ညောင်လေးပင်၊ ဇူလိုင် ၁
ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင်ရဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တပ်ရင်း (၃) ထံ ခမရ ၅၉၆ တပ်ရင်းက တပ်သား တစ်ဦး လက်နက်နဲ့ အလင်းဝင်လာတယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။
ခမရ ၅၉၆ တပ်ရင်းက အသက် ၂၃ နှစ်အရွယ် တပ်သား ပြည့်စုံအောင်ဟာ ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်နေ့မှာ KNU လက်အောက်ခံ KNDO တပ်ရင်း (၃) ထံ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတာပါ။
တပ်သား ပြည့်စုံအောင်ဟာဟာ MA-1 သေနတ် တစ်လက်၊ ကျည်အိမ် ၃ ခု၊ လက်ပစ်ဗုံး ၁ လုံးနဲ့ကျည်ဆံ ၂၀၀ တောင့်တို့ကို ယူဆောင်ပြီး KNDO တပ်ရင်း (၃) ထံ အလင်းဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
လက်နက်နဲ့အတူ အလင်းဝင်ရောက်လာတဲ့ တပ်သားကို KNU ညောင်လေးပင်ခရိုင်က ဆုငွေ ကျပ် ၁၀ သိန်း ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်း စစ်တပ်အတွင်း မိမိဆန္ဒမပါဘဲ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံနေရတဲ့ တပ်သား၊ တပ်ဖွဲ့ဝင်တွေအနေနဲ့ မိမိတို့ရဲ့ အသက်အန္တရာယ်နဲ့ အနာဂတ်ကို ကာကွယ်နိုင်ဖို့ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်ကြဖို့ KNU က တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

