မော်လမြိုင်၊ ဇူလိုင် ၂၅
မွန်ပြည်နယ် မော်လမြိုင်မြို့ စက်မှုဇုန်ရပ်ရှိ “ပြည်စိုးမိုး” စက်သုံးဆီအရောင်းဆိုင်ကို တရားမဝင် စက်သုံးဆီ ရောင်းချမှုနဲ့ ဆိုင်ပိတ်အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ပြည်စိုးမိုး” စက်သုံးဆီအရောင်းဆိုင်ကို ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့မှာ ဆိုင်ပိတ်အရေးယူခဲ့တာ ဖြစ်ပြီး ဆိုင်ပိုင်ရှင်ကိုလည်း စက်မှုဇုန်နယ်မြေရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။
စက်မှုဇုန်ဒေသရှိ “ပြည်စိုးမိုး” စက်သုံးဆီအရောင်းဆိုင် အပိတ်ခံထားရတဲ့ ဒေသခံတွေ စက်သုံးဆီ ရရှိရေးအတွက် အခက်ကြုံနေရပြီး ဆီပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။
“ပြည်စိုးမိုး” စက်သုံးဆီအရောင်းဆိုင် အပိတ်ခံရတာဟာ မြဝတီမြို့သို့ ၂၀ လီတာ စက်သုံးဆီ ၆၈ ပုံး ရောင်းချမှုကြောင့် ဆိုင်ပိတ်ခံထားရတာလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ့က မော်လမြိုင်မြို့ ညောင်ပင်ဆိပ်ရပ်ကွက် မော်လမြိုင် – ဘားအံလမ်းပိုင်းမှာ ရဲတပ်ဖွဲ့ပူးပေါင်းအဖွဲ့က စက်သုံးဆီ သယ်ဆောင်လာတဲ့ မော်တော်ယာဉ်တစ်စီးကို ဖမ်းဆီးစစ်ဆေးခဲ့တာပါ။
အဲလို ဖမ်းဆီးစဉ် “ပြည်စိုးမိုး” စက်သုံးဆီအရောင်းဆိုင်ကနေ ဝယ်ယူလာတဲ့ ၂၀ လီတာ စက်သုံးဆီ ၆၈ ပုံး တွေ့ရှိခဲ့ပြီး ဒီဆီတွေဟာ ကရင်ပြည်နယ် သာမညကျေးရွာမှတဆင့် မြဝတီမြို့သို့ ရောင်းချဖို့ ဝယ်ယူခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဖြစ်စဉ်အတွင်း လောင်စာဆီတွေကို အထောက်အထား တစ်စုံတစ်ရာမပါရှိဘဲ သယ်ဆောင်သူ မြဝတီမြို့နေ ယာဉ်မောင်း ကိုရန်နိုင်ဦးကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ ၃၇ နဲ့ စက်မှုဇုန်နယ်မြေရဲစခန်းမှာ ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်နေ့ကလည်း မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာရှိ “ထက်” စက်သုံးဆီအရောင်းဆိုင်ကို တရားမဝင် စက်သုံးဆီ ရောင်းချမှုနဲ့ စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့က ဆိုင်ပိတ်အရေးယူထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

