မြဝတီ၊ ဇူလိုင် ၁၁
ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီမြို့နယ် မင်းလက်ပံနဲ့ ဖလူးဒေသတွေကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် စစ်တပ်က မြေပြင်ဝေဟင် တိုက်ခိုက်မှုတွေ အပြင်းအထန် လုပ်ဆောင်နေတယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မင်းလက်ပံနဲ့ ဖလူးဒေသ သိမ်းပိုက်နိုင်ရေးအတွက် ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့ကစလို့ အာဏာသိမ်း စစ်တပ်က ဗိုလ်ဘိဦးဆောင်တဲ့ ခွဲထွက် DKBA တပ်ဖွဲ့၊ ကရင်နယ်ခြားစောင့်တပ် BGF အမှတ် ၄ တပ်နယ်လက်အောက်ခံ တပ်ဖွဲ့တို့ပူးပေါင်းပြီး KNLA တပ်မဟာ ၆ တော်လှန်ရေးအင်အားစုတို့ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေခဲ့တာပါ။
ဇူလိုင် ၉ ရက်နေ့ညပိုင်းနဲ့ ဇူလိုင် ၁၀ ရက်နေ့တို့မှာ စစ်တပ်က ဖလူး၊ မင်းလက်ပံဒေသထဲကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အပြင်းအထန်လုပ်ဆောင်နေခဲ့ပြီး နှစ်ဖက်တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
စစ်တပ်က အင်အားသုံးပြီး ထိုးစစ်ဆင်တိုက်ခိုက်နေပေမယ့် တော်လှန်ရေးအင်အားစုတို့ရဲ့ ခုခံတိုက်ခိုက်မှုကြောင့် အာဏာသိမ်း စစ်တပ်ဘက်က ထိခိုက်မှုများပြားခဲ့တဲ့အတွက် လေကြောင်းပစ်ကူသုံးကာ အပြင်းအထန်ထိုးစစ်ဆင်နေတာဖြစ်တယ်လို့ သုံးသပ်တာတွေလည်း ရှိနေပါတယ်။
ဒီရက်ပိုင်း ပြန်လည်ဖြစ်ပွားနေတဲ့ မင်းလက်ပံ ဖလူးဒေသတိုက်ပွဲမှာ စစ်တပ်စစ်ကြောင်းတစ်ကြောင်း ချေမှုန်းတိုက်ခိုက်ခံခဲ့ရပြီး နောက်ပြန်ဆုတ်သွားကာ ထိခိုက်သေဆုံဒဏ်ရာရရှိမှုတွေ အလွန်များပြားနေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။
မြန်မာဘက်က ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ထိုင်းစစ်တပ်က နယ်စပ်ဒေသလုံခြုံရေးတွေ တိုးမြှင့်ချထားပြီး စစ်ကားတွေနဲ့ လှည်လည်သွားလာနေပါတယ်။
စစ်တပ်ဟာ ရက် ၁၀၀ စီမံချက်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးဖိတ်ခေါ်ထားသလို တဖက်မှာလည်း စစ်ရေးထိုးစစ်ဆင်လှုပ်ရှားမှုတွေ ဒေသအနှံ့မှာ လုပ်ဆောင်နေတာကြောင့် KNU နယ်မြေအပါအဝင် ဒေသအများစုမှာ စစ်ရေးတိုက်ပွဲတွေ ဆက်ပြီးပြင်းထန်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်

