စစ်ဖက်ဆိုင်ရာ စွမ်းပကားရှိတဲ့ နေရာတွေကို တိုက်ခိုက်ရေး စစ်ဆင်ရေးတွေ ပြုလုပ်သွားမှာ ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

စစ်ဖက်ဆိုင်ရာနဲ့ အရပ်သား ထိခိုက် သေဆုံးမှုတွေ ဖြစ်ပွားခဲ့တဲ့ မာရစ်နဲ့ ဟတ်ရာမွတ် ဒေသတွေကို ဟူသီအဖွဲ့က အကြိမ်ကြိမ် တိုက်ခဲ့ပြီးနောက် ယီမင် စစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မာဂျစ် အယ်လ် နူဇာလီက အခုလိုမျိုး ပြောဆိုလာတာပါ။

မိမိတို့ စစ်တပ် တပ်ဖွဲ့တွေ အားလုံးက စုပေါင်း တိုက်ခိုက်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပြီး မျက်နှာစာ တစ်ခု တိုက်ခိုက်ခံရတာကို မျက်နှာစာအားလုံး တိုက်ခိုက်ခံရမှု အဖြစ် မှတ်ယူသွားမှာ ဖြစ်ကြောင်း ဗိုလ်မှူး မာဂျစ်က ပြောထားတာပါ။

ဟူသီအဖွဲ့နဲ့ သူတို့ကို ထောက်ပံ့နေသူတွေအနေနဲ့ တင်းမာမှု အရှိန်မြင့်တက်အောင် လုပ်ဆောင်နေပြီး မိမိတို့ရဲ့ နိုင်ငံရေးနဲ့ စစ်ရေး ခေါင်းဆောင်ပိုင်းရဲ့ ညွှန်ကြားချက်များနဲ့ အညီ တိကျပြတ်သားတဲ့ စစ်ရေး အစီအစဉ်တွေ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းလည်း သူက ပြောပါတယ်။

ယီမင်လူထု ကြုံတွေ့ခံစားနေရတဲ့ ဒုက္ခတွေ သက်သာစေရေး အစိုးရ အဖွဲ့အစည်းတွေ ပြန်လည် လည်ပတ်နိုင်ရေး အစိုးရရဲ့ ကြိုးပမ်းမှုတွေနဲ့ စစ်တပ်ကို ယီမင် နိုင်ငံသားတွေနဲ့ တိုင်းရင်းသား အသိုင်းအဝိုင်းက ထောက်ခံ ကူညီပေးကြဖို့လည်း ပြောရေးဆိုခွင့်ရှိသူက တိုက်တွန်းပါတယ်။

မာရစ်နဲ့ ဟတ်ရာမွတ် ဒေသတွေကို ဟူသီအဖွဲ့က ပဲ့ထိန်း ဒုံးကျည်တွေ၊ ဒရုန်းတွေအသုံးပြုပြီး အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီးနောက် အခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဟူသီ အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေအတွင်း အရပ်ဖက် နေထိုင်ရာ ဒေသတွေနဲ့ စစ်ရှောင် စခန်းတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ရေနံ ကြွယ်ဝတဲ့ မာရစ်ဒေသကို ဟူသီ လက်နက်ကိုင်တွေက တိုက်ခိုက်မှုကြောင့် သြဂုတ် ၇ ရက်မှာ အရပ်သား ၁၀ဦးအထိ သေဆုံးခဲ့ရပါတယ်။

နိုင်ငံ့ နယ်မြေ အများအပြား သိမ်းထားတဲ့ ဟူသီ အဖွဲ့နဲ့ ဆော်ဒီအာရေးဗီးယား ထောက်ခံတဲ့ နိုင်ငံတကာ အသိအမှတ်ပြု အစိုးရကြား ၂၀၂၂ ခုနှစ်မှာ အပစ်အခတ် ရပ်စဲထားပေမယ့် နောက်ပိုင်း တိုက်ခိုက်မှုတွေကြောင့် အာရေးဗျ ကျွန်းဆွယ်ရဲ့ အဆင်းရဲဆုံး နိုင်ငံမှာ တိုက်ပွဲတွေ ပိုမိုကြီးထွားလာနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။

မာရစ် ဒေသကို ဟူသီ လက်နက်ကိုင်တွေရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦး သေဆုံးတဲ့အပြင် ထိခိုက် ဒဏ်ရာရသူတွေလည်း အများအပြားရှိကြောင်း ဒေသဆိုင်ရာ အရာရှိတွေက ပြောပါတယ်။

ရန်သူ ဆော်ဒီ အင်အားစုတွေက ဆက်လက် ရန်စနေပြီး သူတို့ရဲ့ လက်နက်ကိုင် တပ်တွေနဲ့အတူ လက်နက်တိုက်တွေကိုပါ တိုက်ခိုက်ခဲ့တယ်လို့ ဟူသီ အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ယာယာဆာရီက ပြောပါတယ်။

ဟူသီ အဖွဲ့ဟာ အီရန် စစ်ပွဲအတွင်း ပါဝင်နေပြီး အီရန်ရဲ့ ညွှန်ကြားမှုကြောင့် ပင်လယ်နီ သင်္ဘော လမ်းကြောင်းကို ပိတ်ဆို့ရေး ကြိုးပမ်းနေပါတယ်။
Ref:Reuters/ Timeskuwait

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.