မော်လမြိုင်၊ ဩဂုတ် ၉
မွန်ပြည်နယ် သထုံခရိုင်အတွင်းက မြို့နယ်တွေမှာ စစ်မှုထမ်းအသက်အရွယ်အကျုံးဝင်သူ Non-CDM ဝန်ထမ်းတွေကို ပေါ်တာဆွဲဖမ်းဆီးဖို့ အထွေထွေအုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ထားတယ်လို့ ခရိုင် ထွေအုပ်နဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။
စစ်မှုထမ်း လိုအပ်ချက်မြင့်နေတဲ့ သထုံခရိုင်အတွင်းက မြို့နယ်တွေမှာ ပေါ်တာဆွဲဖမ်းဆီးရမိလာပါက ဝန်ထမ်းဖြစ်နေပါစေ ပြန်မလွှတ်ဘဲ စစ်သင်တန်းပို့ဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
ဩဂုတ် ၇ ရက်နေ့က သထုံ စက်မှုလယ်ယာ ဝန်ထမ်း ၂ ဦးကို စစ်သားနဲ့ ပျူစောထီးတွေက ဖမ်းဆီးသွားတာကြောင့် သက်ဆိုင်ရာလူကြီးတွေက လိုက်ပါ ဖြေရှင်းပေးပေမယ့် မြို့နယ်အုပ်ချုပ်ရေးမှူး အမိန့်ရမှာသာ ပြန်လွှတ်ပေးမှာဖြစ်ကြောင်းနဲ့ ထွေအုပ်ကိုယ်တိုင်ကလည်း ဝန်ထမ်းလည်း ဖမ်းဖို့ အမိန့်ပေးထားကြောင်း သထုံခရိုင်ထွေအုပ်နဲ့နီးစပ်သူ တစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ဝန်ထမ်း ၂ ဦးဟာ အသက် ၄၀ ကျော် အရွယ်တွေဖြစ်ပြီး စစ်မှုထမ်းအသက်ကျော်လွန်နေတာကို သက်သေအထောက်အထားနဲ့ပြမှ ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။
သထုံမှာ စစ်မှုထမ်းပေါ်တာဆွဲခံရပါက ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးစိုးတို့ထံ ငွေကျပ်သိန်းရာချီ လာဘ်ထိုးမှ ပြန်လွှတ်ပေးလေ့ရှိပြီး ငွေမပေးနိုင်ပါက မော်လမြိုင် မုပွန်ရှိ စစ်သားစုဆောင်းရေးတပ်ကို နေ့ချင်းပို့ဆောင်ခိုင်းထားတယ်လို့ သိရပါတယ်။
မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ခရိုင်အုပ်ချုပ်ရေးမှူးတို့ဟာ အာဏာပါဝါပြလွန်းပြီး တခြားမြို့နယ်၊ ခရိုင်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့လည်း မတည့်သူဖြစ်တာကြောင့် ဌာနဆိုင်ရာ ဝန်ထမ်းအကြီးအကဲတွေ သူ့ထံ အောက်ကျို့လာအောင်လို့ အခုလို အမိန့်ပေးထားတာလို့ သိရပါတယ်။
မွန်ပြည်နယ်အတွင်းက မြို့နယ်တွေအနက် သထုံခရိုင်အတွင်းက မြို့နယ်တွေမှာစစ်တပ်နဲ့ပျုအဖွဲ့တွေက မြို့နယ်၊ ခရိုင်ထွေအုပ် အမိန့်နဲ့ စစ်မှုထမ်းအကြောင်းပြ ပေါ်တာဆွဲတာကို အများဆုံးပြုလုပ်နေကြပြီး လူပိုပါက တခြားမြို့နယ်တွေထံ လူတစ်ဦး ကျပ်သိန်း ၂၀၀ နဲ့ရောင်းချနေတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

