နေပြည်တော် ဩဂုတ် ၈

စစ်မှုထမ်း တာဝန်ထမ်းဆောင်ပြီးသူတွေအနက် ၈ ဦးကို အလုပ်အကိုင်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ စစ်တပ် အသွင်းပြောင်း အစိုးရ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်သန်းက ပြောပါတယ်။

မနေ့ သြဂုတ် ၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်သူ့စစ်မှုထမ်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေးအတွက် ပြည်တွင်းအလုပ်အကိုင် ခန့်အပ်ပေးနိုင်ရေး လုပ်ငန်းကော်မတီ အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။

ဦးမောင်မောင်သန်းက စစ်မှုထမ်း တာဝန်ထမ်းဆောင်ပြီးသူတွေအနက် နိုင်ငံ့ဝန်ထမ်းလုပ်ကိုင်လိုသူ သုံးဦး၊ ပုဂ္ဂလိကလုပ်ငန်း လုပ်ကိုင်လိုသူ ငါးဦးတို့ကို အလုပ်အကိုင်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်မှုထမ်း တာဝန်ထမ်းဆောင်ပြီးသူတွေကို ပညာအရည်အချင်း၊ ကျွမ်းကျင်မှုတွေ၊ လုပ်ငန်းအတွေ့အကြုံတွေအရ သင့်လျော်တဲ့ အလုပ်အကိုင် ရရှိစေရေး ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ပြောဆိုထားပါတယ်။

စစ်တပ် အသွင်းပြောင်း အစိုးရကတော့ စစ်မှုထမ်း တာဝန်ထမ်းဆောင်ပြီးသူတွေ အစိုးရဝန်ထမ်းအပါအဝင် ပြည်တွင်းပြည်ပကုမ္ပဏီ ဝန်ထမ်းအဖြစ် လုပ်ကိုင်နိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အေဂျင်စီတို့နဲ့ ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ပြည်သူ့စစ်မှုထမ်း ဥပဒေ အသက်သွင်းပြီးနောက် အပတ်စဉ် ၂၇ အထိ သင်တန်းဖွင့်လှစ်ထားပြီး စစ်မှုထမ်း တပ်သား ၁၄၀,၀၀၀ စစ်သား စုဆောင်းထားပါတယ်။

အဲဒီထဲက စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၃ အထိ စစ်မှုထမ်း တာဝန်ထမ်းဆောင်ပြီးသူတွေကို စစ်မှုထမ်းဆောင်ပြီးမြောက်ကြောင်း လက်မှတ်တွေ ထိုးပေးပြီး အလုပ်အကိုင် ရရှိရေး ကူညီပေးနေတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.