ဖာပွန်၊ ဩဂုတ် ၉
ကရင်ပြည်နယ် ဖာပွန်မြို့နယ် KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်းမှာ အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် တစ်ဦးအပါအဝင် နှစ်ဦး သေဆုံးတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော်တွေထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၆ ည ၁၁ နာရီခွဲ အချိန်ခန့်မှာ ထော်မဲထာကျေးရွာကို စစ်တပ်က Y-12 လေယာဉ်နဲ့ ဗုံးသီး အလုံး ၂၀ အပြင် ဂျက်ဖိုက်တာနဲ့လည်း ဗုံး ၂ လုံး ကြဲချခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်တာ မရှိဘဲ ညဘက် လူတွေအိပ်မောကျချိန်ကို အခွင့်ကောင်းယူတာ ဗုံးကြဲသွားတာကြောင့် သေဆုံးခဲ့ရသူတွေဟာ နေအိမ်တွေမှာ အိပ်နေချိန် ဗုံးထိမှန်သေဆုံးခဲ့ကြတာ ဖြစ်တယ်လို့ PDF ရဲဘော်တစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်
ဗုံးထိမှန်တာကြောင့် အသက် ၃၉ နှစ်အရွယ် နော်မာအေးနဲ့ အိမ်နီးချင်းနေ အသက် ၆ နှစ်အရွယ် စောခေါဝါးထူးတို့ နေရာမှာတင် သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ပြည်သူ့ နေအိမ် ၅ လုံးလည်းပျက်စီးခဲ့ရပြီး ရွာခံပြည်သူတွေဟာ ကြောက်လန့်ပြီးဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။
ဩဂုတ် ၅ ရက်နေ့ကလည်း ဖာပွန်မြို့နယ် ဘောသို့ထကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။
စစ်တပ်က ဖာပွန်ခရိုင်အတွင်းရှိ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကို မကြာခဏ ပြုလုပ်နေလို့ ဒေသခံတွေ ထိခိုက်သေဆုံးမှုနဲ့ စာသင်ကျောင်း၊ နေအိမ်၊ ဘာသာရေးအဆောက်အအုံ ပျက်စီးမှုတွေ ပိုမို များပြားလာနေတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

