တိုင်ချွန်း၊ ဇွန် ၉

ဇွန် ၉ ရက်မှာ ပြုလုပ်တဲ့ ကမ်းရိုးတန်း စစ်ရေး လေ့ကျင့်မှုအတွင်း ထိုင်ဝမ် စစ်တပ်က ကျူးကျော်လာတဲ့ တရုတ်တပ်ကို တိုက်ခိုက်ဖျက်ဆီးတဲ့ ပုံစံမျိုး လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ ပါတယ်။

ကြိုတင်ပြင်ဆင်ချိန် နည်းပါးလာတဲ့အချိန်မှာ လက်တွေ့ပိုဆန်တဲ့ အနာဂတ် တိုက်ခိုက်မှု ပုံစံမျိုးအဖြစ် ထိုင်ဝမ် စစ်တပ်က ဒုံးကျည်တွေနဲ့ လက်နက်ကြီးတွေ ပစ်ခတ်ပြီး ကမ်းတက်တိုက်ခိုက်မှုကို တားဆီးတဲ့ ပုံစံ လေ့ကျင့်ခဲ့တာ ဖြစ်ပါတယ်။

ဒီမိုကရေစီနည်းနဲ့ ကိုယ်ပိုင်အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို သူတို့ ကိုယ်ပိုင် နယ်မြေအဖြစ် ရှုမြင်ထားတဲ့ တရုတ်က ထိုင်ဝမ်ကို ဘေဂျင်းထိန်းချုပ်မှုအောက် ထားရှိရေး လိုအပ်ရင် အင်အားသုံးမယ်လို့ ပြောထားပြီး စစ်လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေကို ထိုင်ဝမ်ကျွန်း တဝိုက်သို့ နေ့တိုင်းနီးပါး စေလွှတ်နေပါတယ်။

ထိုင်ဝမ်ရေလက်ကြား တစ်ဖက်မှာ တရုတ်နဲ့ တိုက်ရိုက် မျက်နှာချင်းဆိုင်ရှိနေတဲ့ ထိုင်ဝမ် အနောက်ဖက် ကမ်းရိုးတန်းပေါ်မှာ လေ့ကျင့်ခဲ့တဲ့ နေရာဟာ တရုတ် စစ်တပ်က ကျူးကျော် တိုက်ခိုက်လာတဲ့ အခြေအနေမှာ စတင်ဝင်ရောက်လာဖို့ ဖြစ်နိုင်ခြေ အရှိဆုံးနေရာ ဖြစ်ပါတယ်။

ထိုင်ဝမ် အလယ်ပိုင်းရှိ တိုင်ချွန်းမြို့တဝှမ်း ၁၂ မိုင်ရှည်တဲ့ ကမ်းရိုးတန်းပေါ်က နေရာ ၈ နေရာမှာ စစ်ရေး လေ့ကျင့်မှုတွေကို တပြိုင်နက်တည်း နီးပါး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ထိုင်ဝမ် အစိုးရက သူတို့ရဲ့စစ်တပ်ကို ခေတ်မီအောင် လုပ်ဆောင်နေပြီး ရွှေ့ပြောင်း လက်နက် အသစ်တွေ ထပ်မံ အားဖြည့်ထားသလို စစ်သားတွေ အမှန်တကယ် ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း ရင်ဆိုင်ရနိုင်တဲ့ အခြေအနေမျိုး တစ်ပုံစံတည်း လေ့ကျင့်မှုတွေလည်း ပြုလုပ်နေပါတယ်။

လက်နက်ကြီးတပ် တပ်မှူး အွန် ယီမင်းက စစ်ရေးလေ့ကျင့်မှုတွေဟာ ကြိုတင် လေ့ကျင့်မှု ပုံစံမျိုး မဟုတ်တော့ဘဲ အမှန်တကယ် တိုက်ပွဲဝင်တဲ့ ပုံစံ ဖြစ်လာပြီလို့ သတင်းထောက်တွေကို ပြောပါတယ်။

အဲဒီ စစ်ရေးလေ့ကျင့်မှုအတွင်း ပြည်တွင်းထုတ် ကားတင် Thunderbolt-2000 ဒုံးကျည် စနစ်တွေ၊ အမေရိကန်ထုတ် Paladin ဟောင်ဝစ်ဇာ အမြောက်တွေ၊ သံချပ်ကာကားဖျက် ဒုံးကျည်တွေ မော်တာ သေနတ်ကြီးတွေ အသုံးပြုခဲ့ပြီး ကမ်းတက် တိုက်ခိုက်လာသူတွေကို တားဆီးရေး သတ်ကွင်းဇုန် ဖန်တီးသလို လေ့ကျင့်ခဲ့တာ ဖြစ်ပါတယ်။

Thunderbolt-2000 ဒုံးကျည် စနစ်တွေနဲ့ လက်တွေ့ ပစ်ခတ် လေ့ကျင့်တာဟာ ၇ နှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ထိုင်ဝမ် စစ်တပ်က ပြောပါတယ်။

ဒီဒုံးကျည် စနစ်ဟာ တာဝေးနှိမ်နှင်းရေး အားကောင်းပြီး ရွေ့လျားနိုင်မှု မြင့်မားတဲ့ စနစ် ဖြစ်ပါတယ်။

ဘေဂျင်းက သူတို့အပေါ် အချုပ်အခြာ အာဏာပိုင်တယ်ဆိုတဲ့ ပြောဆိုမှုကို ထိုင်ဝမ် အစိုးရက ပယ်ချထားပြီး ထိုင်ဝမ် အနာဂတ်ကို ထိုင်ဝမ် ပြည်သူတွေကပဲ ဆုံးဖြတ်မှာ ဖြစ်တယ်လို့ ပြောထားပါတယ်။

အခုလို စစ်ရေးလေ့ကျင့်မှုနဲ့ ပတ်သက်လို့ မှတ်ချက်ပြုပေးဖို့ တရုတ်ရဲ့ ထိုင်ဝမ်ရေးရာဌာနကို ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်မှု မရှိဘူးလို့ ရိုက်တာ သတင်းဌာနက ပြောပါတယ်။

တရုတ်က ထိုင်ဝမ် သမ္မတ လိုင်ချင်းတီနဲ့ ပြောဆိုဆွေးနွေးဖို့ ငြင်းဆိုထားပြီး သူဟာ ခွဲထားရေးသမား ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

Ref: REUTERS

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.