တနင်္သာရီမှာ စစ်ကြောင်းက လူသားဒိုင်း ဖမ်းဆီးမှု ပိုလုပ်လာ

တနင်္သာရီ၊ ဇူလိုင် ၂၅

တနင်္သာရီတိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်း စစ်တပ်ဟာ ဒေသခံတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးအသုံးချနေမှု ဆက်တိုက်ကျူးလွန်နေတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE 5 Thanintahryi ထံကနေ သိရပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ ကျေးရွာတွေကို စစ်ကြောင်းထိုးချိန် လမ်းမှာတွေ့တဲ့ အရပ်သားပြည်သူတွေနဲ့ စစ်ဘေးရှောင်တွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး စစ်ကြောင်းထိုးရာ လမ်းကြောင်းတစ်လျှောက် ဖမ်းဆီးခေါ်ဆောင်နေတာပါ။

စစ်တပ်စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့ကလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရတဲ့ ထားဝယ်ခရိုင်အတွင်း ပညာရေးနဲ့စစ်ရှောင်အရေး ကူညီဆောင်ရွက်နေတဲ့ The Ants – Tanintharyi အဖွဲ့ခေါင်းဆောင် သုံးဦးကို ညှင်းပန်နှိပ်စက်ပြီး သတ်ဖြတ်သွားတာ ဖြစ်ပါတယ်။

အထူးသဖြင့် အာဏာသိမ်း စစ်တပ်ဟာ ထားဝယ်အထူးစီးပွားရေးဇုန် အပါအဝင် စစ်အုပ်စုရဲ့ စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့အတွက် နယ်မြေစိုးမိုးရေး ဆောင်ရွက်စဉ် ဒေသခံတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီး အသုံးချမှု ပိုမို ပြုလုပ်လာပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ တနင်္သာရီတိုင်းအတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့တိုးပါက အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေတွေအထိ ဖြစ်လာပြီး မလုံခြုံမှု ပိုမိုမြင့်တက်လာတယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ဇွန်လကစလို့ တိုက်ပွဲဖြစ်ပွားမှု လျော့ကျသွားပေမယ့် စစ်တပ်ရဲ့ စစ်ကြောင်းထိုးမှု၊ အရပ်သားတွေကို ဖမ်းဆီးမှု၊ နေအိမ်မီးရှို့ဖျက်ဆီးမှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေ ဆက်ရှိနေတာပါ။

ပြီးခဲ့တဲ့ ဇွန်လအတွင်း တနင်္သာရီတိုင်းမှာ စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုးမှုနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ၈၅၀၀၀ ကျော်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.