မော်လမြိုင်၊ သြဂုတ် ၈

တော်လှန်ရေးကာလ ရှည်ကြာလာတာနဲ့အမျှ လူထုရဲ့ ပင်ပန်းမှုတွေ တရိပ်ရိပ် မြင့်မားလာတာကို လျစ်လျူမရှုဖို့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ယာယီ သမ္မတ ဒူဝါလရှီးလက သတိပေးပြောကြားလိုက်ပါတယ်။

ဒီကနေ့ သြဂုတ် ၈ ရက်နေ့မှာ ကျရောက်တဲ့ ၃၈ နှစ်မြောက် ရှစ်လေးလုံးလူထုအရေးတော်ပုံ အခမ်းအနားမှာ NUG ယာယီ သမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့ပါတယ်။

NUG ယာယီက ၁၉၈၈ ခုနှစ်တုန်းက မပြီးပြတ်ခဲ့တဲ့ သမိုင်းပေးတာဝန်တွေကို ဆက်လက် ထမ်းဆောင်ရမှာ ဖြစ်သလို အတိတ်သမိုင်းက ဖြတ်သန်းခဲ့တဲ့ စံနမူနာကောင်းတွေကို အတုယူနိုင်ဖို့ လိုတယ်လို့ ပြောပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းနိုင်ရေး လူထုတော်လှန်ရေးမှာ လူထုအထိမနာစေမယ့် တော်လှန်ရေးနည်းနာတွေကို ရွေးချယ်ပြီး၊ စိန်ခေါ်မှုတွေ ကြားထဲက ကြိုးစားကြဖို့ တိုက်တွန်းခဲ့ပါတယ်။

၁၉၈၈ နဲ့ ၂၀၂၁ အခင်းအကျင်းကို ယှဉ်စပ်ပြီး တဆင့်ပြီးတစ်ဆင့် ကျယ်ပြန့် မြင့်မားတဲ့ လူ့အဖွဲ့အစည်းဖြစ်လာအောင် ကြံဆောင် ကြိုးစားကြဖို့နဲ့ မပြီးပြတ်သေးတဲ့ တော်လှန်ရေးတာဝန်တွေနဲ့ တည်ဆောက် ရေးတာဝန်တွေကို မျိုးဆက်အလိုက် တစ်ဆင့်ချင်းစီ လက်ဆင့်ကမ်း ထမ်းရွက်ကြဖို့ NUG ယာယီ သမ္မတ တိုက်တွန်းခဲ့ပါတယ်။

ဒီကနေ့မှာ ကျရောက်တဲ့ ၃၈ နှစ်မြောက် ရှစ်လေးလုံး အထိမ်းအမှတ်လှုပ်ရှားမှုတွေကိုတော့ ပြည်တွင်းပြည်ပရှိ ၈၈ မျိုးဆက်တွေ၊ နိုင်ငံရေးနဲ့ တော်လှန်ရေးအင်အားစုတွေ၊ သပိတ်အင်အားစုတွေအပြင် နိုင်ငံတကာသံရုံးတချို့မှာပါ ကျင်းပပြုလုပ်ခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.